Home ဆောင်းပါး စစ်တပ်တွင်းမှ ညှင်းပန်းနှိပ်စက်မှုများ (သို့မဟုတ်) လူ့အခွင့်အရေးချိုးဖောက်မှုများ

စစ်တပ်တွင်းမှ ညှင်းပန်းနှိပ်စက်မှုများ (သို့မဟုတ်) လူ့အခွင့်အရေးချိုးဖောက်မှုများ

549

စစ်တပ်တွင်းမှ ညှင်းပန်းနှိပ်စက်မှုများ (သို့မဟုတ်) လူ့အခွင့်အရေးချိုးဖောက်မှုများ

စောလောဒူး (အောက်တိုဘာလ ၆ရက်၊ ၂၀၂၂ခုနှစ်)

“မူးလို့ တန်းမစီနိုင်လို့ဆိုပြီး ကျနော့်ကို ဗဟိုကျဉ်းထဲထည့်ပြီးလက်ထိပ်ခတ်ပြီး လေးငါးယောက် ရိုက်တယ်။ ထိုးတယ်။ ကန်တယ်။ အကြာကြီးရိုက်တယ်။ ရိုက်တဲ့အချိန်က သူတို့လည်းမူးနေတာ။”

ဒါဟာ စစ်တပ်ကိုဆန့်ကျင်နေတဲ့ အတိုက်အခံ တက်ကြွလှုပ်ရှားသူတစ်ဉီး ဒါမှမဟုတ် နိုင်ငံရေး သမားတစ်ဦးဖမ်းဆီးခံရတဲ့ PDF(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) တပ်ဖွဲ့ဝင်တစ်ဦး ဒါမှမဟုတ် သတင်းထောက်တစ်ဉီးရဲ့ ပြောကြားထားတာ မဟုတ်ပါဘူး။

ဒါတွေဟာ မကြာသေးမီက ဘက်ပြောင်းခဲ့တဲ့ စစ်ကောင်စီ စစ်သားတပ်သား ဟိန်းစိုးပြောကြားထားတဲ့စကားလုံးတွေဖြစ်ပါတယ်။ စစ်ကောင်စီစစ်တပ်ဟာ ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်တစ်ခုလို့ လူသိများပေမယ့် နိုင်ငံတစ်ဝှမ်း အင်အားချိနဲ့လာပြီး အခြေအနေဆိုး လာတယ်လို့ သတင်းတွေက ဆိုပါတယ်။

၂၀၁၆ ခုနှစ်မှာ သူမြန်မာစစ်တပ်ထဲကိုရောင်းစားခံလိုက်ရတယ်လို့ တပ်သားဟိန်းစိုးက ပြောပြပါ တယ်။

“တပ်ထဲမှာ နေတုန်းက စစ်တပ်ထဲစရောက်ပြီဆိုကတည်းက ဘယ်လိုမှခံစားချက် မရှိဘူး။ အချိန်တိုင်းစိတ်ညစ်နေတာ။ သူတို့က ဖိနှိပ်မှုများတယ်။ လွတ်လပ်မှုမပေးလို့ စိတ်ညစ်တာ။ စားရင် စားပြန်ပြီ။ လုပ်ရင်လုပ်ပြန်ပြီ၊ ကိုင်ရင်ကိုင်ပြန်ပြီဆိုပြီးလိုက်ပြောလို့ စိတ်ညစ်တာ။ ကိုယ်ခွင့် တင်လို့မရတာတွေ၊ ပိုက်ဆံတွေဘဏ်မှာရှိလို့ ထုတ်လို့မရတာတွေ ဒါမျိုးပေါ့။ သူတို့စိတ်ထဲ ကိုယ်စကားပြောတဲ့ပုံစံမကြိုက်ရင် အပျင်းပြေတော့ပါးရိုက်ခံရတာပဲ။ တစ်နေ့ကို အရိုက်မခံရတဲ့ အဆုံး နှစ်ခါသုံးခါလောက်တော့အရိုက်ခံရတယ်။”

ဒီလို အတွေ့အကြုံမျိုးတွေကို သူတို့လည်းကြုံတွေ့ခဲ့ရဖူးတယ်လို့ စစ်သားဟောင်းတွေက ထောက်ခံ အတည်ပြုပြောဆိုကြပါတယ်။ တပ်သားဟိန်းစိုးကြုံတွေ့ခဲ့ရတဲ့ အဆိုးဝါးဆုံး နှိပ်စက်မှုကတော့ အခုနှစ် အစပိုင်းမှာဖြစ်ပါတယ်။ ရှေ့တန်းကနေ ခွင့်နဲ့တပ်ရင်းကို ခွင့်နဲ့ပြန်လာ ပြီးနောက် အရက်မူးနေချိန်ပါ။

“မူးလို့ တန်းမစီနိုင်လို့ဆိုပြီး ကျနော့်ကို ဗဟိုကျဉ်းထဲထည့်ပြီးလက်ထိပ်ခတ်ပြီး လေးငါးယောက်ရိုက်တယ်။ ထိုးတယ်။ ကန်တယ်။ အကြာကြီးရိုက်တယ်။ ရိုက်တဲ့အချိန်က သူတို့လည်းမူးနေတာ။ နောက်တစ်ခါထပ်သောက်ဖို့ အမူးမပြေမချင်းရိုက်တာ။ သူတို့လာတာက ညရှစ်နာရီလောက်လာတယ်။ ကိုးနာရီခွဲ၊ ဆယ်နာရီလောက်ဆိုပြန်သွားတယ်။ သူတို့စိတ်မကြည် သေးရင် သောက်စားပြီးနောက်တစ်ခေါက်ထပ်လာရိုက်တယ်။ အဲဒီရိုက်လို့ ကျနော်ဆို နားကွဲ သွားတယ်။ “လို့ တပ်သားဟိန်းစိုးက ပြောပါတယ်။

စစ်သားတွေမှာလည်း လူ့အခွင့်အရေးရှိပါတယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေက အသက်ရှင်ပိုင်ခွင့်၊ ကျေးကျွန်ပြုခြင်း၊ နှိပ်စက်လူပြုခြင်းနဲ့ လူသားမဆန်တဲ့ ပြုမူဆက်ဆံမှုမှ ကင်းလွတ်ဖို့ မွေးရာပါအခွင့်အရေးအဖြစ် ပြဌာန်းထားပြီး ဒီအခွင့်အရေးတွေကို နိုင်ငံတိုင်းမှာ ကာကွယ်စောင့်ရှောက်ပေးရမှာ ဖြစ်ပါတယ်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု-CDM လုပ်ထားတဲ့ ဗိုလ်ကြီးညီသုတက ဘက်ပြောင်းလာတဲ့ စစ်သားတွေကို ကူညီပေးဖို့အတွက် ပြည်သူ့ရင်ခွင်အဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခဲ့သူပါ။ စစ်တပ် ထဲမှာတော့ စစ်သားအများစုဟာ အခွင့်အရေးတွေငြင်းပယ်ခံနေရတယ်လို့ ဆိုပါတယ်။

“လူ့အခွင့်အရေးချိုးဖောက်မှုက စစ်တပ်ထဲမှာ စရှိကတည်းက တပ်သားတွေကို စစ်တပ်ထဲ ရောက်လာရင် ပြန်ထွက်ခွင့်မပေးဘူး။ တပ်ဖွဲ့ဝင်တွေအပေါ်မှာတောင် အတင်းအကြပ် လုပ်အားတွေသုံးတယ်။ ဘာလို့ လုပ်လဲဆိုတော့ သူတို့မှာ ထွက်ခွင့်မရှိဘူး ။ ထွက်ပြီဆိုရင်ဥပဒေ စစ်မှုထမ်းဥပဒေနဲ့အရေးယူခံရမယ်။ အကျဉ်းသားတွေလိုပါပဲ။ စစ်ဘက်ဥပဒေ အကျဉ်းသားတွေလိုပဲ ဆက်ဆံခံနေရတယ်။”လို့ ပြောပါတယ်။

စစ်တပ်တိုင်းမှာ စည်းကမ်းသေဝပ်ခြင်းက အလွန်အရေးပါလှပြီး စစ်သားတွေဟာ ပဋိပက္ခရဲ့ အနိဌာရုံကို ကြံ့ကြံ့ခိုင်နိုင်ဖို့ ကြမ်းတမ်းတဲ့လေ့ကျင့်ရေးအစီအစဉ်တွေပြုလုပ်ဖို့ လိုအပ်ပါတယ်။

အကြမ်းပတမ်းခံနိုင်မှုနဲ့ ရက်စက်ကြမ်းကြုတ်မှုကြား ကွာဟချက်တစ်ခုရှိတယ်လို့ အမေရိကန်စစ်တပ်မှာ ၂၈ နှစ်ကြာအောင် တာဝန်ထမ်းဆောင်ခဲ့တဲ့ အာရှ-ပစိဖိတ် လုံခြုံရေးလေ့လာမှု ဗဟိုဌာနမှ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ မီမီဝင်းဘတ်က ရှင်းပြပါတယ်။

“အမေရိကန်စစ်တပ်မှာ တော်တော် ခက်ခက် ခဲခဲပင်ပင်ပန်းပန်း ကြမ်းကြမ်းတမ်းတမ်းလုပ်ရတယ်။ ဒါပေမယ့် ရက်စက်ပြီးလူမဆန်တာက လုံး၀မပါဘူး။ ဘာလို့ဆို ကိုယ့်ရဲ့ စစ်သားတွေကို ဒီလိုမျိုး ဆက်ဆံရင် သူတို့စိတ်ထဲမှာလည်း ဒီလိုမျိုးကြမ်းကြမ်းတမ်းတမ်းရက်ရက်စက်စက် ဖြစ်သွားရင် အများကြီးမှားတတ်တာတွေရှိတယ်။” လို့ပြောပါတယ်။

မြန်မာစစ်တပ်ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကို တိုင်းရင်းသားဒေသတွေမှာတော့ ဆယ်စုနှစ်ချီကြာ ထင်ထင်ရှားရှားတွေ့မြင်ကြုံတွေ့ခဲ့ပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်းမှာ ရခိုင်ပြည်နယ် တွင်း ထောင်ပေါင်းများစွာသော ရိုဟင်ဂျာတွေ သတ်ဖြတ်ခံရမှုဖြစ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံကို လူပေါင်း ၇၅၀,၀၀၀ ဝန်းကျင် ထွက်ပြေးစေခဲ့တဲ့ ဖြစ်ရပ်ကလည်း မြန်မာစစ်တပ်ရဲ့ကျူးလွန်မှုတွေကို ပေါ်လွင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက နိုင်ငံတစ်၀ှမ်းမှာရှိတဲ့ ပြည်သူ ပေါင်းများစွာဟာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို မျက်မြင်တွေ့ရှိခဲ့ပြီး ဝန်ခံခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်က ရာပေါင်းများစွာသော ကျေးရွာတွေကို မီးရှို့ခဲ့ပြီး စစ်ရှောင်စခန်းတွေနဲ့ စာသင်ကျောင်းတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ ပါတယ်။ မြန်မာစစ်တပ်ဟာ နေအိမ်ပေါင်း ၂၈,၀၀၀ ခန့်ကို ဖျက်ဆီးခဲ့တယ်လို့ ကုလသမဂ္ဂ ခန့်မှန်းပြီး အရပ်သား ၂,၃၀၀ ထက်မနည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ပြောပါတယ်။

အရပ်သားတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုက စစ်သားများစွာ ဘက်ပြောင်းခဲ့ရတဲ့ အဓိက အကြောင်းရင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ စစ်တပ်အတွင်းမှာ မတရားဖိနှိပ်မှုနဲ့ ဆိုးဝါးသော အခြေအနေတွေ အရင်ကတည်းက ရှိခဲ့တယ်လို့ မကြာသေးမီက ဘက်ပြောင်း လာသူ တွေရဲ့ဖြစ်စဉ်တွေက သက်သေပြနေပါတယ်။ အခုချိန်မှာလည်း ဘက်ပေါင်းစုံက တိုက်ပွဲတွေကို ဆင်နွှဲနေရပြီး ရှေ့တန်းအခြေအနေတွေက တင်းမှာလာကာ စိတ်ဓာတ်ကျဆင်းလာတယ်လို့ သိရပါတယ်။

ဧပြီလအတွင်း ဘုရင့်နောင်ကုန်းပေါ်က တပ်စခန်းတစ်ခုအတွင်း ပိတ်မိနေခဲ့ပြီး ရိက္ခာပြတ်လပ် တာကြုံတွေ့ခဲ့ရတဲ့ တပ်သားဇော်ဝင်းဌေးက အဲဒီချိန်က အခြေအနေကို ယခုလို ပြန်ပြောပြပါတယ်။

“အခုလူအင်အားတွေ ခမ်းခြောက်နေပြီး ပိန်ခြောက်နေပြီ။ ရက်၂၀ မှ ရေတစ်ခါချိုးရတာ နည်းတဲ့ အဆင့်တော့မဟုတ်ဘူး။ ခွေးသာသာလောက်ပဲရှိတယ်။ ခွေးတောင်မှ တစ်ရက်တစ်ခါ ရေချိုးနိုင် တယ်။ သူ့ကိုဘယ်သူမှ ပစ်ဖို့မရှိဘဲ ထမင်းကငတ်ပြတ်နေပြီ။”လို့ ပြောပါတယ်။

မကြာသေးမီက လေးကေကော်ဝန်းကျင်က တိုက်ပွဲတွေမှာ တပ်သား ဟိန်းစိုးက အလားတူ အတွေ့ အကြုံတွေ ကြုံတွေ့ခဲ့ရပြီး ကိုယ့်ကိုယ်ကို သတ်သေချင်စိတ်ပေါက်သော မဟာဗျူဟာတွေကို မကျေမနပ်ပြောဆိုခဲ့ပါတယ်။

“စစ်တပ်ရဲ့အကြောင်းဆိုရင် အရင်ကစစ်တိုက်ရတာ အဲဒီလိုမဟုတ်ဘူး။ လက်နက်ခဲယမ်း လိုက်ပို့မယ့်တပ်က သပ်သပ်၊ ရိက္ခာပို့တဲ့တပ်က သပ်သပ်၊ ထိသွားတဲ့လူနာတို့ ကျသွားတဲ့ ရဲဘော်တို့ကို မြှုပ်မယ့်သူက သပ်သပ်အဲဒီလိုခွဲထားတယ်။ ခုကတော့ ကျနော်တို့ကိုသေတွင်းထဲ သပ်သပ်ပို့တာ။ ကျနော်တို့ကိုတောင်ကြီးအောက်က ချောက်ထဲကို ဆင်းခိုင်းပြီးပြည်သူနဲ့ချခိုင်းတာ ။ ကျနော်တို့က ဆုတ်လမ်းမရှိဘူး။ အဆိုးဆုံးက ရိက္ခာထောက်ပံ့မှုမပြောနဲ့ရေ တောင်၀အောင်မသောက်ရဘူး။”လို့ ပြောပါတယ်။

သူတို့နှစ်ဦးစလုံးက အခုနှစ်အတွင်းမှာ ဘက်ပြောင်းခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့လုပ် ဖော်ကိုင်ဖက်ဟောင်း အများစုက လွတ်မြောက်ဖို့လမ်းမမြင်တဲ့ ခက်ခဲသော အခြေအနေမှာရောက်ရှိနေတယ်လို့ တပ်သား ဟိန်းစိုးက ပြောပါတယ်။

သူက “အကုန်လုံးက ဘယ်သူမှ မတိုက်ချင်တော့ဘူး။ အရှေ့တိုးရင်လည်းသေမှာစိုးတယ်။ နောက် ဆုတ်ရင်လည်းသေမှာစိုးတယ်။ ကိုယ်လွတ်ရုန်းရင်လည်းမိသားစု ထိခိုက်မှာ စိုးတယ်။ အဲဒါတွေအများကြီးပဲ။ ” လို့ ပြောပါတယ်။

မြန်မာစစ်တပ်အတွင်း မတရားဖိနှိပ်မှုနဲ့ပတ်သက်လို့ စစ်တပ်ပြောရေး ဆိုခွင့်ရှိသူကို ဆက်သွယ်ခဲ့ ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

စစ်တပ်အတွင်း စိတ်ဓာတ်ကျဆင်းမှု၊ စွမ်းဆောင်ရည်ညံ့ဖျင်းမှုနဲ့ပတ်သက်လို့ ထိပ်တန်းအရာရှိကြီး တွေက စိုးရိမ်နေကြတယ်ဆိုတာ ဇွန်လအတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပေါက်ကြားလာ ခဲ့တဲ့ မိန့်ခွန်းတစ်ခုအရ ဖော်ပြနေပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်ဖွဲ့တွေရဲ့ ညံ့ဖျင်း သော တိုက်ခိုက်ရေးစွမ်းရည်နဲ့ သတ္တိမရှိမှုနဲ့ပတ်သက်လို့ စစ်ဘက်အရာရှိတွေကို အပြစ်တင်ခဲ့ပြီး ခေါင်း ဆောင်မှုပြဿနာတွေနဲ့ပတ်သက်လို့ ပြောကြားခဲ့ပါတယ်။

ဒီမိန့်ခွန်းအရ တပ်မတော်ရဲ့ ခေါင်းဆောင်မှုပြဿနာတွေ ထိပ်ပိုင်းအဆင့်မှာ စတင်နေပြီဆိုတာ ပြသတာဖြစ်တယ်လို့ ဒေါက်တာ မီမီဝင်းဘတ်က ပြောပါတယ်။

“အဲဒါက Lacking Leadership ။ ခေါင်းဆောင်တစ်ယောက်က အဲဒီလိုမလုပ်ဘူး၊ သူက တာဝန် ခံရမယ့်အစား သူများကိုပြောတာ။ သူ့မှာ leadership Characteristic မရှိဘူး။ အဲ့လို လုပ်ရမယ့် ဟာကိုကောင်းတဲ့အချိန်က သူကအမှတ်ဝင်ယူပြီးတော့ မကောင်းတဲ့အချိန်က သူ့အောက်ကလူတွေ မကောင်းလို့ ပြောတယ်။ အဲ့လိုပြောတဲ့ leader တစ်ယောက်ကိုဘယ်သူမှ အနောက်လည်း မလိုက်ဘူး။ အဲ့ဒါကြောင့်မို့ ထွက်ပြေးတာတွေ အမိန့်မလိုက်နာတွေဖြစ်နေတာက သူ့မှာ Leadership Skill မရှိလို့။ Leadership Characteristic တွေ Quality တွေမရှိဘူး။ ” လို့ ဒေါက်တာ မီမီဝင်းဘတ်က ထောက်ပြပါတယ်။