Home သတင်း ဖားအံတွင် အရပ်၀တ်အသွင်ယူ လုံခြုံရေးတိုးမြှင့်စောင့်ကြည့်ကာ ချိတ်ဆက်ဖမ်းဆီးမှုများရှိနေ

ဖားအံတွင် အရပ်၀တ်အသွင်ယူ လုံခြုံရေးတိုးမြှင့်စောင့်ကြည့်ကာ ချိတ်ဆက်ဖမ်းဆီးမှုများရှိနေ

728

စက်တင်ဘာ ၇ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်တွင် စစ်ကောင်စီတပ်ဘက်မှ အရပ်၀တ်အသွင်ဖြင့် စောင့်ကြည့်မှုများပြုလုပ်ပြီး မြို့၀င်မြို့ထွက် ဂိတ်နေရာများတွင် ပိတ်ဆို့ဖမ်းဆီးစစ်ဆေးသည့် အစီအစဉ်များ လုပ်ဆောင်လာနေကြောင်း မြို့ခံများက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြို့တွင်း လူစည်ကားရာနေရာများဘက်တွင် စျေးရောင်းခြင်း၊ ဆိုင်ကယ် /ကား အငှားလိုက်ခြင်း၊ စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များအား စောင့်ကြည့်ကာ သတင်းပေးချိတ်ဆက်၍ မြို့၀င်မြို့ထွက် ဂိတ်နေရာများတွင် ပိတ်ဆို့ ဖမ်းဆီးစစ်ဆေးသည့် အစီအစဉ်များ လုပ်ဆောင်နေကြောင်း မြို့ခံများ ကေအိုင်စီသို့ ပြောသည်။

ဖားအံ မြို့ခံတစ်ဦးက “ကျနော်တို့ လမ်းမတန်းစျေးဆိုင်တွေနားမှာ စျေးသည်အသစ်တွေ လာရောင်းနေတယ်၊ တပ်က လူတွေမှန်းသိသာတယ်၊ နယ်ခံရပ်ကွက်သားတွေ မဟုတ်ဘူး။ အဲ့လိုပဲ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်၊ ဘီယာဆိုင်တွေမှာလည်း စစ်တပ်လူတွေရှိနေတယ်။ စျေးကြီးမှာဆိုလည်း ရွာဘက်တွေက စျေးတက်၀ယ်တာကို ရွာသားလား၊ လူစိမ်းလားစောင့်ကြည့်တယ်၊ တည်းခိုခန်းတွေ၊ ဟိုတည်တွေမှာလည်း စောင့်ကြည့်တယ်၊ ပြီးရင်ဖားအံမြို့၀င်ဂိတ်တို့၊ သံလွင်တံတားဂိတ်တို့ မှာပိတ်ပြီး ဖမ်းလိုက်တယ်”ဟု ပြောသည်။

ကရင်ပြည်နယ်အတွင်း ထိုင်း-မြန်မာနယ်စပ်မှ မြ၀တီ၊ ကော့ကရိတ်၊ လှိုင်းဘွဲ၊ ကြာအင်းဆိပ်ကြီးမြို့နယ် လမ်းပိုင်းတစ်လျှောက် စစ်ကောင်စီတပ်၊ BGF တပ်များမှ စစ်ဆေးရေးဂိတ်များ တင်းကြပ်စွာ စောင့်ကြည့် ဖမ်းဆီးမှုများကြောင့် စစ်အာဏာရှင် တော်လှန်သည့် တော်လှန်ရေးအဖွဲ့ဝင်များ မကြာခဏ ဖမ်းဆီးခံရမှုများရှိနေကြောင်း ရှောင်ကွင်းလွတ်မြောက်ခဲ့သူတစ်ဦးက ယခုလို ပြောသည်။

“နယ်ခံသား မဟုတ်ရင်သွားလာရတာ မလွယ်ဘူး။ သူတို့က စျေးဆိုင်တွေကနေ စောင့်ကြည့်နေပြီး ဖုန်းဆက်သလို ပုံစံနဲ့ ဓါတ်ပုံခိုးရိုက်တယ်၊ ပြီးရင် စစ်ဆေးရေးဂိတ်တွေကို သတင်းပို့ထားတယ် ။ ဂိတ်တွေဖြတ်တော့ လူတွေဓါတ်ပုံနဲ့ တိုက်စစ်ပြီး ၊ ဖုန်းတွေသိမ်း၊ လူကိုဖမ်းတာမျိုးတွေ လုပ်တာကို လမ်းက စျေးဆိုင်က ပြောပြတာကြောင့် လမ်းခုလပ်ကနေ ရှောင်သွားခဲ့ရဘူးတယ်”ဟု ထိုလွတ်မြောက်လာသူက ပြောသည်။

ကရင်ပြည်နယ်အတွင်း KNU -ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေများဖြစ်သော သံတောင်၊ ဖာပွန်၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြ၀တီဒေသဘက်တွင် စစ်ကောင်စီတပ်၊ BGF -နယ်ခြားစောင့်တပ်တို့မှ လေကြောင်း၊ လက်နက်ကြီး၊ မြေပြင်နယ်မြေရှင်းလင်း ထိုးစစ်ဆင်တိုက်ခိုက်နေမှုကြောင့် KNLA /KNDO ပူးပေါင်း တပ်များနှင့် နေ့စဉ်တိုက်ပွဲများဖြစ်ပွားနေပြီး ဒေသခံ စစ်ဘေးရှောင်နေရသူ ပေါင်း ၃သိန်းကျော် အထိမြင့် တက်လာနေကြောင်း စစ်ရှောင်ကူညီသူများ၏ ကောက်ခံထားသော စာရင်းအရ သိရသည်။