Home သတင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကြာအင်းဆိပ်ကြီးမြို့တွင် ပြည်သူ ၂၀၀ နီးပါး ပြောင်းရွှေ့နေထိုင်နေရ

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကြာအင်းဆိပ်ကြီးမြို့တွင် ပြည်သူ ၂၀၀ နီးပါး ပြောင်းရွှေ့နေထိုင်နေရ

682
Photo: CJ

ဩဂုတ်လ ၁၈ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအိုင်စီ။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့တွင် ယခင်ရက်ပိုင်းများအတွင် မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာပြီး နေအိမ် ၆၄ လုံးမှ ပြည်သူ ၂၀၀ နီးပါးပြောင်းရွှေ့ နေထိုင်ကြရကြောင်း မြို့ခံများထံမှ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့၏ အမှတ်(၆)ရပ်ကွက်သည် မြေနိမ့်ပိုင်းနေရာဖြစ်၍ ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် ဇမိမြစ်ရေနှင့် တောင်ကျချောင်းရေပေါင်းပြီး အဆိုပါ ရပ်ကွက်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ ရပ်ကွက်နေ ပြည်သူများ ဘေးလွတ်ရာ အခြားရပ်ကွက် နေရာများသို့ ပြောင်းရွှေ့ခဲ့ရကြောင်း ယင်းရပ်ကွက်နေ ပြည်သူတစ်ဦးက ယခုလိုပြောသည်။

၎င်းက”ပြီးခဲ့တဲ့ ရက်တွေကရေတွေ ပြန်ကျသွားတယ်ဆိုပေမဲ့ မိုးရွာတာ နှစ်ရက်လောက်ပဲရှိသေးတယ်။ ရေတော် တော် ပြန်တက်လာတယ်။ ရွှေ့တဲ့အိမ်တွေကတော့ ရွှေ့နေပြီး။ လက်ရှိယာယီနေထိုင်တဲ့ နေရာကတော့ မိခင်နှင့် ကလေးအနောက်မူကြို‌ကျောင်း။ တချို့တွေက တဲထိုးပြီးနေနေကြရတယ်။ တစ်ချို့ကလည်းဆွေမျိုး အိမ်ကိုပြောင်းသွားကြပြီး” ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းကတည်းက မြေနိမ့်ပိုင်းဖြစ်သော အမှတ် (၆) ရပ်ကွက်ထဲတွင် ရေကြီးမှုဒဏ် စတင်ကြုံခဲ့ရပြီး အိမ်ခြေ (၄၄)လုံးမှ မိသားစုဝင်များ ကနဦး ပြောင်းရွှေ့ခဲ့ရကာ ယခုဩဂုတ်လ ၁၆ ရက်နှင့် ၁၇ ရက်နေ့တွင်လည်း နှစ်ရက်ဆက်တိုက် မိုးထပ်မံရွာသွန်းသောကြောင့် အိမ်ခြေ(၂၀)ခန့် ထပ်မံ ပြောင်းရွှေ့ လိုက်ရကြောင်း အဆိုပါ ဒေသခံက ဆက်ပြောသည်။

အလားတူ ပြီးခဲ့သည့်နှစ်များကလည်း ကြာအင်းဆိပ်ကြီးမြို့တွင် ရေကြီးရေလျှံမှုများ နှစ်စဉ် ဖြစ်ပေါ်လျက်ရှိပြီး ရေဘေးကြောင့် လှေနှစ်မြှုပ်မှုနှင့် လူသေမှုဖြစ်စဉ်များရှိခဲ့သလို ယခုရက်ပိုင်းတွင်လည်း မိုးအဆက်မပြတ် ရွာသွန်းမှုများ ဖြစ်ပေါ်နေ၍ မြစ်ရေနှင့် တောင်ကျချောင်းရေများ ဆက်လက်ကြီးလာမည်ကို စိုးရိမ်ကြောင်း မြို့ခံများက ဆိုသည်။

“ရေတွေက ကျပြီးထင်တာ။ ပြီးတော့မှတောင်ကျရေရော နဂိုကတည်းကရှိနေတဲ့ရေတွေပေါင်းပြီး တက်လာတာ နှစ်ရက်လောက်မိုးဆက်တိုက် ရွာတာလည်းပါတယ်။ ဇမိမြစ်ရေက ၂၃ ပေ၊ ၆လက်မအထိ မြင့်တက်လာတယ်။ ရွှေ့ပြောင်းအိမ်ခြေကတော့ အရင်က (၄၄)အိမ်ဘဲ ဒီနေ့မှာပဲထပ်ပြောင်းရတာ အိမ် (၂၀)အားလုံး (၆၄)အိမ်ပေါ့ ”ဟု ကေအိုင်စီ သို့ ပြောသည်။

အထက်ပါဖြစ်စဉ်များနှင့်ပက်သက်ပြီး အမှတ်(၆)ရပ်ကွက်တွင်သာမကဘဲ ၎င်းနှင့်နီးစပ်လျက်ရှိသောကျေးရွာ များဖြစ်သည့်ချောင်းနှစ်ခွ၊ ဘုရားကုန်း၊ ကော့ကမာ ၊ သံပုရာရွာ၊ မင်္ဂလာကုန်းရွာ နှင့်ရွှေလင်း စသော ရွာများ ဘက်မှာလည်း မိုးအဆက်မပြတ်ရွာသွန်းမှုဒဏ်ကြောင့် လမ်းများပျက်စီးကာ သွားလာရေး အခက်အခဲများ လည်းရှိနေကြောင်း ဒေသခံ များက ပြောသည်။