စက်တင်ဘာ ၅ ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအိုင်စီ
မြန်မာ့ရာဘာလုပ်ငန်း အစေးခြစ်ရာသီအစတွင် စျေးနှုန်းကျဆင်းနေလျက်ရှိသည့်အပေါ် ကမ္ဘာ့ရာဘာစျေးကွက်ကြောင့် မြန်မာ့ရာဘာစျေးနှုန်း ကျဆင်းနေသည်ဟု မြန်မာနိုင်ငံ ရာဘာလုပ်ငန်းရှင်အသင်းထံမှ သိရသည်။
ကမ္ဘာ့ရာဘာစျေးကွက်တွင် ရာဘာတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂,ဝဝဝ ဝန်းကျင်မှ ယခု ၁,၆ဝဝ ခန့်သာ စျေးနှုန်းရှိနေတော့သည့်အတွက် ကမ္ဘာ့ရာဘာစျေးကွက်အပေါ် မှီခိုနေရသည့် မြန်မာ့ရာဘာလုပ်ငန်းသည်လည်း စျေးနှုန်းအကျဘက်သို့ ရောက်ရှိသွားပြီး စျေးကွက်ရာသီအစတွင် စျေးနှုန်းတိတိကျကျမရှိဘဲ ကြိုက်ရောင်း ကြိုက်ဝယ်အဆင့်သာ ရှိနေသည်ဟု မြန်မာနိုင်ငံရာဘာလုပ်ငန်းထုတ်လုပ်သူများအသင်း၏ အတွင်းရေးမှူး ဦးခိုင်မြင့်က ပြောသည်။
၎င်းက “ဒေါ်လာစျေးတွေ ကမောက်ကမဖြစ်နေတယ်။ ကမ္ဘာ့ရာဘာပေါက်စျေးက ပြန်ကျတော့ မြန်မာ့စျေးလည်း ပြန်ကျတယ်။ မြန်မာ့ရာဘာစျေးက ကမ္ဘာ့စျေးကွက်ကို မှီခိုနေရတာပါ။ အရင်ရာဘာတစ်တန် ဒေါ်လာ ၁,၆ဝဝ စျေးမှာဆို မြန်မာ့ရာဘာ တစ်ပေါင် ကျပ် ၅ဝဝ၊ ၆ဝဝ လောက်ဖြစ်သွားပြီး။ အခုတစ်ပေါင် ၁,ဝဝဝ ကျပ် စျေးလောက် ရှိနေသေးတယ်ဆိုတော့ ထုတ်လုပ်မှုစရိတ် ကာမိရုံအခြေအနေပေါ့နော်။ စျေးပြန်တက်မယ်လို့တော့ ခန့်မှန်းပါတယ်” ဟု စက်တင်ဘာ ၃ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။
ပြည်တွင်းရာဘာစျေး အထူကြမ်းတစ်ပေါင်လျှင် ၁,၂ဝဝ ကျပ်ဝန်းကျင်မှ ၁,ဝ၅ဝ ကျပ်သို့ ကျဆင်းသွားသလို Rss3 အမျိုးအစား ရာဘာအချောပြား တစ်ပေါင်လျှင် ၁,၅ဝဝ ကျပ်မှ ၁,၂ဝဝ ကျပ်သို့ စျေးနှုန်းကျဆင်းသွားသည့်အတွက် လုပ်ငန်းပုံမှန်လည်ပတ်နိုင်ရန် အခက်အခဲရှိလာသည်ဟု မွန်ပြည်နယ် ရာဘာအဝယ်ဒိုင်ထံမှ သိရသည်။
ထို့အပြင် မြန်မာ့ငွေကြေးတန်ဖိုး ကျဆင်းသည့်အတွက်လည်း ရာဘာလုပ်ငန်း၏ ရင်းနှီးမြှုပ်နှံမှုပမာဏထပ်တိုးစိုက်ထုတ်နေရပြီး အကျိုးအမြတ်နည်းနည်းဖြင့်သာ ပြန်လည်ရရှိတော့သည်ဟု မွန်ပြည်နယ် မုဒုံမြို့နယ် ရာဘာအဝယ်ဒိုင် မောင်လှဦးက ကေအိုင်စီသို့ပြောသည်။

သူက “ဒေါ်လာစျေး ဘတ်စျေးတွေလည်း ကမောက်ကမဖြစ်တယ်။ ကမ္ဘာ့ရာဘာစျေးလည်း ကျတယ်။ အရင်မြန်မာငွေ သိန်း ၅ဝ လောက်ရင်းရင် ရာဘာပေါင် ၁ သောင်းဝန်းကျင်လောက်ရတယ်။ အခုဆို ပေါင်တစ်ဝက်လောက်ပဲ ရတော့တယ်။ မြေဩဇာဖိုးတွေ ငွေကြိုစိုက်ထုတ်ထားတာတွေက အခုကုန်စျေးနှုန်းနဲ့မြန်မာငွေတန်ဖိုးကျတော့ ဝယ်ရောင်းသူတွေ အကုန်ထိခိုက်တာပေါ့နော်” ဟု စက်တင်ဘာ ၄ ရက်နေ့ ကေအိုင်စီ သို့ပြောသည်။
ပြည်တွင်းရာဘာထုတ်လုပ်မှု၏ ၈ ရာခိုင်နှုန်းသာ ကုန်ချောအဖြစ်ထုတ်လုပ်နိုင်သေးကာ ကျန် ၉၂ ရာခိုင်းနှုန်းအား ပြည်ပရှိ ရာဘာကုန်ချောထုတ်လုပ်သည့်နိုင်ငံများသို့ တင်ပို့လျက်ရှိသည်။ မြန်မာရာဘာထုတ်ကုန်သည် အခြားရာဘာတင်ပို့သည့် နိုင်ငံများထက် အရည်အသွေးမပြည့်မီသည့်အပေါ် ကမ္ဘာ့စျေးကွက်တွင် စျေးရပိုနည်းနေသည်ဟု ရာဘာလုပ်ငန်းရှင်အသင်းများထံမှ သိရသည်။
“ ခြံရှင်းခနဲ့ ရာဘာမြေဩဇာဖိုးနဲ့ပဲ အများကြီးကုန်ကျတယ်လေ။ မြေဩဇာတစ်အိတ်က အရင်ကျပ်ရှစ်သောင်း အခုတစ်သိန်း၊ ငါးသောင်းလောက်စျေးပေးရတယ်။ ပြန်ရတာက ရာဘာတစ်ပေါင်မှ ၁,ဝဝဝ ဝန်းကျင်လောက်ပဲဆိုတော့ ကုန်စျေးနှုန်းနဲ့က မကိုက်ဘူးပေါ့နော်။ ကုန်ချောထုတ်ဖို့အဆင့်က ရင်းနှီးထားခဲ့ရတဲ့ ပမာဏနဲ့ ပြန်ရတဲ့စျေးနဲ့က မကိုက်တော့ ကုန်ကြမ်းပြားတွေပဲ လုပ်ကြတယ်။ ဒီစျေးနဲ့တော့ တောင်သူတွေ စားဝတ်နေရေး အကုန်ခက်ခဲတယ်ပေါ့” ဟု ကြာအင်းဆိပ်ကြီးမြို့နယ်မှ ရာဘာစိုက်တောင်သူ ဦးအထော့က ကေအိုင်စီ သို့ ပြောသည်။
မြန်မာနိုင်ငံတွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ပဲခူးတိုင်းတို့တွင် ရာဘာအများဆုံးထွက်ရှိပြီး တစ်နိုင်ငံလုံးအနေဖြင့် နှစ်စဉ် ရာဘာတန်ချိန် ၄ သိန်းထွက်ရှိကာ တရားဝင်တင်ပို့နိုင်မှုမှာ တန်ချိန် ၃ သိန်းသာ ရှိနေသေးဟု ရာဘာတင်ပို့ရောင်ချသူအသင်းများထံမှ သိရသည်။



















