Home သတင်း စစ်ရေး တင်းမာနေဆဲအခြေအနေကြောင့် ဒေသခံပြောင်းစိုက်တောင်သူများ တောင်ယာလုပ်ငန်းလုပ်ကိုင်ရန် အခက်အခဲ ဖြစ်နေ

စစ်ရေး တင်းမာနေဆဲအခြေအနေကြောင့် ဒေသခံပြောင်းစိုက်တောင်သူများ တောင်ယာလုပ်ငန်းလုပ်ကိုင်ရန် အခက်အခဲ ဖြစ်နေ

684

အောက်တိုဘာလ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေအတွင်း ထိုးစစ်ဆင်တိုက်ခိုက်နေသည့် စစ်ကောင်စီ စစ်ကြောင်းများသွားလာစခန်းချနေသည့်အတွက် ဝေါလေ-ဆုံဆည်းမြိုင်-သေ့ဘောဘိုး ဒေသခံပြောင်းစိုက် တောင်ယာလုပ်ငန်းလုပ်ကိုင်သူ ဒေသခံပြောင်းခင်းများသို့ ပြောင်းချိုးတောင်ယာသိမ်းလုပ်ငန်းများ လုပ်ကိုင်ရန် အခက်အခဲကြုံနေကြရကြောင်း စစ်ဘေးရှောင်တောင်ယာပိုင်ရှင်များက ပြောသည်။

သေ့ဘောဘိုး တောင်ယာပိုင်ရှင်တစ်ဦးက “ပြောင်းဖူးတွေက ခြွေပြီးသိမ်းနေရပြီ၊ ရောင်းဖို့က ထိုင်းဘက်ကို ကမ်းကူးလို့မရဘူး။ စိုက်ခင်းထဲက ပြောင်းဆန်ထားတဲ့တဲမှာလည်း ပြောင်းဖူးတွေမထားရဲဘူး။ စစ်တပ်က မီးရှို့မှာ၊ မီးလောင်ကုန်မှာ ကြောက်နေရတယ်။ အဲဒါကြောင့် သောင်ရင်းမြစ်ဘေးကမ်းနားပိုင်းမှာ ပြောင်းအိတ်တွေ စုပုံပြီး တာလပတ်နဲ့ အုပ်ထားရတယ်။ မိုးရွာတာကလည်း မပြတ်သေးဘူး၊ တောင်ရေကျနေတာလည်း ရေစီးသန်နေတုန်းပါပဲ၊ ထိုင်းဘက်က ပြောင်းအ၀ယ်ကလည်း ဒီနှစ်ပြောင်းစျေးက ဘယ်လောက် စျေးဖွင့်၀ယ်မယ် မသိသေးဘူး။”ဟု ပြောသည်။

ထို့အပြင် နယ်မြေအတွင်း စစ်ကောင်စီ စစ်ကြောင်းများ လှုပ်ရှားနေသောကြောင့် ပြောင်းချိုးအလုပ်သမားများလည်း ပြောင်းချိုး၊ ပြောင်းစေ့ခြွေရန် သိပ်မသွားရဲကြကြောင်းလည်း ၎င်းတောင်ယာပိုင်ရှင်က ဆက်ပြောသည်။

စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ထိုင်းမြန်မာနယ်စပ် ပြောင်းစေ့ ၀ယ်ယူသည့်စျေးကွက်မှာ ဆက်တိုက်ကျဆင်းနေပြီး ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် ဖလူး-ဝေါလေ ဒေသအတွင်းမှ စိုက်ပျိုးထွက်ရှိသည့် ပြောင်းဆန်စေ့ စျေးနှုန်းမှာ ၁၅ ကီလို တစ်ပုံးကို ဘတ် ၁၁၀ သာ စျေးရရှိခဲ့ကြောင်း ပြောင်းစိုက်တောင်သူများက ပြောသည်။

ယခု ၂၀၂၂ ခုနှစ် ပြောင်းစေ့အ၀ယ်ရာသီရောက်နေသော်လည်း မြန်မာနယ်စပ်ဘက်အခြမ်းမှ ထိုင်းနိုင်ငံဘက်သို့ ဒေသထွက်ကုန်တင်ပို့ ရောင်းချမှုနှင့်တိုက်ပွဲဖြစ်စဉ် စစ်ရှောင်ကြသည့် ဒေသခံများအား ထိုင်းနယ်ခြားစောင့် ထိုင်းစစ်တပ်မှ ကမ်းကူးခွင့် ပိတ်ပင်ထားသည့်အတွက် ဒေသခံတို့၏ ပြောင်းစေ့များ သောင်ရင်းမြစ်ဘေး ယာယီစစ်ဘေးရှောင်နေရာတွင် စုပုံထားကြရကြောင်း ပြောင်းစိုက်တောင်သူများထံမှ သိရသည်။

အဆိုပါ ထိုင်း-မြန်မာ နယ်စပ် ဖလူး-ဝေါလေ ဒေသအတွင်း စစ်ကောင်စီတပ်မှ လက်လွှတ်ဆုံးရှုံးထားသည့် သေ့ဘောဘိုးစစ်စခန်းနှင့် ဖလူး-ဝေါလေ လမ်းပိုင်းတစ်လျှောက် စစ်ကောင်စီတပ်က ထိန်းချုပ်စိုးမိုးနိုင်ရေးအတွက် ဝေါလေလမ်းကြောင်းဘက်မှ ၎င်းဖလူး-သုံးထပ်ကွေ့လမ်းပိုင်းဘက်မှ ၎င်းစစ်ကြောင်းထိုး တိုက်ခိုက်နေမှုများကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်များနှင့် ပြောက်ကြားတိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

လက်ရှိတွင် နှစ်ဖက် စစ်ရေးတင်းမာနေဆဲဖြစ်ပြီး စစ်ဘေးရှောင် ဒေသခံအများစုသည်လည်း မိမိနေရပ်ရင်း ကျေးရွာများသို့ ပြန်လည်အခြေချနေထိုင်ရန် အခက်အခဲရှိနေသေးကြောင်း စစ်ဘေးရှောင်နေရသည့် ဒေသခံကျေးရွားသားများက ပြောသည်။