Home သတင်း KNU ထံခိုလှုံလာသူ CDM စစ်သည် ၂ ဦး ဇနီးပြောတဲ့ တပ်တွင်းအခြေအနေ

KNU ထံခိုလှုံလာသူ CDM စစ်သည် ၂ ဦး ဇနီးပြောတဲ့ တပ်တွင်းအခြေအနေ

850

စက်တင်ဘာလ ၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေအတွင်း ဖလူး-ဝေါလေ တိုက်ပွဲဖြစ်စဉ်နှင့် ကရင်နီဒေသတိုက်ပွဲအတွင်းမှ စစ်ကြောင်းစွန့်ခွာလာပြီး KNU တပ်မဟာနယ်မြေသို့ စစ်ကောင်စီတပ်မှ CDM ပြုလုပ်ကာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA တပ်များဘက်သို့ ခိုလှုံလာသည့် ခလရ ၂ မှ ဒုတပ်ကြပ်ဟိန်းစိုး၊ ခလရ ၅၄ မှ တပ်ကြပ်သန်းနိုင်ဦးတို့၏ မိသားစု၀င်များနှင့် ဩဂုတ်လ နောက်ဆုံးအပတ်က လွတ်မြောက်နယ်မြေသို့ ရောက်ရှိဆုံတွေ့နိုင်ကြပြီဖြစ်သည်။

အဆိုပါ CDM ပြုလုပ်သည့် ခလရ ၂ မှ ဒုတပ်ကြပ် ဟိန်းစိုးနှင့် ခလရ ၅၄ မှ တပ်ကြပ်သန်းနိုင်ဦး ဇနီးတို့၏ လတ်တလော ကြုံတွေ့ရသည့် တပ်တွင်း အခြေအနေများ ယခုလို ပြောပြသည်။

CDM ဒုတပ်ကြပ် ဟိန်းစိုး ၏ ဇနီး ဒေါ်ကြည်ပြာ၀င်း

ကျမ ယောက်ကျားကို သေပြီ ပြောတယ်၊ တစ်ခါထွက်ပြေးလို့ ပြန်မိရင်ပစ်သတ်မယ်၊ သေဒဏ်ကျ မယ်ပြောတယ်၊ အမျိုးမျိုးစိတ်ဓါတ်ပျက်ပြားအောင် ပြောတယ်။ တပ်ထဲကနေ ထွက်သွားခိုင်းတယ်။ တပ်အပြင်မှာ အိမ်ငှားနေတော့လည်း CDM စစ်သားမိသားစု လက်ခံအိမ်ငှားလက်ခံရင်ပြဿနာ ရှိနိုင်တယ်ဆိုပြီး လိုက်ပြော တော့ အိမ်ရှင်တွေ မငှားရဲတာကြောင့် ၃ နေရာလောက် အိမ်ပြောင်းနေရတယ်၊ မတတ်နိုင်တော့တဲ့အဆုံး KNU လူကြီးတွေ အစီအစဉ်နဲ့ အခုကိုယ်ယောကျ်ား ရှေ့အရောက် ပို့ဆောင်ပေးတာ ကျေးဇူးတင်ပါတယ်။

စစ်တပ်ထဲက ပြောသလို ကျမတို့ကိုခေါ်ပြီးရင် သတ်မှာ၊ နင့်ယောကျ်ားကိုလည်း အခုကောင်းကောင်း ကျွေးထားတာ ပြီးရင်သတ်မှာဆိုပြီး သူတို့ပြောတာတွေနဲ့ အခုလက်တွေ့မှာ အဖွဲ့အစည်းတွေရဲ့ စီစဉ်ပေးမှုနဲ့ နေရစားရတာ အားလုံးအဆင်ပြေအောင် ထားပေးထားတယ်၊ ကလေးတွေ ကျောင်းတက်ဖို့ပါ စီစဉ်ပေးနေတယ်။

CDM တပ်ကြပ် သန်းနိုင်ဦး၏ ဇနီးစန္ဒီဗီးလှိုင်

ကျမ ယောကျ်ားက ရှေ့တန်းမှာ CDM လုပ်သွားတာ မသိရဘူး၊ သူ့စစ်တပ်က ကျမကို တပ်ထဲခေါ်ပြီး အကျယ်ချုပ် ထားတယ်။ ငွေတောင်းတယ်။ ပြန်လွှတ်ပေးပြီး နောက်တစ်ခါ သေနတ်ဖိုးဆိုပြီး ငွေထပ်တောင်းတယ်၊ မရတော့ နင့်ယောကျ်ား မိန်းမထပ်ယူသွားပြီးဆိုပြီး စိတ်ဓါတ်ပျက်ပြားအောင် ပြောတယ်၊ တပ်ထဲမှာ နေကြသူတွေက အပြင် မထွက်ရတော့ သူတို့ အပြင်ဘက်မှာ ဖြစ်နေတာတွေ တပ်ထဲက မိသားစုတွေ မသိရဘူး။ အရင် စစ်အာဏာ မသိမ်းခင်က တပ်ပြင်သွားရင် စျေးသည်တွေ အရပ်ထဲက လူတွေက စစ်သားမယားဆိုတော့ ခံစားခွင့်ရှိတယ်၊ ကောင်းတယ် ပြောကြတယ်၊ အခုကျတော့ စစ်ခွေးမယား အခေါ်ခံရတယ်၊ ဘယ်သွားသွား မလုံခြုံတော့ဘူး၊ အခု KNU အစီအစဉ် နဲ့ ကိုယ့်ယောကျ်ားဆီ ရောက်မှပဲ စိတ်အေးရတယ်။