Home သတင်း လှိုင်းဘွဲမြို့တွင် ငရုပ်သီးခြောက် အဆမတန် စျေးတက်နေ၍ စျေးဆိုင်ရှင်များ တွက်ခြေမကိုက်

လှိုင်းဘွဲမြို့တွင် ငရုပ်သီးခြောက် အဆမတန် စျေးတက်နေ၍ စျေးဆိုင်ရှင်များ တွက်ခြေမကိုက်

744

ဩဂုတ်လ ၉ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့တွင် ယခုဩဂုတ်လအတွင်း မီးဖိုချောင်သုံးပစ္စည်းတစ်မျိုးဖြစ်သည့် ငရုပ်သီးခြောက်သည် အဆမတန် စျေးတက်လာသည့်အတွက် စျေးဆိုင်ရှင်များ တွက်ခြေမကိုက်ဖြစ်နေသည်ဟု သိရသည်။

လှိုင်းဘွဲ့မြို့တွင် ပြီးခဲ့သည့် ဇူလိုင်လက ငရုပ်သီးခြောက် ၁ ပိဿာလျှင် မြန်မာငွေ ၈,၀၀၀ ကျပ်ဝန်းကျင်ရှိခဲ့ရာမှ ယခု ဩဂုတ်လတွင် ၂၂,၀၀၀ ကျပ်အထိ စျေးတက်လာသည်ဟု မီးဖိုချောင်သုံးပစ္စည်းနှင့် ကုန်ခြောက်ရောင်းသည့် ဆိုင်ရှင်တစ်ဦးက ပြောသည်။

“ဒီလိုစျေးနှုန်းတက်တာ တစ်ခါမှမကြုံဖူးဘူး။ စျေးသာရောင်းနေရတာ နေ့တိုင်းစျေးနှုန်းတက်တော့ ပစ္စည်းတွေပြန်ဝယ်ရင် ရထားတဲ့အမြတ်ငွေတွေ ပြန်ပါသွားသေးတယ်။ ပိုက်ဆံစုလို့ကို မအားဘူး” ဟု ၎င်းဆိုင်ရှင်က ပြောသည်။

ငရုပ်သီးခြောက်ကို ဟင်းချက်၍ သော်လည်းကောင်း၊ ငါးပိရည်ထဲတွင် အမှုန့်ထည့်၍သော်လည်းကောင်း စားသုံးလေ့ရှိသည်။ ယခုလို ငရုပ်သီးခြောက်အပါအဝင် မီးဖိုချောင်သုံးပစ္စည်းများစျေးနှုန်း အပြိုင်အဆိုင်တက်လာသည့်အတွက် အိမ်ရှင်မများ ဝင်ငွေနှင့်ထွက်ငွေများ ညီမျှမှုရှိအောင် ခြိုးခြံချွေတာ သုံးစွဲနေရကြောင်း လှိုင်းဘွဲမြို့ နေပြည်သူများက ပြောသည်။

မြို့ခံအိမ်ထောင်ရှင်မတစ်ဦးက” အရင်က ငရုပ်သီးစိမ်းဝယ်ရင် နှစ်ရာဖိုးက တော်တော်များတယ်။ ခုဆို တစ်ထောင်ဖိုးက နှစ်ရာဖိုးလောက်ပဲရတယ်။ ငရုပ်သီးခြောက်ဆိုပြောမနေနဲ့တော့။ အရင်ကဆို ပိဿာ လိုက် ဝယ်တယ်။ အခုဆိုစျေးတက်လွန်းလို့ တစ်ဆယ်သားနှစ်ဆယ်သားပဲ ဝယ်တော့တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

စစ်အာဏာသိမ်းမှုဖြစ်စဉ် မတိုင်ခင်တွင် ၎င်း၏နေအိမ်၌ အသားဟင်းများကို တစ်ပတ်လျှင် ၄ ကြိမ်၊ ၅ ကြိမ်အထိ စားရသော်လည်း ယခုတွင်မူ ငါးမန်းခြောက်နှင့် ကြက်ဥဟင်းမှာ ထမင်းဝိုင်း၏ တစ်ပင်တိုင်ဟင်းများအဖြစ် စားနေရကြောင်း အဆိုပါ အိမ်ထောင်ရှင်မက ဆက်ပြောသည်။

ထို့အတူ လှိုင်းဘွဲမြို့နယ်တွင် ဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ အစရှိသည့် မီးဖိုဆောင်သုံးကုန်ပစ္စည်းများလည်း စျေးနှုန်းတက်နေသလို ၂၄ ပြည်ပါသည့် ပေါ်ဆန်းမွှေးဆန် တစ်အိတ်လျှင် မြန်မာကျပ်ငွေ တစ်သိန်းနီးပါးအထိ စျေးတက်လာသည့်အတွက် သာမန်လက်လုပ်လက်စားပြည်သူများမှာ ပို၍ ခက်ခဲလာသည်ဟု မြို့ခံများက ပြောသည်။

လှိုင်းဘွဲမြို့နယ်အပြင် ဖားအံ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ သံတောင်၊ ဖာပွန်နှင့် မြဝတီမြို့နယ်များတွင်လည်း အလားတူ မီးဖိုချောင်သုံး အခြေခံစားသောက်ကုန်ပစ္စည်းများ အဆမတန်စျေးတက်လာသည်ဟု သိရှိရသည်။