Home သတင်း ကော့ကရိတ်တောင်ပိုင်းရှိ စစ်ကောင်စီ၏ ကျိတ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်

ကော့ကရိတ်တောင်ပိုင်းရှိ စစ်ကောင်စီ၏ ကျိတ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်

663

စက်တင်ဘာလ ၂၀ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့နယ်တောင်ပိုင်း ကျိတ်ကျေးရွာရှိ စစ်ကောင်စီ တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ( KNLA) တပ်ရင်း ၁၈ ပူးပေါင်းတပ်ဖွဲ့က ယနေ့ ညနေပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်သည်ဟု ဒေသခံများက ပြောသည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ” ညနေ ၃ နာရီလောက်မှာ စပြီးသေနတ်သံကြားတယ်။ မိနစ် ၂၀ ကျော် လောက်မှာပဲ သူတို့ (KNLA) တက်သိမ်းလိုက်ပြီလို့ ပြောကြတယ်။ ညနေမိုးချုပ်အထိတော့ သူတို့ စခန်းရှင်းလင်းနေတုန်းပဲ။ စစ်တပ်ကတော့ သေတာရှိတယ်။ ထွက်ပြေးတာလည်းရှိတယ်လို့တော့ ပြောသံတွေကြားတယ်။ ဘယ်သူမှ သွားမကြည့်ရဲတော့ အတိအကျ မပြောနိုင်ဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ စစ်ကောင်စီစခန်းတွင် စစ်ကောင်စီတပ်သား ၃၀ ဦးကျော်နေထိုင်ပြီး ယနေ့ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအမြောက်အများ သေဆုံးခဲ့သလို အချို့မှာ ထွက်ပြေးလွတ်မြောက်သွားသည်ဟု KNLA နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်များအရ သိရသည်။

ကျိတ်စခန်းသိမ်းတိုက်ပွဲ ဖြစ်စဉ်အသေးစိတ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ KNLA တပ်တာဝန်ရှိသူများကို ကေအိုင်စီ-ကရင်သတင်းဌာနက ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

ယနေ့ဖြစ်ပွားသည့် စခန်းသိမ်းတိုက်ပွဲဖြစ်စဉ်ကြောင့် စစ်ကောင်စီ၏ လေကြောင်းရန်ကို စိုးရိမ်ကြောက်လန့်ကြသဖြင့် ဒေသခံရွာသားအချို့မှာ ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ကြသည်ဟု သိရသည်။