Home သတင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအဖွဲ့များတိုက်ပွဲဖြစ်ပွားမှုကြောင့် ဓာတ်တိုင်လာပြင်သည့် လျှပ်စစ်၀န်ထမ်း ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိ

စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအဖွဲ့များတိုက်ပွဲဖြစ်ပွားမှုကြောင့် ဓာတ်တိုင်လာပြင်သည့် လျှပ်စစ်၀န်ထမ်း ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိ

1171
Photo: CJ

ဩဂုတ် ၃၀ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်ဒေသတိုက်ပွဲဧရိယာအတွင်း ပျက်စီးသွားသည့် မော်လမြိုင် -မြ၀တီ ၂၃၀ ကေဗွီ ဓါတ်အားလိုင်း ဓါတ်တိုင်ကို လာရောက်ပြင်ဆင်သည့်အဖွဲ့အား လုံခြုံရေးလိုက်ပါသည့် စစ်ကောင်စီစစ်ကြောင်း နှင့် တော်လှန်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားမှုကြောင့် လျှပ်စစ်၀န်ထမ်း ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိသည်ဟု သိရသည်။

မော်လမြိုင် -မြ၀တီ ၂၃၀ ကေဗွီ ဓါတ်အားလိုင်း ဓါတ်တိုင်ကြီး ၂ ခုကော့ကရိတ် ဒေသတိုက်ပွဲ ဖြစ်ဧရိယာအတွင်း ထိခိုက်ပျက်စီးနေသည့်အခြေအနေကြောင့် ယမန်နေ့ ဩဂုတ် ၂၉ရက်နေ့တွင် လျှပ်စစ်မီးပြတ်တောက်နေသည့် ဓါတ်တိုင်များလာရောက်ပြင်ဆင်သည့် အဖွဲ့အား လုံခြုံရေးယူပေးသည့် စစ်ကြောင်းနှင့် စစ်အာဏာရှင်တော်လှန်သည့် ပူးပေါင်းတပ်ဖွဲ့များ ကော့နွဲရွာအနီး နှစ်ဖက်ပစ်ခတ်မှုဖြစ်စဉ်အတွင်း လျှပ်စစ်ဌာန၀န်ထမ်း ၂ ဦးသေဆုံးခဲ့ပြီး ၄ဦး ဒဏ်ရာရရှိခဲ့သည်ဟု မြ၀တီလျှပ်စစ် ဌာန ၀န်ထမ်းတစ်ဦးက ပြောသည်။

သူက “ပြင်ဖို့လုပ်နေတာ ၃ရက်ရှိပြီ ၊ ပထမရက်တွေက ၂ ဖက်ပစ်ကြတော့ ၀န်ထမ်းတွေ ပြန်လာလိုက်တယ်၊ မနေ့က မနက်ပိုင်းမှာ စနိုက်ပါနဲ့ ပစ်ခံထိတာမှာ ၀န်ထမ်းတစ်ယောက်သေတယ်၊ ညနေပိုင်းမှာ ထပ်ပစ်ကြတော့ RPG ထိပြီး ၅ ယောက်ဒဏ်ရာရကြတယ်။ ဖားအံ ဆေးရုံသယ်လာတုန်း တစ်ယောက်ထပ်သေတယ်ဆိုတော့ ၄ ယောက် ဒဏ်ရာရ၊ ၂ ယောက်သေတယ်ပေါ့၊ ဓါတ်တိုင်ပြင်တဲ့အဖွဲ့တွေက မော်လမြိုင် ပြည်နယ်လျှပ်စစ်ဌာနက ၀န်ထမ်းတွေပါ၊ ကော့ကရိတ် လျှပ်စစ်ဌာနမှာ ယာယီတည်းခိုပြီး လိုင်းတိုင်တွေပြင်ဖို့ လာတဲ့၀န်ထမ်းတွေတိုက်ပွဲ ဖြစ်နေတဲ့နေရာဆိုတော့ လုံခြုံရေးအဆင်မပြေတော့ပြင်ရမှာ မလွယ်ဘူးဖြစ်နေတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် သြဂုတ် လ ၂၀ ရက်နေ့ က ကော့ကရိတ် ဒေသတွင်း စစ်ကောင်စီ စစ်ကြောင်းနှင့် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များ ကော့နွဲကျေးရွာနှင့် အံကလော် ကျေးရွာအနီး တိုက်ပွဲ ဖြစ်စဉ်တွင် လျှပ်စစ်ဓါတ်အား တိုင်ကြီး ၂ခု ပျက်စီးခဲ့ပြီး ကော့ကရိတ်၊ မြ၀တီ၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီး ဒေသတစ်လျှောက်နှင့် ကျေးရွာ ၅၀ ခန့် လျှပ်စစ်မီး ပြတ်တောက်နေသည်မှာ ၁၀ ရက်ခန့်ရှိလာနေပြီ ဖြစ်ကြောင်း သိရသည်။

“အခုက မြ၀တီမှာ ထိုင်းမီးလိုင်း ရှိနေသေးတဲ့နေရာတွေ မြန်မာမီးလိုင်း ချိတ်ထားတဲ့သူတွေ မီးသုံးဖို့ ၊ ဖုန်းအား သွင်းဖို့ခက်နေတာကို လျှပ်စစ်ဌာနရယ် မြို့ခံတွေရယ်ပေါင်းပြီးတော့ ရပ်ကွက်လမ်းဆုံ၊ လမ်းခွနေရာ ၄ ခု လောက်အခမဲ့ အားသွင်းတဲ့ နေရာလုပ်ပေးထားတယ်၊ ထိုင်းမီးလိုင်းနဲ့ပေါ့၊ တချို့လည်း ရပ်ကွက် အိမ်က မီးစက်နိုးပြီး ပိုက်ဆံယူ အားသွင်းတာမျိုးလည်း ရှိတယ်။ မြ၀တီ ဌာနဆိုင်ရာရုံးတွေကိုတော့ ထိုင်းမီးလိုင်းတွေ ပြောင်းချိတ်ပြီး အလုပ်လုပ်နေကြတယ် “ဟု မြ၀တီ မြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ လျှပ်စစ်မီး ပြတ်တောက်နေမှုကြောင့် မြ၀တီမြို့ဘက်တွင် လျှပ်စစ်အသုံးအဆောင်များ အသုံးပြုရန်အခက်အခဲ ဖြစ်နေသည့် ကိစ္စအား အချိန်ပိုင်း မီးပေးရန် လုပ်ဆောင်နေသလို ကော့ကရိတ်မြို့ ဘက်တွင်လည်း ရပ်ကွက်လမ်းပိုင်းအလိုက် အချိန်ပိုင်းအလှည့်ကျ မီးပေးစနစ်အဖြစ် မီးစက်ကြီးများ ကားပေါ် တင်ဆောင်ကာ အလှည့်ကျလျှပ်စစ်မီးပေးသည့် ပုံစံလုပ်ဆောင်ပေးနေကြောင်း ကော့ကရိတ် ဒေသခံများ၏ ပြောစကားအရ သိရသည်။

Photo: CJ