Home သတင်း ထိုင်းနယ်စပ်ရောက် ရွှေ့ပြောင်းကျောင်းသားလူငယ်များကို ဒါရိုက်တာကိုပေါက်၏ “မသောက်မိသောမိုးခါးရေ ”ဇာတ်လမ်းတို ပြသ

ထိုင်းနယ်စပ်ရောက် ရွှေ့ပြောင်းကျောင်းသားလူငယ်များကို ဒါရိုက်တာကိုပေါက်၏ “မသောက်မိသောမိုးခါးရေ ”ဇာတ်လမ်းတို ပြသ

618

အောက်တိုဘာလ ၁၇ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ရုပ်ရှင် ဒါရိုက်တာ ကိုပေါက်ရိုက်ကူး၍ နွေဦးတော်လှန်ရေး အထောက်အပံ့ ရန်ပုံငွေရရှိရန် ပြည်ပနိုင်ငံများတွင် ပြသနေသော “မသောက်မိသောမိုးခါးရေ ”ဇာတ်လမ်းတို ရုပ်ရှင်အား ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ ဆာသူးလေ မြန်မာကျောင်းသူကျောင်းသားများ သင်ကြားရေးစင်တာခန်းမ၌ ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့တွင် အခမဲ့ပြသပေးခဲ့သည်။

မြန်မာ့ နိုင်ငံနွေဦးတော်လှန်ရေးဖြစ်စဉ်များအား ကျောင်းသားလူငယ်များ သိရှိနာလည် စေပြီး ကောင်းသည့် လမ်းစဉ်ကောင်းသည့်စနစ်တစ်ခု လက်ဆင့်ကမ်း ပေါ်ပေါက်လာရန် ရည်ရွယ်ချက်ဖြင့် ယနေ့ ဆာသူးလေ အထက်တန်းကျောင်းမှ အလယ်တန်းနှင့် အထက်တန်းကျောင်းသားကျောင်းသူ ၁,၀၀၀ ကျော်အား အခမဲ့ ပွဲချိန် နှစ် ချိန် ပြသခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ကျောင်းသားကျောင်းသူများမှ ဇာတ်လမ်းတို ရုပ်ရှင်နှင့် ပတ်သက်၍ ရုပ်ရှင်ဒါရိုက်တာ ကိုပေါက်နှင့် အွန်းလိုင်းမှ ၎င်းတို့သိရှိ လိုသည့် ရုပ်ရှင်ရည် ရွယ်ချက်၊ ရုပ်ရှင်ဖန်တီးရိုက်ကူးမှု၊ ရုပ်ရှင်အတတ်ပညာများနှင့် ပတ်သက်၍ နှစ်ဖက်အပြန်အလှန် မေးခွန်းမေးမြန်းဆွေးနွေးဖလှယ်ခြင်း အစီအစဉ် များပါ လုပ်ဆောင်ခဲ့ကြပြီးနောက် ကျောင်းသားကျောင်းသူများအား ခွန်အားဖြည့် မိငယ်သီချင်း၊ မသောက်မိသောမိုးခါးရေ ဇာတ်၀င်သီချင်းတို့ဖြင့် သီဆိုဖျော်ဖြေ နှုတ်ဆက်ခဲ့သည်။

အဆိုပါ မသောက်မိသော မိုးခါးရေဇာတ်လမ်းတို ရုပ်ရှင်အား ပြည်ပနိုင်ငံ ရပ်ခြား ၁၄ နိုင်ငံ ရှိ မြို့ပေါင်း ၃၀ ကျော်တွင် ဘာသာစကား ၈ မျိုးခန့်ဖြင့် စာတန်းထိုး ထုတ်လုပ်ကာ ပြသနေပြီး အရှေ့တောင်အာရှ နိုင်ငံများတွင်လည်း ပြသနိုင်ရန် ချိတ်ဆက်စီစဉ် လုပ်ဆောင်နေသည်ဟု စီစဉ်သူများက ပြောသည်။

လက်ရှိတွင် ရန်ပုံငွေ လက်မှတ်ဖြင့်ပြသနေသည့် နိုင်ငံများတွင် အားပေးကြည့်ရှုသူ များပြားနေသဖြင့် ရုပ်ရှင်ပြချိန် ပွဲချိန်တိုး၍ ပြသအောင်မြင်မှုရရှိနေကြောင်း သိရပါသည်။