Home ဆောင်းပါး ဒုက္ခသည်စခန်းထဲက ပညာရေးအနာဂတ်ခရီးနဲ့ မိခင်များရဲ့သောက

ဒုက္ခသည်စခန်းထဲက ပညာရေးအနာဂတ်ခရီးနဲ့ မိခင်များရဲ့သောက

178

ဒုက္ခသည်စခန်းထဲက ပညာရေးအနာဂတ်ခရီးနဲ့ မိခင်များရဲ့သောက

စောကက (စက်တင်ဘာလ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။ )

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းထဲမှာနေကြရတဲ့ ကျောင်းသားမိဘတွေက သူတို့အတွက် အခက်အခဲ အကြပ်အတည်းတွေ ဘယ်လောက်ပဲရှိပါစေ သူတို့သားသမီးတွေဟာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီး လူမှုအသိုင်းအဝန်းကြားမှာ ရင်ဘောင်တန်းနေနိုင်ကြဖို့ ပညာသင်ယူကျောင်းတက်နိုင်ရေးအတွက် တတ်နိုင်သလောက် ကြိုးစားလုပ်ကိုင်နေပါတယ်။

စခန်းမှာရှိတဲ့ စစ်ဘေးရှောင်ဒုက္ခသည်အများစုဟာ သူတို့မူလဇာတိမွေးရပ်တွေမှာ နေထိုင်လုပ်ကိုင် စား သောက်ဖို့ လုံခြုံမှုမရှိတာ၊ နှစ်ရှည်ကြာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်ပြေးကြရာက ထိုင်း- မြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ နှစ်ကြာရှည်စွာ ခိုလှုံနေထိုင်ကြပါတယ်။

စခန်းမှာနေထိုင်ကြတဲ့ စစ်ရှောင်ဒုက္ခသည်မိဘတွေဟာ သူတို့မွေးရပ်ဇာတိတွေမှာ စစ်ရေးပဋိပက္ခတွေ မငြိမ်းချမ်းမှုတွေကြောင့် စီးပွားပစ္စည်းဥစ္စာရှာဖွေတာတွေ မလုပ်ကိုင်နိုင်ခဲ့လို့ သူတို့သားသမီးတွေ အနာဂတ်ရှေ့ရေးအတွက် ပညာအမွေပေးနိုင်ဖို့ အတန်းကျောင်းပညာသင်ယူနိုင်ဖို့ အစွမ်းရှိသမျှ ပံ့ပိုးကြတယ်လို့ သူတို့တွေက ပြောပါတယ်။

ဒုက္ခသည်စခန်းက ကျောင်းသားမိခင်တစ်ဦးဖြစ်တဲ့ နော်ကဲဖောက “ ကျမသားသမီးတွေအတွက် အရေး ကြီးဆုံးက ပညာရေးပဲ၊ စခန်းထဲကပညာရေးက သူတို့တွေအတွက် အခြေခံတစ်ခုဖြစ်တယ်။ ပြီးတော့ စခန်းထဲက ကျောင်းကိုပဲ အောင်မြင်ပြီးစီးတာမျိုး မဟုတ်ပါဘဲ သူတို့ခြေထောက်ပေါ် သူတို့ရပ်တည်နိုင်ဖို့ သူတို့တွေကို ကောလိပ်ကျောင်းအထိ ဆက်တက်သွားစေချင်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ကို ခွန်အားနဲ့ရော ငွေရေးကြေးရေးရော ကျမကူညီပေးလို့ မရနိုင်ဘူးလေ” လို့ ပြောပါတယ်။

သူ့သားသမီးတွေ ကျောင်းတက်ပညာသင်ယူနေချိန်မှာ မျက်နှာမငယ်ရစေဖို့၊ သူတို့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့နဲ့ ကျောင်းဆရာဆရာမများကို ထောက်ပံ့ကူညီနိုင်ရေးအတွက် ပြည်တွင်းကနေ မှာယူရတဲ့ ရေချိုငါးပိတွေကို ဝိုင်းကူရောင်းချနေတယ်လို့ သူက ပြောပါတယ်။

ငါးပိတစ်ကီလို ထိုင်းဘတ်ငွေ ၁၃၀ နဲ့ ရောင်းချပေးနိုင်ရင် သူ့အတွက် ၁၀ ဘတ်နီးပါး အမြတ်ရလို့ ရေချို ငါးပိတွေကို ကြိုးစားပြီးရောင်းနေသလို စခန်းထဲကအလုပ်တွေကိုလည်း တွဲလုပ်နေတယ်လို့ နော်ကဲဖောက ဆိုပါတယ်။

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းထဲရှိ စာသင်ကျောင်းတွေအားလုံးဟာ ကမ္ဘာတဝှမ်းဖြစ်ပွားခဲ့တဲ့ ကိုဗစ် -၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့လာတာကြောင့် ၂၀၁၉ -၂၀၂၀ ပညာသင်နှစ်မှာ စတင်ပိတ်ထားခဲ့ရပြီး ၂၀၂၀ -၂၀၂၁ နဲ့ ၂၀၂၁ -၂၀၂၂ ပညာသင်နှစ်တွေကိုပါ ပိတ်ထားခဲ့တာကြောင့် ကျောင်းသူကျောင်းသားတွေဟာ ၂ နှစ်ကျော် ၃ နီးပါး ကျောင်းတက်စာသင်ကြားခွင့် ဆုံးရှုံးခဲ့ရပါတယ်။

ကိုဗစ် ၁၉ ကပ်ရောဂါ ကူးစက်မှုကြောင့် ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေသာမက ဖွံ့ဖြိုးဆဲနိုင်ငံတွေပါ စီးပွားရေးအကြပ်အတည်း ရင်ဆိုင်ကြုံတွေ့ရလို့ ဒုက္ခသည်စခန်းထဲက စာသင်ကျောင်းတွေအတွက် နိုင်ငံတကာအလှူရှင်တွေရဲ့ ထောက်ပံ့ကူညီမှုတွေ လျော့နည်းသွားခဲ့ပါတယ်။

ဒီအခြေအနေတွေကြောင့် ဒုက္ခသည်စခန်းထဲက ကျောင်းသားမိဘတွေဟာ စားဝတ်နေရေး အပါအဝင် သူတို့ကလေးတွေ ပညာသင်ကြားခွင့်ရရှိရေးမှာလည်း အခက်အခဲအကြပ်အတည်းမျိုးစုံနဲ့ ရင်ဆိုင် ကြုံတွေ့လာရတယ်လို့ သူတို့တွေက ပြောပါတယ်။

သို့သော်လည်း သူတို့သားသမီးတွေ အနာဂတ် ခရီးလမ်းအတွက် ကျောင်းပညာ ဆက်လက်သင်ယူနိုင်ဖို့ နည်းလမ်းရှာကြံ ကြိုးပမ်းအားထုတ်နေတယ်လို့ သူတို့တွေက ဆိုပါတယ်။

ကိုဗစ်ရောဂါ ကူးစက်မှုတွေ လျော့နည်းလာတဲ့အတွက် ဒီနှစ် ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်မှာ ဒုက္ခသည် စခန်းထဲမှာရှိတဲ့ စာသင်ကျောင်းတွေဟာ ထိုင်းနိုင်ငံအစိုးရ ကျန်းမာရေးဌာနရဲ့ ကိုဗစ်ကပ်ရောဂါဆိုင်ရာ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ပြန်လည်ဖွင့်လှစ်ခွင့်ရတာကြောင့် ကျောင်းသူ ကျောင်းတွေလည်း ကျောင်းတက်ပညာသင်ကြားခွင့် ပြန်ရရှိနေကြပါပြီ။

စာသင်ကျောင်းတွေ ပြန်ဖွင့်ခွင့်ရပေမယ့် ဒုက္ခသည်စခန်း ပညာရေးကော်မတီ လက်အောက်မှာရှိတဲ့ စာသင်ကျောင်းတွေမှာ ခန့်အပ်ထားရှိတဲ့ ကျောင်းဆရာဆရာမများကို ထောက်ပံ့မှုအတွက် အလှူရှင်တွေက ၇၀ ရာခိုင်နှုန်းသာ ထောက်ပံ့ပေးနိုင်တော့လို့ ကျန် ၃၀ ရာခိုင်နှုန်းကို ကျောင်းသားမိဘတွေက တာဝန်ယူ ထောက်ပံ့မှု ပေးလာရတယ်လို့ စခန်းပညာရေးကော်မတီ တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။

ထိုင်း- မြန်မာနယ်စပ်က ဒုက္ခသည်စခန်း ၇ ခုမှာ ကျောင်းသားငယ်တွေ ပညာသင်ကြားရေးအတွက် မူကြိုကျောင်း ၃၁ ကျောင်း၊ မူလတန်းမှအထက်တန်းအဆင့် ကျောင်း ၄၆ ကျောင်းနဲ့ အထက်တန်းအလွန် Junior College အဆင့် ကျောင်း ၅ ကျောင်း ဖွင့်ထားတယ်လို့ စခန်းပညာရေးကော်မတီ တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိ ၂၀၂၂ – ၂၀၂၃ ပညာသင်နှစ်မှာ ဒုက္ခသည်စခန်း ၇ ခုအတွင်း ကျောင်းတက်ရောက် ပညာသင်ယူနေသူ ကျောင်းသားစုစုပေါင်းဉီးရေ ၂၃,၉၉၀ ရှိပြီး၊ ကျောင်းဆရာဆရာမ ၇၄၆ ယောက်က သင်ကြားပေးနေတယ်လို့ ထိုတာဝန်ရှိသူက ပြောပြပါတယ်။

သင်ကြားရေးဆရာဆရာမ ၇၄၆ ယောက်မှာ နိုင်ငံတကာအလှူရှင်က ထောက်ပံ့ငွေကြေး ကူညီပေးနိုင်တာက ၄၁၉ ယောက်သာရှိပြီး ကျန်ဆရာဆရာမ ၃၂၇ ယောက်အတွက် ထောက်ပံ့ငွေကြေးကို ဒေသဆိုင်ရာ အရပ်ဘက်အဖွဲ့တွေနဲ့ ကျောင်းသားမိဘများက ရှာဖွေကူညီပံ့ပိုးပေးနေရတယ်လို့ အဆိုပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

စခန်းအတွင်းရှိ ကျောင်းသားမိဘတွေဟာ ကျောင်းဆရာဆရာမတွေကို ထောက်ပံ့ကူညီမှုပေးနိုင်ဖို့ စခန်းအပြင်ထွက်ပြီး အလုပ်လုပ်ကြရာမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေကြောင့် လွတ်လွတ်လပ်လပ် မလုပ်ကိုင်နိုင်တာမျိုး ကြုံလာရတယ်လို့ သူတို့တွေက ပြောပါတယ်။

အဲဒီအခြေအနေတွေသာမက ပြည်တွင်းက မှာယူရောင်းချနေတဲ့ ရေချိုငါးပိတွေဟာ မြဝတီ၊ ဝေါလေက တစ်ဆင့် တင်သွင်းရတဲ့အတွက် လက်ရှိအချိန်မှာ အဲဒီဒေသတစ်လျှောက် တိုက်ပွဲတွေဖြစ်ပွားနေလို့ သူမှာယူထားတဲ့ ရေချိုငါးပိတွေဟာ မြဝတီမြို့မှာသောင်တင်နေတာကြောင့် မိသားစုစားဝတ်နေရေး အတွက်ပါ အခက်အခဲကြုံလာရပြီလို့ နော်ကဲဖောက ပြောပါတယ်။

အလားတူပဲ ကျောင်းသားမိခင်တစ်ဦးဖြစ်တဲ့ နော်မိုးအေးက သူ့ရဲ့ကလေး ပညာသင်ယူရာမှာ တဖက်တလမ်းက ကူညီထောက်ပံ့ပေးနိုင်ဖို့နဲ့ မိသားစုစားသောက်ရေး လည်ပတ်နိုင်ဖို့ တစ်ပိုင်တစ်နိုင် ရိုးရာကရင်အထည် ယက်လုပ်တာ၊ ဝက်မွေးမြူတာပါ လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။

“ ကျောင်းကုန်ကျစရိတ်နဲ့ အိမ်ကုန်ကျစရိတ်အတွက်ကို ရိုးရာအထည် ယက်ပြီးရောင်းတယ်။ ဝက်မွေးပြီး ရောင်းလို့ရတဲ့ ပိုက်ဆံတွေကို ကလေးတွေကို သားငါးဟင်းဝယ်ကျွေးတယ်။ စခန်းက ပေးတဲ့ (Food Card) ထဲမှာက ဆန်တမျိုးပဲ ဝယ်စားလို့ရတယ်လေ” လို့ နော်မိုးအေးက ဆိုပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ မြန်မာဒုက္ခသည်အတွက် နိုင်ငံတကာအလှူရှင်တွေရဲ့ ထောက်ပံ့မှုအကူအညီတွေ လျော့နည်းလာလို့ ဒီအခြေအနေတွေကို စီမံခန့်ခွဲနိုင်ဖို့ ဒုက္ခသည်အိမ်ထောင်စုတွေကို စားနပ်ရိက္ခာ ကူညီထောက်ပံ့မှုအစီအစဉ် စခန်းတာဝန်ရှိသူတွေက အပြောင်းအလဲပြုလုပ်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။

၂၀၁၇၊ ၂၀၁၈ ခုနှစ်တွေက စတင်ပြီး ဒုက္ခသည်စခန်းမှာ နေထိုင်ကြသူတွေကို Most Vulnerable၊ Vulnerable ၊ Standard or Self-reliant စတဲ့ အုပ်စု ၃ စု သတ်မှတ်ပေးခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်မှာတော့ (Food Card) လို့ ခေါ်တဲ့ စားနပ်ရိက္ခာ ထောက်ပံ့မှုအစီအစဉ်ကို ဒုက္ခသည်စခန်းထဲမှာ စတင်ကျင့်သုံးခဲ့ပါတယ်။

Food Card အစီအစဉ်အရ Most Vulnerable နဲ့ Vulnerable အုပ်စုပါ အသက် ၁၈ နှစ် အထက်ရှိသူ တစ်ဦးဟာ တစ်လလျှင် ဘတ်ငွေ ၃၇၃ ဘတ် (၁၀ ဒေါ်လာ) ထောက်ပံ့စရိတ်ရရှိပြီးတော့ အသက် ၁၈ နှစ်အောက်တစ်ဦးကို ဘတ်ငွေ ၁၉၃ ဘတ် (၅ ဒေါ်လာ) ရရှိကြပါတယ်။

Standard or Self-reliant အုပ်စုပါ အသက် ၁၈ အထက်ရှိသူ တစ်ဦးကို တစ်လလျှင် ဘတ်ငွေ ၂၈၃ ဘတ် ရရှိပြီး အသက် ၁၈ နှစ် အောက်တစ်ဦးကို ဘတ်ငွေ ၁၆၈ ဘတ် ထောက်ပံ့စရိတ် ရရှိကြပါတယ်။

လက်ရှိချိန်မှာ ကုန်စျေးနှုန်းတွေ ကြီးမြင့်လာတဲ့အတွက် ရရှိထားတဲ့ထောက်ပံ့စရိတ်ကို တစ်လစာလုံလောက် အလျင်မီစားသုံးနိုင်ဖို့အတွက် ချွေတာသုံးစွဲ နေကြရတယ်လို့လည်း ကျောင်းသားမိဘတွေက ပြောပါတယ်။

ကျောင်းသားမိဘတစ်ဦးဖြစ်သူ နော်သလေမူက တစ်ပိုင်တစ်နိုင် ကြက်မွေးမြူ၊ ဝက်မွေးမြူတာအပြင် ကရင်ရိုးရာအထည်တွေ ယက်လုပ်ရောင်းချပေမယ့် သူ့သားသမီး ၂ ယောက်စလုံးက ကောလိပ်ကျောင်း တက်နေတဲ့အတွက် ကျောင်းကုန်ကျစရိတ် များပြားလွန်းလို့ အိမ်စားစရိတ်လုံလောက်ဖို့နဲ့ သားသမီးတွေ ကျောင်းဆက်ထားနိုင်ဖို့ အကြပ်အတည်း ကြုံနေတယ်လို့ ဆိုပါတယ်။

“ ကျမကလေးတွေက ကျောင်းဆက်တက်ချင်ကြတယ်။ မိဘအနေနဲ့ကလည်း သူတို့ကို ပစ္စည်းဥစ္စာတွေပေးဖို့ မရှိဘူး။ ကိုယ့်သားသမီးတွေ သူတို့ခြေထောက်ပေါ်ရပ်တည်ပြီး လူမှုအသိုင်းအဝိုင်းအတွက် အကျိုးပြုတာကို မြင်ချင်တွေ့ချင်တဲ့အတွက် ပညာရေးက သားသမီးတွေအတွက် အရေးကြီးတယ်ပေါ့”လို့ သူက ပြောပြပါတယ်။

ကောလိပ်ကျောင်းတွေမှာ ကျောင်းသားတစ်ယောက်ကို ပညာသင်တစ်နှစ်စာအတွက် ဘတ်ငွေ ၅၀၀၀ ပေးသွင်းရပြီး ပညာသင်နှစ်ကာလ ၂ နှစ်မှ ၄ နှစ်အထိ တက်ရောက်သင်ယူရတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။

စီးပွားရေးမပြေလည်ကြတဲ့ တချို့ကျောင်းသားမိဘတွေဟာ သူတို့ကလေးအတွက် နှစ်တစ်ဝက်စာကြေး ဘတ်ငွေ ၂၅၀၀ ကနဦး ပေးသွင်းထားပြီး ကျန်တစ်ဝက်ကို စာသင်နှစ် မကုန်ခင်မှာ ပြန်ပေးသွင်းရတယ်လို့ ကျောင်းသားမိဘတွေက ပြောပြပါတယ်။

ကိုဗစ် ၁၉ ကပ်ရောဂါ နောက်ဆက်တွဲကြောင့် ကျောင်းသားမိဘတွေဟာ စခန်းအပြင်ထွက်ပြီး အလုပ် လုပ်ကိုင်မယ့် အခွင့်အလမ်းနည်းပါးသလို ထောက်ပံ့ကူညီမှုတွေလည်း အရင်ကလို မရရှိတော့တဲ့အပြင် ပြည်တွင်းမှာလည်း နိုင်ငံရေး တည်ငြိမ်မှုမရှိတဲ့အတွက် ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည်မိဘတွေဟာ အခက်အခဲ အကြပ်အတည်းမျိုးစုံ ကြုံနေရတဲ့ကြားက သူတို့သားသမီးများရဲ့ ပညာရေးအနာဂတ်ခရီးအတွက် စိုးရိမ်ပူပန်လျက်ရှိနေကြပါတယ်။