Home သတင်း ဘုရားသုံးဆူရှိ ဘုရားတောင် စစ်ကောင်စီစခန်းကို KNLA သိမ်းပိုက်ပြီး ဒုတပ်ရင်းမှူးအပါအဝင် ၁၃ ဦးသေဆုံး

ဘုရားသုံးဆူရှိ ဘုရားတောင် စစ်ကောင်စီစခန်းကို KNLA သိမ်းပိုက်ပြီး ဒုတပ်ရင်းမှူးအပါအဝင် ၁၃ ဦးသေဆုံး

850

စက်တင်ဘာလ ၂၈ ရက်၊ ၂၀၂၂ ခုနှစ်။ကေအိုင်စီ။

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ရှိ စစ်ကောင်စီတပ်၏ ဘုရားတောင်စခန်းကုန်းကို ယနေ့ စက်တင်ဘာလ (၂၈)ရက် နံနက် (၆)နာရီအချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)တပ်ဖွဲ့များက တက်ရောက်သိမ်းပိုက်ခဲ့ပြီး ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးသေဆုံးခဲ့သည်ဟု KNLA ဘက်က ပြောသည်။

ဘုရားသုံးဆူမြို့ရှိ စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း-ခလရ(၂၈၃) အခြေစိုက် ဘုရားတောင်စခန်းကုန်းသည် ပြည်သူများကို အနှောင့်အယှက်ဖြစ်စေပြီး အသွားအလာအခက်အခဲရှိစေခြင်းကြောင့် (KNLA) တပ်ရင်း(၁၆)တပ်ခွဲ(၂)တပ်ဖွဲ့မှ ထိုစခန်း ကုန်းကို (၁)နာရီကျော်ခန့် တက်ရောက်သိမ်းပိုက်လိုက်ခြင်းဖြစ်ပြီး စခန်းထိုင် ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီ တပ်သား (၁၃)ဦး သေဆုံးခဲ့ပြီး လက်နက်မျိုးစုံ(၇)လက်နှင့် ကျည်ဆံများသိမ်းဆဲရမိခဲ့သည်ဟု (KNLA) တပ်ရင်း ၁၆၊ တပ်ခွဲမှ တပ်စုမှူး စောကရိ က ကေအိုင်စီကို ပြောသည်။

“ဒီမနက် (၆)နာရီမှာ ဘုရားတောင် ခလရ(၂၈၃)စစ်တပ်စခန်းကို တက်သိမ်းတာ။ အဲ့မှာ စစ်သား (၁၃ )ယောက်ပဲရှိတယ်။ ဒုတပ်ရင်းမှူးအပါအဝင် အကုန်းလုံးသေတယ်။ KNLA တပ်ရင်း ၁၆ တပ်ခွဲ ၂ တပ်ဖွဲ့က စခန်းတက်သိမ်းတာ။ သေနတ်က ၇ လက်ရတယ်။ ကျည်ဆံတွေရောပဲ။ ဘာကြောင့်တက်သိမ်းလဲဆိုတော့ အဲ့ဒီစခန်းက ဒေသခံတွေသွားလာဖို့အတွက်လည်း အခက်အခဲဖြစ်တယ်လေ။ တက်သိမ်းတာ ၁ နာရီကျော်ပဲကြာတယ်”ဟုပြောသည်။

(KNU) ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ တပ်မဟာ (၆)ထိန်းချုပ်နယ်မြေဖြစ်သည့် ဘုရားသုံးဆူမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် (KNLA)တပ်ဖွဲ့တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

ထိုစခန်းတက်သိမ်းနေစဉ် ဘုရားသုံးဆူအခြေစိုက် နဂါးတောင် လက်နက်ကြီးကုန်းမှ လက်နက်ကြီးများဖြင့် ပစ်ကူ ပေးလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။