Home သတင်း ရွာအတွင်း စစ်ကောင်စီတပ်ဝင်ရောက်တပ်စွဲထားမှုကြောင့် ဒေသခံများ၏ လုံခြုံရေးနှင့်သွားလာရေး အခက်အခဲကြုံနေရ

ရွာအတွင်း စစ်ကောင်စီတပ်ဝင်ရောက်တပ်စွဲထားမှုကြောင့် ဒေသခံများ၏ လုံခြုံရေးနှင့်သွားလာရေး အခက်အခဲကြုံနေရ

1309
Photo: CJ

စက်တင်ဘာလ ၅ ရက်၊ ၂၀၂၂ခုနှစ်၊၊ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဒေါနတောင် အရှေ့ခြမ်း၊ မြဝတီမြို့တောင်ဘက်ရှိ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA ထိန်းချုပ်နယ်မြေ လေးဝေါ်နှင့် ဆုံဆည်းမြိုင် ကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်နေရာယူ တပ်စွဲထားသောကြောင့် ၎င်းဒေသရှိ ဒေသခံရွာသားများအနေဖြင့် လုံခြုံရေးနှင့် သွားလာရေး အခက်အခဲ ကြုံတွေ့နေရကြောင်း သိရသည်။

ပြီးခဲ့သည့်မေလက ကျသွားသော သေ့ဘောဘိုးစခန်းကို ပြန်လည်သိမ်းယူရန်နှင့် ဖလူး-ဝေါ်လေလမ်းကြောင်း တစ်လျှောက်ကို ထိန်းချုပ်ရန်အတွက် ဝေါလေဗျူဟာကုန်း၊ ဝါးမိထမှတစ်ဆင့် DKBA ဌာနချုပ်တည်ရှိရာ ဆုံဆည်းမြိုင်နှင့် လေးဝေါ်ကျေးရွာများထဲသို့ စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းပါ စစ်အင်အား ၃၀၀ခန့်ဖြင့် ခန့်ဖြင့် ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်နေ့ညက ဝင်ရောက်နေရာယူတပ်စွဲထားခြင်းဖြစ်သည်။

လက်ရှိတွင် လေးဝေါ်နှင့် ဆုံဆည်းမြိုင် ဆက်သွယ်ထားသောလမ်းပိုင်းကို ပိတ်ထားသောကြောင့် ဒေသခံများအတွက် သွားလာရေး အခက်အခဲကြုံတွေ့နေရသည့်အပြင် တိုက်ပွဲဖြစ်ပွားလာမည်ကိုလည်း စိုးရိမ်ကြောင်း ဒေသခံတစ်ဦးက ယခုလိုပြောသည်။

၎င်းက “ဆုံဆည်းမြိုင်နဲ့လေးဝေါ်ဒေသမှာ စစ်သားတွေက တပ်စွဲထားကုန်ပြီး။ ပြီးတော့ အဲ့ဒီဆက်သွယ်ထားတဲ့ လမ်းကို ပိတ်လိုက်တယ်။ ရွာသားတွေကို ပေးမသွားတော့ဘူး။ အခုဆုံဆည်းမြိုင်နဲ့ ဝေါ်လေကိုပေးမဖြတ် တော့ဘူး။ အဲ့လိုတွေပိတ်လိုက်တော့သွားလာရေး အခက်အခဲဖြစ်တာပေါ့။ ကျနော်ဆို ဈေးဆိုင်ဖွင့်ထားတာ အဲ့လိုပိတ်လိုက်တော့ လာဝယ်စားတဲ့လူမရှိတော့ဘူးဆိုင်မှာ”ဟု ကေအိုင်စီသို့ပြောသည်။

စစ်ကောင်စီစစ်တပ်မှ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားမှုကြောင့် ဒေသခံရွာသားများ အနေဖြင့် တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်၍ သောင်ရင်းမြစ်တစ်ဖက်ကမ်း ထိုင်းနိုင်ငံဘက်ခြမ်းသို့ ရွှေ့ပြောင်း နေထိုင်ကြသူတချို့ရှိသလို အချို့မှာ လုံခြုံရေး စိုးရိမ်မှုကြောင့် ဘုန်းကြီးကျောင်းသို့ ညဘက်သွားအိပ်ရကြောင်း ဒေသခံများက ဆိုသည်။

“လေးဝေါ်ဘက်မှာက ရွာသားတွေမရှိသလောက်ဖြစ်နေပြီး ၊ ဆုံဆည်းမြိုင်ဘက်မှာကျတော့ များသောအားဖြင့် ဈေးဆိုင်ပိုင်ရှင်တွေပဲရှိတော့တယ်။ ပစ္စည်းတွေသယ်ရတာမလွယ်လို့” ဟု အမည်မဖော်လိုသည့် အခြားဒေသခံ တစ်ဦးကလည်း ကေအိုင်စီသို့ ပြောသည်။

Photo: CJ

၎င်းစစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ဩဂုတ်လအစောပိုင်းတွင် တပ်အင်အားအနည်းငယ်သာ ဝင်ရောက် တပ်စွဲထားရာမှ ယခုလစက်တင်ဘာလမှစတင်ကာ စစ်အင်အားအလုံးအရင်းဖြင့် ထပ်မံတပ်စွဲလာခြင်းဖြစ်ပြီး လက်နက်ကြီးများကိုပါ ပြင်ဆင်နေရာချထားသည့်အပြင် ကျေးရွာအပြင်ဘက်တွင်လည်း ကင်းလှည့်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

ယခုလို DKBA ထိန်းချုပ်ရာ နယ်မြေအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်နေရာယူ တပ်စွဲမှုများမှာ DKBA ထိပ်ပိုင်းခေါင်းဆောင်တချို့နှင့် စစ်ကောင်စီအကြား ပူးပေါင်းဆောင်ရွက်မှု တစ်စုံတစ်ရာရှိနိုင်ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဘက်မှ အရာရှိတစ်ဦးက မှတ်ချက်ပြုပြောဆိုထားသည်။

လတ်တလော ဒေသတွင်း သွားလာမှုအခြေအနေနှင့်ပတ်သက်၍ DKBA အရာရှိတစ်ဦးက “ဒေသခံတွေကတော့ လက်နက်မရှိလို့ သူများပေးမသွားတော့ သူတို့ဘယ်သွားလို့ရဲမလဲ။ DKBA အနေနဲ့သွားလို့ရှိရင်တော့ရတယ်။ ဒါပေမဲ့ ဟိုဘက်ကိုလည်း သွားညှိရ KNLA ဘက်ကိုလည်းသွားညှိရတယ်ဆိုတော့ သူများတွေ တစ်မျိုး ထင်မှာစိုးတယ်။ အဲ့ဒါကြောင့် ကိုယ့်နေရာမှာပဲ ကိုယ်နေကြတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ စစ်ကောင်စီတပ် ဝင်ရောက်တပ်စွဲနေရာယူမှုသည် ဖလူး-ဝေါ်လေလမ်းကြောင်း သုံးထပ်ကွေ့ဘက်ခြမ်း နှင့် ယခုလေးဝေါ်ဘက်ခြမ်းနှစ်ဖက်ညှပ်ပုံစံဖြင့် ဝင်ရောက်ရှင်းလင်းမှုများပြုလုပ်မည့်ပုံစံဖြစ်နိုင်ကြောင်း ၎င်းနယ်မြေအတွင်း အဓိက လှုပ်ရှားနေသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၏ ကော်ဘရာ(Cobra)စစ်ကြောင်းမှ ယူဆထားပြီး နယ်ကျွံဝင်ရောက်လာပါက နှစ်ဖက်တိုက်ပွဲပြင်းထန် နိုင်ကြောင်းလည်း ကော်ဘရာ စစ်ကြောင်းဘက်က ကေအိုင်စီသို့ မှတ်ချက်ပြု ပြောဆိုထားသည်။

လတ်တလောတွင်လည်း စစ်ရေးတင်းမာမှုများကြောင့် မြဝတီတောင်ဘက်ခြမ်း ဖလူး-ဝေါ်လေလမ်းတွင် စစ်ကောင်စီဘက်က လမ်းများပိတ်ထားသလို DKBA နှင့် KNLA ဘက်ကလည်း ဒေသခံများအသွားအလာ မပြုလုပ်ကြရန် သတိပေးတားမြစ်ထားမှုများရှိကြောင်း သိရသည်။