Home သတင်း ထားဝယ်တွင် ငွေညှစ်တောင်းခံမှု ပိုမိုလုပ်ဆောင်လာခြင်းကြောင့် မြို့တွင်းသွားလာကြသူများ အခက်တွေ့

ထားဝယ်တွင် ငွေညှစ်တောင်းခံမှု ပိုမိုလုပ်ဆောင်လာခြင်းကြောင့် မြို့တွင်းသွားလာကြသူများ အခက်တွေ့

246
Photo: CJ

စက်တင်ဘာ ၂၇ ရက်၊ ၂၀၂၂ခုနှစ်၊၊ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်တွင် ယခုတလော စစ်ကောင်စီတပ်နှင့် ယာဉ်ထိန်းရဲတို့ပူးပေါင်းပြီး ငွေညှစ်တောင်းခံမှုများ ပိုမိုပြုလုပ်လာသောကြောင့် မြို့တွင်းသွားလာရာတွင် အခက်တွေ့နေရသည်ဟု ဒေသခံများက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ထားဝယ်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြည်သူအပေါ် အကြမ်းဖက်လုပ်ရပ်များ ပိုမိုလုပ်ဆောင်လာသည့် တပြိုင်နက် ယာဉ်ထိန်းရဲနှင့်စစ်တပ်များပူးပေါင်း၍ မြို့တွင်းသွားလာလျက်ရှိသော ပြည်သူများအပေါ် အကြောင်းအမျိုးမျိုးပြကာ ငွေညှစ်တောင်းခံမှုများ ပိုမိုလုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

“အရင်ကတော့ ယောကျ်ားလေးနှစ်ယောက်မစီးရတဲ့အမိန့်ပဲထုတ်ထားတာ၊ အခုနောက် ပိုင်းပိုဖမ်းလာတယ်။ ပိုက်ဆံ‌တွေပိုတောင်းလာတယ်၊ နှာခေါင်းပိတ်မတပ်လည်း ဖမ်းတယ်၊ ဆိုင်ကယ်ရောင်ပြန်ပြားမတပ်လည်း ဖမ်းတယ်၊ ဆိုင်ကယ်ထောက်ကျလည်း ဖမ်းတယ်၊ နံပါတ်ပြား လဝက ဖောင်းကြွပြားမပါလည်းဖမ်းတယ်၊ လမ်းထွက်လို့ ကိုမရတာ၊ ထားဝယ်မြို့ အရမ်းဆိုးနေပြီး”ဟု ကိုယ်တိုင်ကြုံတွေ့ရသူ တစ်ဉီးက ကေအိုင်စီသို့ ပြောသည်၊၊

ထားဝယ်မြို့ပေါ်တွင် လွန်ခဲ့သည့် လအနည်းငယ်က မြို့ပြပြောက်ကျား အဖွဲ့များ၏ တိုက်ခိုက်မှုကို ခံရပြီးနောက်ပိုင်း အမျိုးသားနှစ်ယောက် ဆိုင်ကယ်မစီးရဟု ထုတ်ပြန်လိုက်ပြီး ယခုလလယ်ပိုင်းမှစတင်ကာ လမ်းဆုံလမ်းဂွ နေရာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ယာဉ်ထိန်းရဲများပူးပေါင်းကာ ဆိုင်ကယ်များကို ဖမ်းဆီးပြီး ငွေညှစ်တောင်း ခံမှုများကို သိသိသာသာလုပ်ဆောင်လာကြောင်း ဒေသခံများ ပြောစကားအရ သိရသည်၊၊

ကိုယ်တိုင်ကြုံရသူ အမျိုးသမီးတစ်ဉီးကလည်း” ဉီးထုပ်မဆောင်းမိလို့ သုံးသောင်း နှစ်ခါပေးရတယ်၊ လိုင်စင်မပါလို့ တစ်သိန်းငါးသောင်းပေးရတယ်၊ သပြေချောင်းလမ်းက လာတယ်။ အိမ်ရှေ့ပြင်ဖက်ကားကွင်း ဂိတ်ကဖမ်းခံရလွန်းလို့ စစ်တပ်ဆေးရုံလမ်းဖက်က ပတ်လာတာ စစ်သားကဉီးထုပ်မဆောင်းလို့ဆိုပြီး သက်သေခံကတ်ပြားသိမ်း ယာဉ်ထိန်းရဲအပ်မယ်တဲ့၊ အဲ့ဒါ ၅၀၀၀ တန်တစ်ရွက် ဝှက်ပေးလိုက်တာ လူအခြေအနေ တချက်ကြည့်ပြီး ယူလိုက်တယ်၊ ပြီးမှ သွားရတယ်”ဟု ကေအိုင်စီသို့ ပြောသည်၊၊

စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ယာဉ်ထိန်းရဲများက ပူးပေါင်းပြီး မြို့တွင်းငွေညှစ်အကြမ်းဖက်မှုများကို ပိုမိုလုပ်ဆောင်လာပြီး နံနက်အစောပိုင်းမှစတင်ပြီး လမ်းဆုံလမ်းဂွနေရာများတွင် အင်အားအလုံးအရင်းဖြင့် အုပ်စုလိုက် စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်၊၊