အောက်တိုဘာ ၁၇ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆) နယ်မြေ မြဝတီမြို့တောင်ဘက်ရှိ ကနဲလေး စစ်ကောင်စီ တပ်စခန်းမှ တပ်ကြပ်တစ်ဦးသည် လက်နက်အပြည့်အစုံနှင့်အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA အမှတ် ၂၀၁ တပ်ရင်းထံ လာရောက်ပူးပေါင်းခဲ့သည်ဟု သိရသည်။
ကနဲလေးစစ်ကောင်စီစခန်းရှိ အမြောက်တပ်ရင်း ခမရ ၃၁၅ မှ တပ်ကြပ်မိုးဝင်းသည် အထက်အရာရှိ၏ နှိပ်ကွပ်မှုဒဏ်ကို မခံနိုင်၍ MA လက်နက်တစ်လက်၊ ကျည်ဘောက် ၃ ခု၊ ကျည်ဆံ ၁၀၃ တောင့်နှင့်အတူ ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ရက်နေ့ နံနက် ၃နာရီအချိန်တွင် လာရောက်ပူးပေါင်းခဲ့ခြင်းဖြစ်သည်ဟု KNLA တပ်ရင်း ၂၀၁ တာဝန်ရှိသူက ပြောသည်။
တပ်ကြပ်မိုးဝင်းက “ဝင်းထဲက ဆရာကြီးတွေက ကျနော့်ကိုနှိပ်ကွပ်လို့ ၊ ကျနော်မနေချင်တော့လို့ အဲလိုထွက်လာတာပေါ့နော်။ ဆရာကြီးပိုက်ဆံပျောက်တာကို ကျနော်တို့ကိုထင်တယ်၊ ကြက်ဥပျောက်တာကိုလည်း ကျနော်တို့ကိုထင်တယ်။ စိတ်ကုန်လွန်းအားကြီးလို့ မနေချင်လို့ ကျနော်ထွက်တာဗျာ” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ကနဲလေး အနီးအနားဝန်းကျင်တွင် KNLA စခန်းရှိသည်ကို သိရှိထားသည့်အတွက် လိုက်စုံစမ်းမေးမြန်းပြီး လာရောက်ပူးပေါင်းခဲ့ခြင်းဖြစ်ပြီး ရှေ့ဆက်တွင် စစ်အာဏာရှင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် လက်တွဲလုပ်ဆောင်သွားမည်ဟုလည်း တပ်ကြပ်မိုးဝင်းက ဆက်ပြောသည်။
စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးသည့်နောက်ပိုင်း ကေအဲန်ယူ တပ်မဟာ(၆) နယ်မြေ ဒေါနအရှေ့ဘက်ခြမ်းတွင် KNLA တပ်ဖွဲ့ထံ လာရောက်ပူးပေါင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးကျော်ရှိပြီဟု KNLA တပ်ဖွဲ့၏ ပြုစုထားသည့် စာရင်းအရ သိရသည်။