Home တွေ့ဆုံမေးမြန်းခန်း စစ်ကောင်စီတပ်၏ ဗုံးကြဲခံရသည့် မက္ကသာပရိယတ္တိစာသင်တိုက် ကျောင်းထိုင်ဆရာတော်နှင့် မေးမြန်းချက်

စစ်ကောင်စီတပ်၏ ဗုံးကြဲခံရသည့် မက္ကသာပရိယတ္တိစာသင်တိုက် ကျောင်းထိုင်ဆရာတော်နှင့် မေးမြန်းချက်

550

စစ်ကောင်စီတပ်၏ ဗုံးကြဲခံရသည့် မက္ကသာပရိယတ္တိစာသင်တိုက် ကျောင်းထိုင်ဆရာတော်နှင့် မေးမြန်းချက်

“ဘုရားကို ထိတယ်ဆိုတော့ အသဲနှလုံးကို ထိတာနဲ့ အတူတူပါပဲ။ ဘုန်းကြီးက သာသနာအလုပ်ပဲ လုပ်တာကို ဒီလောက်အထိ လာလုပ်တယ်ဆိုတော့ ဘာဖြစ်လို့လုပ်သလဲ ဆိုတာကို စဉ်းစားနေတာ၊ တွေးနေတာ လက်ကုန်ပဲ” ကျောင်းထိုင်ဆရာတော်ဦးသီရိန္ဒ (မက္ကသာပရိယတ္တိစာသင်တိုက်)

အောက်တိုဘာ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကြားအင်းဆိပ်ကြီးမြို့နယ်၊ ဝင်းရော်ဒေသမှာရှိပြီး သံဃာအပါး ၅၀ ကျော် သီတင်းသုံးနေထိုင်တဲ့ မက္ကသာ ပရိယတ္တိစာသင်တိုက်ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့ နံနက် ၂ နာရီလောက်မှာ စစ်ကောင်စီလေတပ်၏ ဗုံးကြဲတိုက်ခိုက်ခြင်းကို ခံရပါတယ်။ အဲဒီဗုံးကြဲတိုက်ခိုက်ခံရမှုဖြစ်စဉ်၊ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် လတ်တလော ရဟန်းသံဃာတော်တွေရဲ့ အခြေအနေတွေကို ကျောင်းထိုင်ဆရာတော်ဖြစ်တဲ့ ဦးသီရိန္ဒကို လျှောက်ထားမေးမြန်းထားပါတယ်။

မေး- ပထမဦးဆုံးအနေနဲ့ ၆ ရက်နေ့က ဘုန်းကြီးကျောင်း ဗုံးကြဲခံလိုက်ရတဲ့ ဖြစ်စဉ် အသေးစိတ်လေးကို ပြန်မိန့်ကြားပြပါအုံး။
ဖြေ – အဲ့ဒီ ၆ ရက်နေ့ဖြစ်စဉ်မှာ ဗုံးလာမကြဲခင် အောက်တိုဘာလ ၃ ရက်နေ့မှာ လေယာဉ်ပျံလာပြီးဝဲကြတယ်။ ဝဲကြတာ တစ်ခေါက်၊ နှစ်ခေါက် သုံးခေါက်လောက်ရှိတာပေါ့။ ဦးဇင်းကြည့်တာ မသင်္ကာလို့ အဆင်မပြေလို့ ပေါ့နော် ဦးဇင်းက သံဃာအများနဲ့ဆိုတော့ ကိုရင်လေးတွေနဲ့ အများကြီးပဲဆိုတော့ နေရတာ မသင့်တော်ဘူး ဆိုပြီး သုံးဆူကိုပဲ ထွက်ပြေးလာကြတာပေါ့။ အဲ့ဒီရှောင်ပြေးလာတဲ့ ၃ ရက်မြောက် ၅ ရက်နေ့ ညပေါ့၊ နံနက် ၂ နာရီခွဲဝန်းကျင်မှာ ပထမဦးဆုံး ဗုံးကြဲတာပေါ့။ ပထမအလုံး ဒုတိယအလုံးပြီးမှ အဲ့ဒီ ရုံးဘက်ခြမ်းကို ပြန်ကြဲတဲ့ သဘောပေါ့။ ပြီးတော့ ကျောင်းမှာ ကျန်ရစ်ခဲ့တဲ့ ဦးဇင်းတစ်ပါးရှိတယ်။ ဆွမ်းစားကျောင်းမှာတစ်ပါး၊ အပေါ်မှာ ဦးဇင်းကြီး တစ်ပါး။ ညညဆို ကျောင်းဒကာ ၂ယောက် သွားသွားအိပ်ကြတယ်။ သူတို့အိပ်တာက အပေါ်မှာမ ဟုတ်ဘူး။ အောက်မှာဆိုတော့ ၂ နာရီကျော်လောက်မှာ ပထမအလုံးကျတာနဲ့ သူတို့ ထွက်ပြေးတာပေါ့။ ဒကာက ထွက်ပြေးလာတယ်။ ဒကာကတခြမ်း ဦးဇင်းကြီးကတခြား အခြမ်းဘက်မှ ထွက်ပြေးတာလာ သူက နည်းနည်း နောက်ကျတာပေါ့။ နည်းနည်းနောက်ကျတော့ သူ့ခေါင်းထိပ်မှာ နည်းနည်း ရှထိသွားတာပေါ့။ ရှထိတာနဲ့ သူလည်း တောင်ပေါ်မှာပဲ ထွက်ပြေးရတာပေါ့။ ဦးဇင်းတို့ ကံကောင်းတယ်လို့ပဲ ပြောရမယ်။ မဟုတ်ရင် ကိုရင်လေးတွေ အများကြီး ထိခိုက်သွားမှာ၊ တော်တော်လေးကို စိတ်မကောင်းဘူး။ ငယ်ငယ်ကတည်းက အခု အသက် ၃၈ နှစ်အထိ ဒီလို အဖြစ်အပျက် ဆိုးဆိုးဝါးဝါးကို တစ်ခါမှ မကြုံတွေ့ဖူးဘူး။

မေး- ခုနက ပြောသလို ဗုံးမကြဲခင်မှာ လေယာဉ် အရင်လာဝဲတာမျိုးရှိတော့ အရင်ဆုံး ဘာသတင်းတွေ ကြားမိတာမျိုးရှိလဲ။ ပြီးတော့ အခု ဗုံးကြဲခံရတဲ့ နောက်ပိုင်းမှာ ပျက်စီးမှု အခြေအနေလေးတွေကိုလည်း မိန့်ကြား ပေးပါအုံး။
ဖြေ – ပျက်စီးမှု အခြေအနေက ဦးဇင်းတို့ ကျောင်းမှာ စာသင်တိုက်တည်ထောင်တာ ဟိုအရင်ကဆိုရင် သံဃာတွေ တစ်ပါး၊ နှစ်ပါးပဲရှိတယ်။ တဖြည်းဖြည်းနဲ့ သံဃာ ဦးရေ များလာတာပေါ့။ ကျောင်းသားနဲ့ အပါအဝင် ၅၀ ကျော် လောက်ရှိတာပေါ့။ ဦးဇင်းတို့ ကျောင်းကိုဆောက်တာလည်း မပြီးသေးဘူး။ ဒီနှစ်မှာ ၄ နှစ်မြောက် သာသနာပြုတာဆိုတော့ အဆုံးသတ်မယ်လို့ စဉ်းစားထားတာ။ ဒီနှစ် တပေါင်းလကျရင် ရေစက်ချမယ်တဲ့။ ကထိန်ပွဲလည်း လုပ်မယ်တဲ့။ ကထိန်ပွဲ မတည်တဲ့ ဒကာ ဒကာမတွေက အကုန်လုံး စီစဉ်ထားပြီးပြီး။ ဖိတ်စာတွေလည်း စီစဉ်ထားပြီးပြီး။ အဆင်သင့်လုပ်ထားပြီးပြီး။ ပစ္စည်းတွေကိုလည်း ကျောင်းကြီးပေါ်မှာပဲ ထားထားတယ်။ ကြွေပြားတွေလည်း ဝင်မယ်တဲ့။ ကျောင်းက နှစ်ထပ်ကျောင်း။ ကျောင်းရဲ့တိုင်ကလည်း ၆၆ တိုင်ရှိတယ်။ အဲ့လို ကျောင်းရဲ့ အတိုင်တွေက ကရင်ပြည်နယ်က ဘုန်းကြီးကျောင်းတွေမှာမရှိဘူး။ ရှားရှားပါးပါးပဲ။ ပျဉ်းကတိုး တိုင်တွေလည်းဖြစ်တယ်။ တစ်တိုင်ဆိုရင် နှစ်တန်ခွဲရှိတယ်။ အသေးဆုံးကလည်း တစ်တန်ခွဲလောက်ရှိတယ်။ ဦးဇင်းတို့ ရည်မှန်းထားတာက ဒီကျောင်းတော်ကြီးက ဂန္ဓဝင်လည်းဖြစ်အောင် နောက်လာမယ့် ကလေးတွေလည်း မြင်ရအောင်ဆိုပြီး ရှားရှားပါးပါးလည်းဖြစ်နေပြီးတော့ ဒီက သာသနာပြုတာကလည်း တကယ့် ပရိယတ္တိစာသင်တိုက်လည်း ဖြစ်အောင် အောင်မြင်မှုလည်းရအောင် ကြိုးစားမယ်ဆိုပြီး စိတ်ထဲမှာ အမြဲတွေးတာပေါ့။ ကျောင်းတန်ဖိုးကို ကြည့်မယ်ဆိုရင် မနည်းဘူး။ အခု ဆုံးရှုံးမှုကမနည်းဘူး။ ပစ္စည်းနဲ့ ကျောင်းတန်ဖိုးကို တွက်မယ်ဆိုရင် သိန်းပေါင်း တစ်သောင်းကျော်မှာပေါ့။ ထင်လည်း မထင်မှတ်ပါဘူး ဒီလောက်အထိ ဆိုးဆိုးဝါးဝါး ဖြစ်မယ်လို့။ နေ့ခင်းကြောင်တောင် လေယာဉ်ဝဲပြီး ကြည့်တာ ဘုန်းကြီးကျောင်းနဲ့ အိမ်နဲ့မှ မတူတာ၊ ဘုန်းကြီးကျောင်းနဲ့ ရုံးနဲ့မှ မတူတာ။ စာသင်ကျောင်းမှမဟုတ်တာ။ ကြီးလည်း ကြီးတယ် ဘုံအဆင့်ဆင့်ရှိတယ်။ ဦးဇင်းအမြင်အရ သူတို့က ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တဲ့သဘောလို့ပဲမြင်တယ်။

မေး- ဒီ မက္ကသာ ပရိယတ္တိစာသင်တိုက် ကျောင်းတော်က ဗုဒ္ဓဘာသာဝင်တွေအတွက် ဘယ်လောက်အရေးပါတဲ့ ကျောင်းတော်ဖြစ်သလဲ။

ဖြေ – ဦးဇင်း ဒီမက္ကသာကို ရောက်တုန်းက ကျောင်းတိုင် ဘုန်းကြီးတစ်ပါးပဲ ရှိတယ်။ ဘုန်းတော်ကြီးကလည်း အသက်ကြီး ပြီးနာမကျန်းဖြစ်တော့ ပျံလွန်တော်မူသွားတယ်။ အဲ့နောက်ပိုင်း ဦးဇင်းလည်း တိုက်အုပ်ကျောင်း တိုင် ဖြစ်လာတာပေါ့။ ပရိယတ္တိ စာသင်တိုက်ဆိုတော့ ကျောင်းသား ရှိရမှာပေါ့။ အဲ့တုန်းက ကိုရင်လေးတွေ ကော လောကီပိုင်းဆိုင်ရာအတွက် ကျောင်းသား အယောက် ၂၀လည်း လက်ခံထားတယ်။ ဆရာလေး တွေလည်းရှိတယ်။ အဲ့မှာ စာမေးပွဲတွေ ဝင်ဖြေတော့ ကြာအင်းဆိပ်ကြီး မြို့နယ်မှာ မက္ကသာကျောင်းက အဆင့် ပထမတွေ ဒုတိယတွေ ဂုဏ်ထူးတန်းတွေ ဝင်လာတော့ နည်းနည်း နဲ့ နာမည်ပေါက်လာတယ်။ ဦးဇင်းကျောင်းက တအား အောင်ချက်ကောင်းတယ်။ ဦးဇင်းက သာသနာအလုပ်ကို ပဲလုပ်တယ်။ ဘယ်တော့မှ နိုင်ငံရေး နဲ့ မရောဘူး။ အခုလို ရုတ်တရက် ဖြစ်သွားတော့ စိတ်တော့ မကောင်းဘူး။ ဒါပေမဲ့လည်း အပြစ်မတင်ပါဘူး။ စိတ်ဓါတ်လည်းမကျဘူး။ ဆက်ပြီးတော့ ပိုပြီး ကြိုးစားသွားမယ်။

မေး- အခု ဖြစ်ရပ်ကြောင့် ဘေးလွတ်ရာ ထွက်ပြေး ခိုလှုံနေရတဲ့ တခြားသော ကိုရင်လေးတွေ သံဃာတော်တွေ အတွက် ဘာအခက်အခဲတွေ ကြုံတွေ့ရတာမျိုးရှိသေးလဲ။ ပြီးတော့ အရှင်ဘုရားတို့ သာသာနာအကျိုး သယ်ပိုးတဲ့ သူတွေအတွက် ဗုဒ္ဓဘာသာဝင်တွေအတွက် ဘယ်လောက်ထိ နစ်နာဆုံးရှုံးမှုကို ဖြစ်ပေါ်စေလဲ။
ဖြေ – အခုလောလောဆယ်တော့ ဦးဇင်းတို့ ရှောင်နေရတာပေါ့။ အခုလိုဖြစ်ပျက်လာတော့ ကိုယ့်ဒကာတွေမှာ တောင်ပြေးတဲ့ပုဂ္ဂိုလ်ကပြေး၊ မြောက်ပြေးတဲ့ ပုဂ္ဂိုလ်က ပြေးနဲ့ နယ်စပ်ပြေးတဲ့ ပုဂ္ဂိုလ်က ပြေးနဲ့ အခု ပြန်တည် ထောင်ဖို့အတွက်က အခက်အခဲတွေ အများကြီးပဲလေ။ မအေးချမ်းမချင်းတော့ ဘယ်လိုမှ ပြန်တည်ထောင်လို့ မရဘူး။ ဒါပေမဲ့ ဦးဇင်းတို့ ဘေးကင်းတဲ့ နေရာမှာ ရောက်နေပြီးဆိုတော့ ဦးဇင်းအနေနဲ့ စိတ်ချမ်းသာတယ်။ ခက်ခဲပေမဲ့ သံဃာဖြစ်တဲ့အတွက် ဘုန်းကံရှိတဲ့အတွက် ဘယ်တော့မှ မဆင်းရဲဘူး။ ဦးဇင်းက အခု စစ်ပြေး ဒုက္ခသည်ဖြစ်နေပေမဲ့ လာကူညီတဲ့ ဒကာ ဒကာမတွေ အများကြီးပဲ။ ဦးဇင်းတို့ အခု လိုချင်တာက အေးချမ်းဖို့ပဲ။ ကျောင်းက ပျက်သွားပေမဲ့ ပြန်ရှာလို့ရတယ်။ အဓိက ကအသက်ရှင်ဖို့ပဲလေ။ တကယ်လို့ မရှောင်ဘူးဆိုရင် အနည်းဆုံး သုံးလေးဆယ်တော့ ပါသွားမှာပဲ။ ဒါပေမဲ့ တရားနဲ့ ဖြေတဲ့အတွက် စိတ်တော့ အဲ့လောက်ထိ အထိခိုက် ပါဘူး။ ကိုယ်က နိုင်ငံရေးမှ မလုပ်တာ။ ဒီလောက်ထိ ဆိုးဆိုးဝါးဝါးဖြစ်သွားတာတော့ အတိတ်ကံ ဝဋ်ကြွေးလို့ပဲ သတ်မှတ်လိုက်တယ်။ လုပ်တဲ့ သူက လုပ်ပါစေ။ လုပ်ပြီးရင် ခံပေါ့။ မအေးမချင်းတော့ ဒီမှာပဲ သီတင်းသုံးရမှာပဲ။

မေး- အရင် ငြိမ်းချမ်းရေး သဘောတူညီချက်တွေမှာ ဘယ်လက်နက်ကိုင်တပ်ဖွဲ့မှ ဒီလို သာသနာ အဆောက်အအုံတွေ၊ စာသင်ကျောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုး လုပ်ခွင့်မရှိဘူးလို့ သဘောတူထားကြတာမျိုးရှိတဲ့အခါ ဘာကြောင့် ဒီလို သာသနာအဆောက်အအုံကို လာပြီး ပစ်မှတ်ထား တိုက်ခိုက်တယ်လို့ ယူဆသလဲ။
ဖြေ – အဲ့ဒီ ပုံစံမျိုးဆိုတော့ ဦးဇင်းလည်း မတွေးတတ်ဘူး။ မဖြစ်ခင်က နေ့ခင်းကြောင်တောင် ပတ်ဝဲပြီးတော့ သူတို့က ထောက်လှမ်းကြတာပဲ။ ကိုရင်လေးတွေက ကလေးတွေဆိုတော့ သိတဲ့အတိုင်းပဲ လေယာဉ်လာတော့ ဝိုင်းကြည့် ကြတာပေါ့။ ဒါပေမဲ့ ကိုယ့်ကျောင်းကို လာထိတယ်ဆိုတော့ တော်တော်လေး စဉ်းစားဖို့ ခက်တယ်။ ဘုန်းကြီးက သာသနာပြုတဲ့ ဘုန်းကြီးပါ။ တခြားဟာကို ပစ်ချမယ်ဆိုရင်တော့ တစ်မျိုးပေါ့။ အခုက ပထမ စစချင်းမှာပဲ ဘုန်းကြီးကျောင်း ခေါင်းရင်းမှာဖြစ်သွားတယ်။ ဖြစ်တာတောင်မှာ ခေါင်းရင်းက ဘုရားဆင်းတုတော် ရှိတဲ့ နေရာမှာပဲ ဖြစ်သွားတယ်။ ဖြစ်သွားတာ အဲ့ဘုရား သုံးပါးလုံးလည်း ကြေညက်ပျက်စီးသွားတယ်။ ဘုရားကို ထိတယ်ဆိုတော့ အသဲနှလုံးကို ထိတာနဲ့ အတူတူပါပဲ။ ဘုန်းကြီးက သာသနာအလုပ်ပဲ လုပ်တာကို ဒီလောက်အထိ လာလုပ်တယ်ဆိုတော့ ဘာဖြစ်လို့လုပ်သလဲ ဆိုတာကို စဉ်းစားနေတာ တွေးနေတာ လက်ကုန်ပဲ။ ကျောင်းမှာ NUG တို့ PDF တွေ ဘာမှမရှိဘူး။ ကေအဲန်ယူလည်း သူ့နေရာနဲ့ သူပဲ နေတာ။ တစ်နေ့နေ့ တစ်ချိန်ချိန်တေ့ာ အဖြေမှန်ပေါ်မှာပါပဲ။

မေး- ဒီလို ဖြစ်သွားတဲ့ ဖြစ်ရပ်အပေါ် တစ်ဖက်အဖွဲ့အစည်းတစ်ခုခုက ဘာတွေ ဆက်သွယ်ပြောဆိုလာတာမျိုးရှိသေးလဲ။
ဖြေ – ဖြစ်သွားပြီး နောက်နေ့ မနက်မှာပဲ ကြာအင်းဆိပ်ကြီးက သာသနာရေး ဦးစီးဌာနက ဖုန်းဆက်လာတယ်။ ဦးဇင်း ညကအဖြစ်အပျက်က ဟုတ်လားမေးတော့ ဟုတ်တယ် ဒကာကြီး။ ဆရာတော်တို့ ဗုံးနှစ်လုံး အကြဲခံရတယ်။ ဦးဇင်းတို့ ရှိလားဆိုတော့ မရှိဘူး။ ရှောင်ပြေးနေရတယ်လို့။ အဲ့ဒီ ဦးဇင်းကျောင်းက တန်ဖိုးငွေ ဘယ်လောက်ရှိလဲ အဲ့လောက်ပဲ သူမေးသွားတယ်။ တန်းဖိုးဆိုတော့ သိန်းပေါင်း တစ်သောင်းငါးထောင် မအောက်ဘူးလို့ ဦးဇင်း ပြန်ပြောလိုက်တယ်။ ဦးဇင်းလည်း တစ်ခု ပြန်မေးတယ် ဒီသာသနာရေးမှူးကော သာသနာရေးဦးစီးဌာနကိုကော သူတို့နဲ့ ရင်းနှီးတော့။ ဒကာကြီး ဦးဇင်းကျောင်းကို ဘာဖြစ်လို့ ဒီလောက်အထိ ရက်ရက်စက်စက်လုပ်ရတာလဲ ဦးဇင်းလည်း ဘာအပြစ်မှ မလုပ်ထားဘူးဆိုတော့ သူတို့လည်း ဘာမှ မဖြေပေးနိုင်ဘူး။ မသိဘူး တပည့်တော်တို့လည်း ကြားထဲမှာ ဘာမှ မသိဘူးတဲ့။ သူတို့ကိုလည်း အပြစ်တင်လို့မရဘူးလေ။ ကျန်တဲ့ ပုဂ္ဂိုလ်တွေ ဘာတစ်ခုမှ မေးမလာဘူး။

မေး- ဒီလို စာသင်တိုက် ကျောင်းတစ်ခုလုံး ဗုံးကြဲခံလိုက်ရတဲ့အပေါ်မှာ တာဝန်ရှိတဲ့ ဩဇာတိက္ကမရှိတဲ့ သံဃာတော်ကြီးတွေအနေနဲ့ကော ဘာများ ပြောဆိုလာတာမျိုးရှိလဲ။
ဖြေ – အခုက သီတဂူဆရာတော်တို့ အရှင်စန္ဒာတိကတို့ သူတို့လာလည်း မဆက်သွယ်ဘူး။ အဆက်အသွယ်လည်း မရဘူး။ တစ်ကမ္ဘာလုံး ပျံ့နှံ့တဲ့ အဖြစ်အပျက်ဆိုတော့ သူတို့လည်း သိရမှာပဲ။ အားပေးစကားလည်း လာမပြောဘူး။ ထောက်ပံ့ပေးတာလည်း မရှိဘူး။ အခုထောက်ပံ့ပေးတာက ဒကာတွေ ချည်းပဲ။ အခုဘုရား သုံးဆူက တောင်ဝိုင်းကျောင်းဆရာတော်က လာထောက်ပံ့တယ်။ သပိတ်တွေ ၊ သင်္ကန်းတွေ ဆေးတွေ လာထောက်ပံ့တာပေါ့။ အားပေးစကားတွေ ပြောကြတာပေါ့။ အဝေးက သူငယ်ချင်းတွေ မထင်မရှား သူငယ်ချင်း တွေ အားပေးစကားတွေ ပြောကြတာပေါ့။ တကယ့်တကယ် ထင်ရှားတဲ့ မဘသ ဘုန်းကြီးတွေ အဖွဲ့အစည်းတွေ ဘာတွေ ညာတွေက ထောက်ပံ့အားပေးတဲ့ စကားတွေ တစ်ခုမှ မရှိဘူး။ အားပေးတဲ့ အထဲမှာ တကယ့် ဆရာတော်ကြီးတွေ တစ်ပါးမှ မပါဘူး။

မေး- စစ်ကောင်စီပြောတဲ့အထဲမှာ အရင်က NLD အစိုးရ လက်ထက်မှာ ဗုဒ္ဓဘာသာတွေမှာ မျက်နှာငယ်ရတဲ့ဆိုတဲ့ ပုံစံမျိုးနဲ့ ပြောဆိုတာမျိုးရှိတာပေါ့။ တကယ့်လက်တွေ့မှာ အခုလို ဘုန်းကြီးကျောင်းကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်တဲ့အပေါ်မှာ သူတို့ရဲ့ ဘာသာရေး ခံယူချက်ကို လက်လှမ်းမီသလောက် သုံးသပ်ပေးပါ။
ဖြေ – ဒါကတော့ ဦးဇင်း ဘာမှနားမလည်ဘူး။ လေ့လည်း မလေ့လာဘူး ခေါင်းထဲမှာလည်း မထားဘူး။ သာသနာစိတ်ဓါတ် အပြည့်အဝရှိတဲ့ ပုဂ္ဂိုလ်က မျက်နှာငယ်တာ မငယ်တာ ဆိုတာထက် အဲ့ ဘာသာ သာသနာ တိုးတက်အောင်ပဲ ကြိုးစားမှာပဲ။ ဘာသာရေးကို ကဲ့ရဲ့တာတို့ ဝေဖန်တာတို့ ရှုတ်ချတာတို့က ဦးဇင်းဝါသနာမပါဘူး။ သာသနာပြုပြီးဆိုတာနဲ့ ဒါကို အမြဲတိုးတက်အောင်ပဲ ကြိုးစားတယ်။ ပြောရမယ်ဆိုရင် သူတော်ကောင်း စိတ်ဓါတ်ရှိတဲ့သူက ဒီနည်းလမ်းမျိုး ဒီစိတ်ဓါတ်မျိုး ဘယ်တော့မှ မမွေးမြူရဘူး။

မေး- ရှေ့ဆက်ပြီးတော့ ဦးဇင်းအနေနဲ့ ဘာတွေ ဆက်လုပ်သွားဖို့ရှိလဲ။
ဖြေ – ဦးဇင်းတို့အနေနဲ့ ဘယ်လောက်ပဲ နှိပ်စက်မှု ခံရခံရ ရည်ရွယ်ချက်တော့ အပျောက်မခံဘူး။ လောလောဆယ် ဒီအချိန်ဒီကာလတော့ ပြန်လို့မရဘူးပေါ့။ ဒုက္ခသည်စခန်း ရောက်ပေမဲ့လည်း စာဝါ စာအံ မပျက်ဘူး။ တစ်နေ့နေ့ တစ်ချိန်ချိန် အေးချမ်းသွားရင်တော့ ကိုယ့်ကျောင်းကိုတော့ ပြန်တည်ထောင်မှာပဲ။ ဒီထက်ပိုပြီး အောင်မြင်အောင်တော့ စံပြအနေနဲ့ လုပ်သွားဖို့တော့စိတ်ထဲမှာရှိတယ်။ စိတ်ဓါတ်မကျဘူး။ ပြန်ဖို့ ရှိတယ်။