Home သတင်း KNLA သိမ်းပိုက်ခဲ့သော အဇင်းစစ်ကောင်စီတပ်စခန်းကို BGF တပ်ဖွဲ့များ ပြန်ထိုင်

KNLA သိမ်းပိုက်ခဲ့သော အဇင်းစစ်ကောင်စီတပ်စခန်းကို BGF တပ်ဖွဲ့များ ပြန်ထိုင်

533

စက်တင်ဘာ ၂၉ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-(KNLA)တပ်ဖွဲ့မှ စက်တင်ဘာလ (၂၇)ရက်တုန်းက တက်ရောက်သိမ်းပိုက်ခဲ့သော ကြာအင်းဆိပ်ကြီးမြို့နယ် အဇင်းကျေးရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းကို လက်ရှိတွင် နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့များ ပြန်လည်နေထိုင်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

အဇင်းကျေးရွာစစ်ကောင်စီတပ်စခန်းကို စက်တင်ဘာလ ၂၇ရက်နေ့၊ ည ၁၂ နာရီအချိန်တွင် (KNLA) တပ်ရင်း (၁၈) တပ်ဖွဲ့မှ တက်ရောက်သိမ်းပိုက်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။ စခန်းသိမ်းပြီးနောက်တစ်နေ့ စက်တင်ဘာလ (၂၈)ရက်နေ့တွင် ဒေသခံကျေးရွာတာဝန်ရှိသူများနှင့်ကျိုက်ဒုံမြို့အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း-ခမရ (၅၆၁) တပ်မှ တာဝန်ရှိသူတို့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ယနေ့တွင် ၎င်းတပ်စခန်းသို့ (BGF)တပ်ဖွဲ့ဝင်များက ဝင်ရောက်နေထိုင်လာခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“(၂၇)ရက်နေ့ ည(၁၂)နာရီက စစ်ကောင်စီတပ်စခန်းကို (KNLA) တပ်ရင်း (၁၈)အဖွဲ့က သိမ်းလိုက်တယ်။ စခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်။ မနေ့က ၂၈ ရက်နေ့မှာ ရွာက တာဝန်ရှိသူတွေနဲ့ ကျိုက်ဒုံအခြေချတပ်စခန်း ခမရ (၅၆၁) က ခေါ်တွေ့တယ်လေ။ ဒီနေ့ကျတော့ အဲ့ဒီအဇင်းတပ်စခန်းကို နယ်ခြားစောင့်တပ်(BGF)တွေက စခန်းပြန်ထိုင်နေပြီး”ဟု ပြောသည်။

အလားတူ ယမန်နေ့ စက်တင်ဘာလ ၂၈ ရက်နေ့တွင်လည်း ဘုရားသုံးဆူမြို့ရှိ စစ်ကောင်စီတပ်၏ ဘုရားတောင် တပ်စခန်းကုန်းကို (KNLA)တပ်ဖွဲ့များက တက်ရောက်သိမ်းပိုက်ခဲ့ရာ ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၃) ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိသည်ဟု (KNLA)ဘက်က ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ မေလ (၂၉)ရက်နေ့တုန်းကလည်း အဇင်းကျေးရွာ ရဲစခန်းမှ ရဲဝန်ထမ်းများနှင့် မိသားစုဝင်များသည် စခန်းဝင်းထဲတွင် မနေထိုင်တော့ဘဲ စခန်းစွန့်ခွာခဲ့သေးသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် နယ်‌မြေထဲရှိ အဇင်း‌ကျေးရွာတွင် ‌ကေအဲန်ယူတပ်ဖွဲ့အပါအဝင် နယ်ခြား‌စောင့်တပ်(BGF)တပ်ဖွဲ့နှင့် ဒီမိုက‌ရေစီအကျိုးပြုကရင့်တပ်မ‌တော်( DKBA) တို့လှုပ်ရှားလျက်ရှိသည်။