Home သတင်း ကရင်ပြည်နယ်ရှိ ပုဂ္ဂလိက လုပ်ငန်းအချို့ CDM လုပ်သူများကို အလုပ်လက်မခံ

ကရင်ပြည်နယ်ရှိ ပုဂ္ဂလိက လုပ်ငန်းအချို့ CDM လုပ်သူများကို အလုပ်လက်မခံ

935

စက်တင်ဘာ ၁၅ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် ဖားအံမြို့အတွင်းရှိ ပုဂ္ဂလိက လုပ်ငန်းအချို့သည် အလုပ်လာလျှောက်သည့် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) လုပ်ထားသော အစိုးရဝန်ထမ်းများကို အလုပ်လက်မခံကြကြောင်း CDM များ၏ ပြောဆိုချက်အရ သိရသည်။

စစ်ကောင်စီလက်အောက်တွင် အလုပ်မလုပ်ချင်တော့ဘဲ အာဏာဖီဆန်ရေးလှုပ်ရှားမှု-CDM ပါဝင်သူအချို့သည် အချိန်ကြာလာသည်နှင့်အမျှ စားဝတ်နေရေးအခက်အခဲရှိလာသောကြောင့် အပြင်ပုဂ္ဂလိက လုပ်ငန်းများတွင်အ လုပ်သွားလျှောက်သော်လည်း လုပ်ငန်းရှင်အချို့က ၎င်းတို့အား အလုပ်လက်မခံကြကြောင်း ကိုယ်တိုင်ကြုံတွေ့ နေရသူတစ်ဦးက ပြောသည်။

ဖားအံမြို့ရှိ စားသောက်ဆိုင်ကြီးတစ်ခုတွင် အလုပ်သွားလျှောက်ခဲ့သည့် CDM လုပ်ထားသူတစ်ဦးက” အကြပ်အ တည်းကာလမှာ ဝင်ငွေမရှိဘူးဆိုတော့ အလုပ်သွားလျှောက်မယ်ဆိုပြီးသွားတော့ CDM ဆိုရင် သူတို့က လက်မခံ ဘူးတဲ့။ သူတို့ပြောတာက ကိစ္စတစ်ခုခုဖြစ်လာရင် ရှုပ်ကုန်မယ်တဲ့။ တစ်ခြားရေရာတိကျတဲ့ အဖြေတော့ မပေးဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် အချို့လုပ်ငန်းသည် အလုပ်သွားလျှောက်ရာတွင် ရဲထောက်ခံစာပါ တောင်းယူသောကြောင့် ရဲထောက်ခံ စာမပါရှိပါက အလုပ်လက်မခံသည့်အတွက် အခက်အခဲကြုံတွေ့ရကြောင်းလည်း နောက်ထပ် CDM တစ်ဦးက ယခုလို ပြောသည်။

“ဖားအံက ပုဂ္ဂလိကကျောင်းတစ်ခုမှာ ဝန်ထမ်းခေါ်သေးတယ်။ CDM သမားဆိုရင်တော့ သူတို့ လက်မခံဘူး။ အစစ်အဆေးဝင်ရင် ရှုပ်လို့တဲ့ တာဝန်မယူနိုင်ဘူးလို့ ပြောတယ်။ တချို့အလုပ်က ရဲထောက်ခံစာတောင်းတယ်။ CDM သမားတွေက ရဲထောက်ခံစာ သွားယူလို့အဆင်မပြေဘူးလေ။” ဟု သူက ပြောသည်။

ပုဂ္ဂလိကလုပ်ငန်းများအပြင် အစိုးရနှင့် အလုပ်တွဲလုပ်ရသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းအချို့လည်း CDM လုပ်ထားသူများကို အလုပ်လက်မခံသည့် သတ်မှတ်ချက်မရှိသော်လည်း ဝန်ထမ်းခေါ်ယူသည့်အချိန်တွင် CDM များအား ဖယ်ထားသည်ကို တွေ့နေရသည်ဟု ဒေသ NGO အဖွဲ့တစ်ခုတွင် အလုပ်လုပ်ကိုင်သူအချို့၏ ပြောဆိုချက်အရ သိရသည်။

ကရင်ပြည်နယ်တွင် CDM လုပ်ထားသည့် အစိုးရဝန်ထမ်းများသည် ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းအများစု ဖြစ်ကြပြီး စားဝတ်နေရေးအခက်အခဲကြောင့် အချို့သည် ခံဝန်လက်မှတ်ထိုး၍ စစ်ကောင်စီလက်အောက်တွင် အလုပ်ပြန်ဝင်လုပ်နေသူရှိသလို နိုင်ငံခြားသို့ ထွက်ကာ သွားရောက်အလုပ်လုပ်ကိုင်နေကြသူလည်းရှိကြသည်ဟု သိရသည်။