Home သတင်း ကော့ကရိတ်မြို့ အနီးရှိ ကော့နွဲကျေးရွာနှင့်အံကလော်ကျေးရွာမှ နေအိမ်များ ဖောက်ထွင်းခံရ

ကော့ကရိတ်မြို့ အနီးရှိ ကော့နွဲကျေးရွာနှင့်အံကလော်ကျေးရွာမှ နေအိမ်များ ဖောက်ထွင်းခံရ

740

စက်တင်ဘာ ၇ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီး အာရှလမ်းမကြီးဘေးရှိ ကော့နွဲကျေးရွာနှင့်အံကလော်ကျေးရွာထဲတွင် စက်တင်ဘာလ (၆)ရက်နေ့ ညနေပိုင်းက စစ်ကြောင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နေအိမ်အတွင်းရှိ ပစ္စည်းများကို ဖောက်ထွင်းခိုးယူများပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာလ (၆)ရက် နံနက်အစောပိုင်းတွင် စစ်ကောင်စီတပ်၏ ငွေကြေးကောက်ခံသည့် ဂိတ်စခန်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်ပြီးနောက် ကော့နွဲနှင့် အံကလော်ကျေးရွာအတွင်းသို့ စစ်ကောင်စီမှနယ်မြေဝင်ရောက် ရှင်းလင်းမှု ပြုလုပ်ရာတွင် တိုက်ပွဲကြောင့် ဘေးလွတ်ရာသို့ထွက်ပြေးနေရချိန် ရွာသားများ၏နေအိမ်များကို တံခါးသော့ရိုက်ဖျက်ကာ တန်ဖိုးရှိပစ္စည်းများကို ယူဆောင်သွားကြောင်း ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“စစ်သားတွေက ရွာထဲမှာနေတာ လနဲ့ချီရှိနေပြီး။ ရွာရဲ့အစွန်အဖျားမှာပဲနေတာ။ (၆)ရက်နေ့ ညနေလောက်မှ ရွာထဲ ဝင်လာတာတဲ့။ ကော့နွဲ၊ အံကလော်ရွာထဲမှာဆို နေရာယူထားတဲ့စစ်သားတွေရှိတယ်။ စစ်ကြောင်းလှည့်နေတဲ့ စစ်သားတွေက ရွာထဲမှာအိမ်ရှင်မရှိတဲ့အိမ်တွေဆိုသော့ဖျက်ပြီး အိမ်ထဲမှာရှိတဲ့ အဝတ်အစား၊ ရွှေတွေပစ္စည်းတွေအကုန်ယူသွားတယ်။ တိုက်ပွဲဖြစ်မှ လိုက်ခိုးယူတာမဟုတ်ဘူး။ ဒီတိုင်းပဲ တိုက်ပွဲမဖြစ်လည်း သူတို့အိမ်ထဲထိ လိုက်ယူတယ်” ဟု ထိုဒေသခံက ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စက်တင်ဘာလ (၅)ရက်နေ့တွင်လည်း ကော့ကရိတ်အခြေစိုက် စစ်ကောင်စီတပ်၏ လက်နက်ကြီးဗျူဟာကုန်းမှတဆင့် ကော့နွဲ၊ အံကလော်၊ တောင်ကြာအင်း၊ ထီးမူထစသည့် ကျေးရွာများထဲသို့ လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ဒေသခံကျေးရွာသားများအနေဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ယခုအချိန်အထိလည်း ကျေးရွာထဲသို့ ပြန်မနေရဲသေးကြကြောင်း ၎င်း ဒေသခံက ဆက်ပြောသည်။

“ကော့ကရိတ်အခြေစိုက် လက်နက်ကြီးစခန်းမှာရှိတဲ့ စစ်သားတွေက ရွာထဲကို လက်နက်ကြီးနဲ့ပစ်တယ်။ အဲ့ဒီစစ်စခန်းက အဓိက အထိုင်ချတာက လှိုင်ဝမှာပဲ။ ပစ်များတာကအဲ့ဒီတစ်ခုပဲပစ်တယ်။ နွားတွေလည်းထိတယ်။ အိမ်တွေလည်းပြိုတယ်။ အဲ့လိုမျိူးဖြစ်တော့ နေရဲတဲ့လူတွေကတော့ ရွာထဲမှာပဲနေတယ်။ တစ်ချို့မနေရဲတဲ့လူတွေကတော့ လွတ်မြောက်နေရာ မှာထွက်ပြေးနေရတယ်။ အံကလော်မှာက တစ်ရွာလုံးနီးပါးပဲ ပြေးနေရတာ။ တိုက်ပွဲဖြစ်တာနဲ့ အံကလော်မှာ ထိတာများတယ်။ ဘုန်းကြီးကျောင်းမှာနေတဲ့ရွာသားတွေလည်း ရှိတယ်”ဟု သူက ဖြည့်စွက်ပြောသည်။

ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ပူးပေါင်း တပ်ဖွဲ့များအကြား တိုက်ပွဲမကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ပွဲဖြစ်ပွား ခြင်းမရှိသော်လည်း အနီးအနားရှိ ကျေးရွာများကို လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများ ညတိုင်းလိုလို လုပ်ဆောင်လေ့ရှိကြောင်းလည်း ဒေသခံများက ဆိုသည်။

အလားတူ တိုက်ပွဲဖြစ်ပွားရာအခြားသော ဒေသများတွင်လည်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေကြရသည့် ကျေးရွာနေအိမ်များအတွင်းသို့ နယ်မြေရှင်းလင်းရေး ဝင်ရောက်လုပ်ဆောင်သည့်စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများ၏ တန်ဖိုးရှိ ရုပ်ဝတ္တုပစ္စည်းများ ဖောက်ထွင်းခိုးယူမှုများ ပြုလုပ်သည့်အပြင် ကျေးရွာနေအိမ် မီးရှို့မှုများကိုလည်း ကျူးလွန်လုပ်ဆောင်မှုများ ပြုလုပ်နေကြကြောင်း ဒေသတွင်း သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။