Home သတင်း ပြည်သူများ ထားဝယ်ရိုးရာသပိတ်မျှောပွဲ မသွားကြရန် ထားဝယ်-ပကဖ အဖွဲ့ မေတ္တာရပ်ခံ

ပြည်သူများ ထားဝယ်ရိုးရာသပိတ်မျှောပွဲ မသွားကြရန် ထားဝယ်-ပကဖ အဖွဲ့ မေတ္တာရပ်ခံ

1247

အောက်တိုဘာ ၄ရက်၊ ၂၀၂၂ခုနှစ်၊၊ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် လာမည့် အောက်တိုဘာလ ၉ရက်နေ့ တိုင်းဒေသစစ်ကောင်စီက ကျင်းပ မည့် ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်ကို မသွားကြရန် ထားဝယ်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ထားဝယ်-ပကဖ)က အောက်တိုဘာလ (၂)ရက်၊ ယမန်နေ့တွင် အသိပေးချက် ထုတ်ပြန်ထားသည်၊၊

ထားဝယ်မြို့နယ် တလိုင်းမရပ်ကွက်၊ ဆိပ်ကမ်းသာ ကမ်းနားလမ်းရှိ မြစ်ကမ်းတွင် စစ်ကောင်စီမှ ဦးဆောင်ပြီး သပိတ် မျှောပွဲကို ကျင်းပသွားမည်ဖြစ်ပြီး စစ်ကောင်စီဘက်မှ ဘာသာရေးကို ခုတုံးလုပ်၍ အာရုံပြောင်းရန်နှင့် PDF ပုံဖျက်၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နိုင်သောကြောင့် ပြည်သူများ ပါဝင်ဆင်နွှဲခြင်း မပြုရန် ထားဝယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံတစ်ဦး ယခုလို ပြောသည်။

ထားဝယ်-ပကဖ ပြန်ကြားရေးတာဝန်ခံက “စစ်ကောင်စီက ဘာသာရေးကို ခုတုံးလုပ်ပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်း နေပါပြီးဆိုတဲ့ ဝါဒဖြန့်မှာမို့ ပျော်ပွဲရွှင်ပွဲကို မသွားကြဖို့ တိုက်တွန်းတာပါခင်ဗျာ။”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါထုတ်ပြန်ချက်တွင် ထားဝယ်ဒေသရှိ မိဘပြည်သူများအနေဖြင့် တစ်နိုင်ငံလုံးရှိ ပြည်သူများ၏ ဝမ်းနည်းပူဆွေးမှု များအား အလေးထားသောအားဖြင့် သီတင်းကျွတ်ချိန်ကာလအတွင်း စစ်ကောင်စီမှ စီစဉ်ကျင်းပသော ထားဝယ်ရိုးရာ သပိတ်မျှောပွဲနှင့် အခြားပွဲလမ်းသဘင်များအား ပါဝင်ဆင်နွှဲခြင်း မပြုပါရန်၊ ထိုကာလအတွင်း စစ်ကောင်စီတပ်သားများ နှင့် ကင်းဝေးရာနေရာတွင်သာ နေပေးကြပါရန် တိုက်တွန်း နှိုးဆော် ပန်ကြားအပ်ပါသည်ဟု ဖော်ပြထားသည်။

ထို့အပြင် ပွဲတော်ကျင်းပမည့် ကမ်းနားလမ်း၊ သဲကွင်းအနီးတဝိုက်ရှိ ရပ်ကွက်များ၌လည်း အောက်တိုဘာလ ၂ရက်နှင့် ၃ရက်နေ့များတွင် နှစ်ရက်ဆက်တိုက် ဧည့်စာရင်းစစ်ဆေးမှုများကို တင်းကြပ်စွာ လုပ်ဆောင်နေကြောင်းနှင့် PDF အသွင်ဖြင့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နိုင်သောကြောင့် ပြည်သူများ ပွဲတော်ကိုမသွားကြရန် မေတ္တာရပ်ခံထား ခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ယခုကျင်းပသွားမည့် ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) အမာခံ များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များသာ အများစု ပါဝင်ဆင်နွဲနိုင်ကြောင်းလည်း ဒေသခံပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့က ခန့်မှန်းနေကြသည်။

ထားဝယ်မြို့တွင် မြို့ပေါ်ရပ်ကွက်များအတွင်း နေ့ရော ညပါ ဖမ်းဆီးစစ်ဆေးမှုများ၊ ဧည့်စာရင်းစစ်ဆေးမှုများနှင့် ဧည့် စာရင်းအကြောင်းပြကာ ဖမ်းဆီးမှုများ နေ့တိုင်းလိုလို လုပ်ဆောင်လျက်ရှိကြောင်း ဒေသတွင်း သတင်းအရင်းအမြစ် များ၏ ပြောဆိုချက်များအရ သိရသည်၊၊