Home သတင်း ဖားအံ၊ ဒုံရင်းတိုက်နယ်၌ အာဝါဒေးပွဲများ ပိုမိုသိသာစွာ လုပ်ဆောင်နေ

ဖားအံ၊ ဒုံရင်းတိုက်နယ်၌ အာဝါဒေးပွဲများ ပိုမိုသိသာစွာ လုပ်ဆောင်နေ

807

စက်တင်ဘာ ၁၃ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ဖားအံမြို့နယ် ဒုံရင်းတိုက်နယ်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလှူပွဲ၊ ပျော်ပွဲရွှင်ပွဲများ အကြောင်းပြကာ အာဝါဒေး(လောင်းကစား)ပွဲများကို ယခင်ကထက် ပိုမိုသိသာလွတ်လပ်စွာ လုပ်ဆောင်လာနေကြကြောင်း ဖားအံဒေသခံများထံမှ သိရသည်။

စစ်အာဏာသိမ်းမှု ဖြစ်စဉ်မတိုင်ခင်တွင် အာဝါဒေးပွဲများ ပြုလုပ်လေ့ရှိနေခဲ့သော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက်တွင် လမ်းဖွင့်ပွဲ၊ ဘုရားပွဲ၊ ရှင်ပြုပွဲ၊ မီးပုံပွဲ၊ ဘုန်းကြီးပျံပွဲ အစရှိသည့် ပွဲအမျိုးမျိုးကို အကြောင်းပြကာ အာဝါဒေးများ တစ်ရွာပြီးတစ်ရွာ လှည့်လည်ပြုလုပ်နေကြကြောင်း ဒေသခံများက ပြောသည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “အာဝါဒေးက အရင်က ရှိတယ်။ အရပ်သား‌အစိုးရလက်ထက်မှာ ပိတ်ပင်တာရှိလို့ တစ်ချက် ပျောက်သွားတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ခပ်စိပ်စိပ် တစ်ရွာပြီးတစ်ရွာ လုပ်နေတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်မှ ၂၀၂၀ခုနှစ်အချိန်ထိ ဘုရားပွဲများကျင်းပရာတွင် ကံစမ်းမဲများမှအစ လုပ်ဆောင်ခွင့်မပေးကြောင်း၊ ယခုအချိန်တွင်မူ ပွဲအမျိုးမျိုးအကြောင်းပြပြီး လောင်းကစားဝိုင်းများကို စီးပွားရေးလုပ်ငန်းသဘောမျိုးလုပ်ဆောင်နေကြကြောင်း နယ်ခံအချို့က ဝေဖန်ပြောဆိုနေကြသည်။

ယခုကဲ့သို့ လောင်းကစားလုပ်ငန်းကို အများအပြား ပြုလုပ်လာမှုများကြောင့် မိသားစုအတွင်း ခိုက်ရန်ဖြစ်ပွားခြင်း၊ ခိုးယူလုယက်မှုများလာခြင်းနှင့် နေအိမ်၊ ခြံမြေများပေါင်နှံကာ ဆုံးရှုံးရခြင်းများရှိလာကြောင်းလည်း ဒေသခံများက ပြောဆိုသည်။

“ပွဲက တစ်ရက် နှစ်ရက် မဟုတ်ဘူး။ လနှင့်ချီပြီးလုပ်တာ။ အဲ့လိုဆိုတော့ တစ်ရက်မဟုတ် တစ်ရက်သွားဖြစ်တယ်။ တချို့ဆို အိမ်ခြံမြေပါ ဆုံးရှုံးရတယ်။ ကျမယောက်ျားက လေးသိန်းကုန်လို့နားလိုက်ပြီ။ အကြွေးမတင်တာပဲ ကံကောင်း။”ဟု နယ်ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ဖားအံမြို့နယ် ဒုံရင်းတိုက်နယ်အပြင် ကော့ကရိတ်၊ လှိုင်းဘွဲ၊ ကြာအင်းဆိပ်ကြီးနှင့် မြဝတီစသည့် မြို့နယ်များမှ ကျေးရွာများတွင်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလားတူ အာဝါဒေးပွဲများနှင့် ငါးပစ်ဂိမ်းစသည့် လောင်းကစားဝိုင်းများကို ပေါ်ပေါ်တင်တင် ပြုလုပ်လာ၍ ဒေသခံပြည်သူများက စိုးရိမ်ပူပန်မှုများမြင့်တက်လျက်ရှိသည်။