Home သတင်း စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် သံဃာတစ်ပါးကျည်ထိမှန်ပြီး ဘုရားစေတီနှင့် လူနေအိမ်များ ပျက်စီး

စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် သံဃာတစ်ပါးကျည်ထိမှန်ပြီး ဘုရားစေတီနှင့် လူနေအိမ်များ ပျက်စီး

1283
Photo: CJ

စက်တင်ဘာ ၅ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အခြေစိုက်စစ်ကောင်စီတပ်က ယမန်နေ့ စက်တင်ဘာလ (၄) ရက်နေ့ ည (၁) နာရီအချိန်တွင် တောင်ကြာအင်း ကျေးရွာဘက်သို့ လက်နက်ကြီးပစ်ခတ်မှုများလုပ်ဆောင်သောကြောင့် သံဃာတစ်ပါး လက်နက်ကြီးအစ ထိမှန်ခဲ့သလို ဘုရားစေတီနှင့် လူနေအိမ်များလည်း ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ဒေသတွင် နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခြင်းမရှိသော်လည်း ကော့ကရိတ်အခြေစိုက် စစ်ကောင်စီတပ်၏ ဗျူဟာကုန်းမှတဆင့် တောင်ကြာအင်းကျေးရွာဘက်သို့ လက်နက်ကြီးအချက်ရေ (၄၀)ကျော်ခန့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံရွာသားများက ပြောသည်။ ထိုပစ်ခတ်မှုကြောင့် ကျေးရွာဘုန်းကြီးကျောင်းမှ သံဃာတော်တစ်ပါး လက်နက်ကြီးစ ထိမှန်ခဲ့ပြီး လူနေအိမ်များနှင့်ဘုရားစေတီအမြောက်အများ ထိခိုက်ပျက်စီးခဲ့သည်ဟု တောင်ကြာအင်း ဒေသခံတစ်ဦးက ယခုလိုပြောပြသည်။

၎င်းက “ကော့ကရိတ်အခြေစိုက်တဲ့ လက်နက်ကြီးကုန်းကနေပစ်တာ တောင်ကြာအင်းကို။ အလုံးကြီးအသံက အကျယ်ကြီးပဲ။ ညကပစ်တာ (၁)နာရီကနေ (၄)နာရီခွဲထိလောက်ပစ်တာ။ ဘုရားစေတီလည်း ထိတယ်။ ဦးဇင်း တစ်ပါး ထိသွားတယ်။ ရွာသားတွေထိတာတော့ မကြာမိသေးဘူး။ ရွာထဲက အိမ်တွေလည်း အများကြီးပဲ ထိတယ်။ လက်နက်ကြီး ပစ်တာက အလုံးရေ တော်တော်များတယ်၊ ဆက်တိုက်ပဲပစ်တာ။ အချက်ရေ (၄၀)ကျော်လောက်ရှိမယ်။ ထိသွားတဲ့ ဦးဇင်းတစ်ပါးက ဆေးရုံမှာ ပို့ထားရတယ်”ဟု ပြောသည်။

ထိုပစ်ခတ်မှုကြောင့် ကျွေးရွာအတွင်းရှိ ဒေသခံကျေးရွာသားများအနေဖြင့် အနီးအနားရှိ ဘေးလွတ်ရာ ကိုင်းတော များအတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း၊ ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်း ထိခိုက်ပျက်စီးမှု အခြေအနေအသေးစိတ်ကိုမူ အတိအကျ မသိရှိရသေးဘဲ ဒေသခံကျေးရွာသားများအနေဖြင့် ယခုအချိန်ထိ ကျေးရွာထဲသို့ ပြန်လည် မဝင်ရောက်ရဲသေးကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် ကိုးတိုင်ကျေးရွာ နှင့် တောင်ကြာအင်းကျေး ရွာလမ်းပိုင်း တစ်လျှောက်တွင်လည်း နယ်ခြားစောင့်တပ် (BGF) တပ်စခန်းဂိတ်(၁၇)ဂိတ်ခန့် စခန်းချထားလျက်ရှိကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ (၁၅) ရက်နေ့ကလည်း လှိုင်ဝအခြေစိုက် စစ်ကောင်စီစခန်းမှနေ၍ လက်နက်ကြီးဖြင့် ကော့ကရိတ်မြို့တောင်ပိုင်းနှင့် မြောက်ပိုင်းကျေးရွာများဘက်သို့ ပစ်ခတ်ခဲ့ခြင်းကြောင့် ရန်ကုတ်ကျေးရွာနေ ကလေးငယ်အပါအဝင် ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

Photo: CJ