စက်တင်ဘာလ ၁၅ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် မြို့တွင်းမြို့ပြင်ရှိ စစ်ကောင်စီဂိတ်ရှိသည့်နေရာများတွင် လုံခြုံရေး အကြောင်းပြု၍ ဝင်ထွက်သွားလာသူများကို ဖမ်းဆီးစစ်ဆေးမှုများ ယခင်ကထက် ပိုမိုတင်းကြပ်လာသည့်အတွက် အခက်အခဲဖြစ်စေသည်ဟု ထားဝယ်ဒေသခံများက ပြောသည်။
ထိုဂိတ်များတွင် မှတ်ပုံတင်ကို အဓိကစစ်ဆေးလျက်ရှိပြီး နယ်ခံ မဟုတ်သည့်သူများကို ပိုမိုတင်းကြပ် စစ်ဆေး သည့်အပြင် ခရီးသွားလာသူများထံ အဓမ္မငွေကြေးတောင်းခံမှုများလည်းရှိသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
ထားဝယ်ဒေသခံတစ်ဦးက “မြို့မှာက အဝင်အထွက် အကုန်ဂိတ်ရှိတယ်။ လမ်းပိုင်းတွေမှာရော ဖြတ်လမ်းတွေမှာရောစစ်တပ်ဂိတ်တွေချထားတယ်။ သူတို့ စစ်တာကတော့ မှတ်ပုံတင်ကို အဓိကစစ်တယ်။ ဒီက မဟုတ်တဲ့လူဆိုရင် သူတို့ပိုပြီးစစ်တယ်။ တစ်ခါတလေကျရင် ဖမ်းတာတွေလည်းရှိတော့ ကြောက်ရတာပေါ့။ ”ဟု ကေအိုင်စီသို့ပြောသည်။
အဆိုပါ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များသည် ခရီးသွားလာသူထံ ငွေကြေးတောင်းယူမှုများ လုပ်ဆောင်သည့်အပြင် ဒေသအတွင်းရှိ ကုန်ပစ္စည်းသယ်ဆောင်သည့် ဒေသခံမော်တော်ယာဉ်များကိုလည်း လိုင်စင်မရှိပါက ပေးမဖြတ်သွားတော့သလို ကုန်ပစ္စည်းများပါလာပါက အဆမတန် ငွေတောင်းယူသည်ဟုလည်း အဆိုပါဒေသခံက ပြောသည်။
ထားဝယ်မြို့ထဲတွင် စစ်ကောင်စီတပ်ဘက်မှ ညအချိန်ကင်းလှည့်မှုများနှင့် ဧည့်စာရင်းစစ်လိုက်လံဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်လာပြီး ဖမ်းဆီးခံရသည့် ဒေသခံပြည်သူများသည်လည်း သတ်ဖြတ်ခံရသူရှိသည့်အတွက် စိုးရိမ်ကြောက်ရွံ့စိတ်ဖြင့် နေထိုင်နေရကြောင်း မြို့ခံများက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းဒေသကြီးတွင် ကျေးရွာထဲကို စစ်ကြောင်းထိုးချိန်တွင် ဒေသခံပြည် သူများကို ဖမ်းဆီး သတ်ဖြတ်ခြင်း၊ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခြင်းနှင့် လုံခြုံရေးအကြောင်းပြု၍ စစ်ကောင်စီ တပ်မှ ဖမ်းဆီးသတ်ဖြတ်သည့်အတွက် သေဆုံးသွားသည့် သာမန်အရပ်သားပြည်သူ (၂၂၄)ဦးရှိကြောင်း တနင်္သာရီ တိုင်းဒေသကြီး လူမှုစီးပွားအခြေအနေ၊ စစ်ရှောင်အခြေအနေနှင့် လူ့အခွင့်အရေးချိုးဖောက်ခံနေရသည့် အခြေ အနေများကို လေ့လာတင်ပြထားသည့် Southern Monitor အဖွဲ့က စက်တင်ဘာလ ၁၁ ရက်နေ့က ထုတ်ပြန် ထားသည်။



















