ဩဂုတ်လ ၂၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
လတ်တလော ကုန်ဈေးနှုန်း အလွန်မြင့်တက်နေချိန်တွင် ကရင်ပြည်နယ်အတွင်းရှိ ကွမ်းသီးနုဈေးနှုန်းသည် ကျဆင်းလာပြီး ရရာစျေးနှုန်းဖြင့်သာ ရောင်းချပေးနေရသည်ဟု ကွမ်းစိုက်ခြံပိုင်ရှင်များက ကေအိုင်စီသို့ ပြော သည်။
ပြီးခဲ့သည့် ဇွန်လတွင် ကွမ်းသီးနုဈေးကွက်သည် တစ်ကီလိုလျှင် ထိုင်းဘတ်ငွေ ၆၀ ကျော်ခန့်ပေါက်ဈေးရှိပြီး ယခု အချိန်တွင် ဘတ် ၃၀ ကျော်သာရရှိသဖြင့် ထက်ဝက်ကျော်ခန့် ဈေးနှုန်းကျဆင်းလာကြောင်း၊ ယခင်လများ၌ ကွမ်းသီးနုဈေးကွက်ကောင်းနေချိန်တွင် စာဝတ်နေရေးအတွက် အထောက်အကူပြုခဲ့သော်လည်း ယခုလို ဈေးကျဆင်းလာချိန်တွင် ရရာဈေးနှုန်းဖြင့်သာ ရောင်းချကာ စားဝတ်နေရေးအတွက် ဖြေရှင်းနေရသည်ဟု ကွမ်းသီးခြံရှင် နန်းသာခလိန်းက ပြောသည်။
၎င်းက “ကွမ်းသီးနု ဈေးကတော့ ထက်ဝက်လောက် ကျဆင်းသွားတယ်၊ ကုန်ဈေးနှုန်းက တက်လာပေမယ့် ကွမ်းသီးနု ဈေးက မတက်လာတဲ့အပြင် ဈေးတောင်ထိုးကျသေးတယ်၊ ကွမ်းခြံပိုင်ရှင်တွေကတော့ မတတ်နိုင်ဘူးလေနော်၊ ရတဲ့ဈေးနဲ့ ရောင်းကြရတာပဲ”။ဟု ကေအိုင်စီသို့ ပြောသည်။
ကရင်ပြည်နယ်အတွင်း ဒေသထွက်ကွမ်းသီးနုများကို ကီလိုချိန်နှင့် အလုံးလိုက်ဆိုပြီး ပုံစံနှစ်မျိုးနှင့် ရောင်းဝယ် နေကြပြီး ထိုကွမ်းသီးနုများကို ထိုင်းနိုင်ငံနယ်စပ်နှင့် တရုတ်နိုင်ငံတို့တွင် ဝယ်ယူနေကြသည်ဟု ကွမ်းသီးနု လိုက်လံ ဝယ်သူများက ဆိုသည်။
ယခုလို ကွမ်းသီးနုဈေးနှုန်းကျဆင်းရသည့် အဓိကအကြောင်းရင်းမှာ ဒေသအတွင်း တိုက်ပွဲဖြစ်ပွားခြင်း၊ သယ်ယူပို့ဆောင်ရာတွင် စက်သုံးဆီဈေးမြင့်မားလာခြင်းနှင့် လမ်းခရီးတွင် ငွေကြေးပေးဆောင်ရသည့် အကောက်အခွန်ဂိတ်များ တိုးပွားလာသည့်အတွက်ကြောင့်ဖြစ်သည်သည်ဟု ကွမ်းသီးနုရောင်းဝယ်သူများက ပြောသည်။

“ကျမတို့လည်း ပေါက်ဈေးအတိုင်း ဝယ်ယူနေပါတယ်။ ဈေးကျဆင်းလာရတဲ့အကြောင်းကတော့ ငွေကောက်ခံတဲ့ ဂိတ်တွေများလာတာရယ်၊ ဓါတ်ဆီဈေးမြင့်မားလာတာရယ် ထိုင်းဘက်က ကွမ်းသီးနုပေါ်ချိန်နဲ့ ထိုင်းဘက်က မြန်မာကွမ်းသီးနုတွေကို ဈေးနှိမ်လာတာရယ် ကြောင့်ပါ”ဟု ကွမ်းသီးနုများကို လိုက်လံဝယ်ယူနေသူ နန်းမီ့နူက ပြောသည်။
ကွမ်းသီးနုများကို ဒေသအတွင်းရှိ ကွမ်းခြံများအထိဆင်း၍ အဝယ်ဒိုင်များက လာရောက်ဝယ်သူကြပြီး အဆိုပါ ကွမ်းသီးနုများကို အိမ်နီးချင်နိုင်ငံများသို့ ပြန်လည်ရောင်းချကာ အစာပြေစားသုံးကုန်အဖြစ် ပြန်လည်ထုတ်လုပ် ရောင်းချကြသည်ဟု အဝယ်ဒိုင်များက ပြောသည်။
ကရင်ပြည်နယ်တွင် ပိုင်ကျုံမြို့နယ်၊ ကောကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ် စသည့်မြို့နယ်များတွင် ကွမ်းသီးထွက်ရှိသည့် ဒေသများဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံတောင်ပိုင်းဒေသရှိ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတွင်လည်း ကွမ်းသီးများ ထွက်ရှိကြသည့်ဟု သိရသည်။
အဆိုပါ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း ထွက်ရှိသည့် ကွမ်းသီးများကို ပင်လယ်ရေ လမ်းကြောင်းဖြင့် ပြည်ပသို့ ပို့ဆောင်နေကြသည်ဟု ကွမ်းသီးလိုက်လံဝယ်ယူသူများက ပြောသည်။



















