စက်တင်ဘာ ၂ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
အပစ်ရပ်(NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)၏ ဦးဆောင်နာယကအဖြစ် လက်ခံခြင်းအပေါ် ပြန်လည်ရုပ်သိမ်းကြောင်း KNU-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ဩဂုတ်လ ၃၁ ရက်နေ့ ရက်စွဲဖြင့် သက်ဆိုင်ရာအဖွဲ့သို့ ပြန်လည်အကြောင်းပြန်လိုက်ကြောင်း အကြောင်းပြန်စာအရ သိရသည်။
PPSTမှ ၎င်းတို့၏ ဦးဆောင်နာယကအဖြစ် တာဝန်ယူပေးရန် ကမ်းလှမ်းလာသည့်အပေါ် အဖွဲ့အစည်းအနေဖြင့်မဟုတ်ဘဲ ပုဂ္ဂိုလ်ရေး ဆုံးဖြတ်ချက်ဖြင့် တာဝန်ယူရန် သဘောတူခဲ့ကြောင်း KNU ဥက္ကဋ္ဌမှ ယခင် ဩဂုတ်လ ၄ ရက်နေ့က အကြောင်းပြန်ခဲ့သည့်အပေါ် ၎င်းကို ရုပ်သိမ်းခြင်းဖြစ်ကြောင်း KNU ဗဟိုဌာနချုပ်က ကေအိုင်စီသို့ အတည်ပြုပြောဆိုသည်။
၎င်း၏ ကိုယ်ပိုင်သဘောထားဆုံးဖြတ်ချက်ဖြင့် အဖွဲ့အစည်းကိုယ်စားမပြုဘဲ ပုဂ္ဂိုလ်ရေးအရ လွတ်လပ်စွာပါဝင်ရန် ပြန်ကြားစာပေးပို့ခဲ့သော်လည်း ဩဂုတ်လ ၃၁ ရက်နေ့က ပြုလုပ်ခဲ့သော KNU ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးတွင် ယခုလို PPST ဦးဆောင်နာယကအနေဖြင့် တာဝန်မယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်အကြောင်းကြားစာတွင် ဖော်ပြထားသည်။
ထို့အပြင် ၎င်းအနေဖြင့် ဒီမိုကရေစီကို လက်ခံယုံကြည်သူဖြစ်ပြီး ကေအဲန်ယူက ချမှတ်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နည်းဥပဒေများကို တာဝန်ခံထိန်းသိမ်းရန် တာဝန်ရှိသည့်အလျောက် ပုဂ္ဂိုလ်ရေးအမြင်ထက် အဖွဲ့အစည်း၏ မူလမ်းစဉ်အား ဦးစားပေးရှေ့ဆောင်မှု ပြုရန်ရည်ရွယ်၍ PPST ၏ ဦးဆောင်နာယကအဖြစ် တာဝန်ယူရန် သဘောတူညီမှုအပေါ် ပြန်လည်ရုပ်သိမ်းလိုကြောင်း ပြန်လည် အကြောင်းကြားလိုက်ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလ ၃ ရက်နေ့ ရက်စွဲဖြင့် PPST ၏ အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းမှ KNU ဥက္ကဋ္ဌကို PPST အား နိုင်ငံရေးအရ လမ်းညွှန်မှုနှင့် ဦးဆောင်မှုများ ပေးနိုင်ရန် ဦးဆောင်နာယကအဖြစ် တာဝန်ယူဆောင်ရွက်ပေးရန် မေတ္တာရပ်ခံစာပေးပို့ခဲ့ခြင်းဖြစ်ပြီး ဩဂုတ်လ ၄ ရက်နေ့က ၎င်းမေတ္တာရပ်ခံချက်အပေါ် လက်ခံကြောင်း KNU ဥက္ကဋ္ဌမှ ပြန်လည်အကြောင်းပြန်ခဲ့ခြင်းဖြစ်သည်။



















