Home သတင်း ဖားအံမြို့ စက်သုံးဆီဆိုင်များတွင် ဆီပြတ်လပ်မှုများဖြစ်ပေါ်နေ

ဖားအံမြို့ စက်သုံးဆီဆိုင်များတွင် ဆီပြတ်လပ်မှုများဖြစ်ပေါ်နေ

1749
Photo: CJ

ဩဂုတ်လ ၉ ရက်၊ ၂၀၂၂ ခုနှစ် ။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ စက်သုံးဆီဆိုင်ကြီးများတွင် ယခုရက်ပိုင်းအတွင်း ဆီပြတ်လပ်မှုများကြုံတွေ့နေရကြောင်း ဖားအံမြို့နေ ပြည်သူများထံမှ သိရသည်။

စစ်အာဏာသိမ်း ပြီးနောက်ပိုင်း စက်သုံးဆီဈေးများ မငြိမ်သက်မှုများ ဖြစ်ပေါ်နေစဉ် ဖားအံမြို့ပေါ်ရှိ ဆီဆိုင်ကြီးများတွင် ဆီပြတ်လပ်မှုများကြောင့် ဝယ်မရဖြစ်နေကြောင်း ဖားအံမြို့နေ ပြည်သူတစ်ဦးက ယခုလိုပြောသည်။

“ဆိုင်ကတော့ပိတ်တယ်လို့တော့ မဟုတ်ဘူး။ ဆီတွေပြတ်တာကတော့ ဟုတ်တယ်။ Denko တို့၊ ဘာတို့ဆိုရင် ဆီဆိုင်မှာ မနက်ကဆို ဆီသွားထည့်တာ ဆိုင်ပိတ်တယ်။ ဆီတွေ မရှိတော့ဘူးတဲ့ အဲ့လိုတော့ပြောတယ်။ ရတနာမြေ(ဆီဆိုင်)တို့လည်း ဆီမရှိတော့ဘူးတဲ့အဲ့လိုပဲပြောတယ်။ အဲ့တာကြောင့် အိမ်ပြန်လာလိုက်ရ တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိ စက်သုံးဆီဈေးမှာလည်း မြှင့်တက်လာသလို ဆီများကိုလည်း ယခင်ကထက် ပေးရသည့် တန်ဖိုးထက်လျှော့နည်းပြီး ထည့်ပေးမှုများလည်းရှိနေပြီး စက်သုံးဆီပြတ်လပ်မှုနှင့်စျေးမြှင့်တက်မှုများကြောင့် မြို့နေပြည်သူများ အနေဖြင့် သွားရေးလာရေးအတွက် အခက်အခဲ ရှိနေကြောင်းလည်း မြို့ခံများက ဆိုသည်။

နောက်ထပ်မြို့ခံတစ်ဦးကလည်း “လမ်းဘေးဆီဆိုင်တွေကကျတော့ မတန်ဘူးလေ။ အရင်ကဆို Grand (အရက်ပုလင်း) တစ်ထောင့်ဆို တစ်ထောင်လေ။ ဖားအံမှာက အရက်ပုလင်းထဲကို ဆီထည့်ရောင်းတာလေ။ အခုဆို အဲ့လိုတစ်ပုလင်းကို ထောင့်ငါးရာ၊ နှစ်ထောင်ထိ ပေးဝယ်ရတာ။ ဆိုင်ကြီးတွေမှာ ကျတော့လည်း တစ်ထောင် ဖိုးထည့်ရင် ငါးရာဖိုးလောက်ပဲ ထည့်ပေးတော့တယ်။ ဆီဆိုင်တွေအကုန်နီးပါးပဲပိတ်တယ်။ မနေ့ကဆို ချောစု ဆီဆိုင် တစ်ဆိုင်ပဲကျန်တယ်” ဟု ကေအိုင်စီသို့ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် စက်သုံးဆီစျေးနှုန်းများ ပြန်လည်ကျသွားခဲ့သော်လည်း ယခုရက်ပိုင်းများတွင် ဆီစျေးနှုန်းများ ပြန်လည် မြှင့်တက်လာသလို ၎င်းမြို့ကြီးများအပြင် ပြင်ဦးလွင်၊ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့ကြီးတချို့တွင်လည်း ဆီပြတ်လပ်မှုများ ဖြစ်ပေါ်လျက်ရှိသည်ဟု ဒေသတွင်းသတင်းမီဒီယာများ၏ ဖော်ပြချက်အရသိရသည်။

စစ်အာဏာသိမ်းကာလအတွင်း ဖားအံမြို့ပေါ်ဒေသတွင် ဆီစျေးနှုန်း မြှင့်တက်မှု ကြုံတွေ့ခဲ့ရသလို လက်ရှိတွင် ဆီပြတ်လပ်မှုများပါ ထပ်မံကြုံတွေ့နေရခြင်းဖြစ်သည်။

လက်ရှိ ကရင်ပြည်နယ် ဖားအံမြို့တွင် စက်သုံးဆီ ဓာတ်ဆီ 95 ရွန်တစ်လီတာကို ၁၉၆၀ ကျပ် ၊ ပရီမီယံဒီဇယ်တစ်လီတာကို ၂၃၄၀ကျပ် နှင့် ရိုးရိုးဒီဇယ်တစ်လီတာကို ၂၂၀၀ ကျပ်အထိရှိနေပြီး အချိန်နှင့်အမျှ စျေးနှုန်းအပြောင်းအလဲရှိသည်ဟုလည်း သိရှိရသည်။