စက်တင်ဘာ ၂ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်-DKBA ထိန်းချုပ်ရာ လေးဝေါ်နှင့် ဆုံဆည်းမြိုင်ဘက်သို့ စစ်ကောင်စီ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာပြီး တိုက်ပွဲဖြစ်ပွားရန် အလားအလာရှိနေကြောင်း နယ်မြေခံ တာဝန်ရှိ သူများ၏ ပြောဆိုမှုအရ သိရသည်။
အင်အား ၃၀၀ နီးပါးရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဝါးမီထအနောက်ဘက် အခြေစိုက်စခန်းမှနေ၍ DKBA ထိန်းချုပ်ရာ လေးဝေါ်နှင့် ဆုံဆည်းမြိုင်ဘက်သို့ ဝင်ရောက်လာခြင်းဖြစ်ပြီး ကော်ဘရာ(Cobra) စစ်ကြောင်းကို ကြားညှပ်ရှင်းလင်းပြီး သေ့ဘောဘိုး စခန်း နှင့် ဖလူး-ဝေါ်လေလမ်းကြောင်း တစ်လျှောက်ကို ထိန်းချုပ်ရန်အတွက်ဖြစ်နိုင်ကြောင်း ကော်ဘရာစစ်ကြောင်း၏ ပြောခွင့်ရ ဒုစစ်ကြောင်းမှူး စောကော်က ယခုလို ပြောသည်။
၎င်းက”အခုကတော့ လေးဝေါ်ကိုတော့ မရောက်သေးဘူး။ သူတို့လာကြည့်တာပဲ ရှိသေးတယ်။ ဒါပေမဲ့ DKBA က လမ်းကြောင်းဖွင့်ပေးရင်တော့ ရောက်မှာပေါ့။ သူတို့ ဒီသေ့ဘောဘိုးစခန်းနဲ့ ဖလူး-ဝေါ်လေ လမ်းကြောင်း တစ်လျှောက်ကို ထိန်းချုပ်နိုင်ဖို့အတွက် ဖြစ်မယ်။ အခုက လေးဝေါ်ကို နည်းနည်း ကျော်လာရင်တော့ တိုက်ပွဲ ဖြစ်ပြီးပဲ။ ၁၂၀ မမတွေ ၈၁ မမ လက်နက်ကြီးတွေ ဗိုလ်စတီး(DKBA စစ်ဦးစီးချုပ်)နေရာ အနီးအနားမှာ လာချထားတာရှိတယ်။ “ဟု ကေအိုင်စီ သို့ ပြောသည်။
အခု စစ်ကောင်စီ၏ လှုပ်ရှားမှုအရ လေးကေကော်အနီး သုံးထပ်ကွေ့ဘက်ခြမ်းနှင့် လက်ရှိ ဆုံဆည်းမြိုင်ဘက်ခြမ်း နှစ်ဖက်နှစ်ခြမ်းတက်လာပြီး ကြားညှပ်တိုက်မည့် ပုံစံပေါ်နေကြောင်း၊ ၎င်းအတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဘက်မှလည်း အဆင်သင့်ပြင်ဆင်ထားကြောင်းလည်း စောကော်က ဆက်ပြောသည်။

ထိုသို့ DKBA နယ်မြေထဲသို့ စစ်ကောင်စီ စစ်ကြောင်း ဝင်ရောက်လာမှုနှင့်ပတ်သက်ပြီး DKBA ၏ ထိပ်ပိုင်းခေါင်း ဆောင်တချို့၏ ပူးပေါင်း ဆောင်ရွက်မှုရှိနိုင်ကြောင်း သက်ဆိုင်ရာ နယ်မြေခံခေါင်းဆောင်များက ယူဆနေကြပြီး ယခုလို စစ်ကြောင်းဝင်ရောက်လာမှုကြောင့် လေးဝေါ်နှင့်ဆုံဆည်းမြိုင် ဒေသခံတချို့မှာ နီးစပ်ရာသို့ ထွက်ပြေး နေကြပြီးဖြစ်ကြောင်း DKBAမှ ထိပ်ပိုင်းတပ်မှူးတစ်ဦးက ယခုလိုပြောသည်။
“အခုက သေ့ဘောဘိုးအထိ သွားမယ်ထင်တယ်။ ဒီက ခွင့်မပြုရင်တော့ သူတို့လည်း မဝင်လာရဲပါဘူး။ အခုက လေးဝေါ်ရော၊ ဆုံဆည်းမြိုင်ရော အကုန်ရောက်ကုန်ပြီး။ အခုက ဟိုဘက်ကျွံရင်တော့ အပစ်ခံထိမှာပဲ။ အခုက ဒေသခံတွေတချို့တော့ ပြေးကုန်ပြီး။ တချို့ က မပြေးသေးတာလည်းရှိတယ်။” ဟု ၎င်း DKBA တပ်မှူးက ကေအိုင်စီသို့ ပြောသည်။
အဆိုပါ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဝင်ရောက်လာသည့် လမ်းကြောင်းတစ်လျှောက်တွင် DKBA အပြင် KNLA တပ်ဖွဲ့ဝင်နေရာ တချို့ ရှိနေသော်လည်း ၎င်းတို့ကို ဟန့်တားပစ်ခတ်ခြင်းမပြုလုပ်ခဲ့ခြင်းကြောင့် DKBA အနေဖြင့်လည်း ဟန့်တား ပစ်ခတ်ရန် အဆင်မပြေကြောင်းလည်း ထို DKBA တပ်မှူးက ဆက်ပြောသည်။
လက်ရှိတွင် အရပ်အခေါ် သုံးထပ်ကွေ့ ဘက်ခြမ်းမှနေ၍လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အင်အားအလုံးအရင်းဖြင့် ကော်ဘရာ ပူးပေါင်းစစ်ကြောင်းတပ်ဖွဲ့ဝင်များရှိရာ နေရာများကို လေကြောင်းအပြင် လက်နက်ကြီးနှင့် မြေပြင်ထိုးစစ်များဖြင့် ယခင်ရက်များက အလုံးအရင်း ဝင်ရောက်တိုက်ခိုက်မှုများရှိခဲ့သေးသည်။



















