Home သတင်း အာရှလမ်းမ ဒေါနတောင်ပေါ်လမ်းတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသော်လည်း လိုင်းကားပြေးဆွဲသူများရှိနေ

အာရှလမ်းမ ဒေါနတောင်ပေါ်လမ်းတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသော်လည်း လိုင်းကားပြေးဆွဲသူများရှိနေ

1009
Photo: CJ

ဩဂုတ်လ ၁၉ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ်တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိူးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း KNLA ပူးပေါင်းတပ်ဖွဲ့၏ ကျားဖြူတပ်ခွဲ (၁) တပ်ခွဲမှူး ဗိုလ်ကျော်သက်က ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်နေ့မှစ၍ ကော့ကရိတ်မြို့အတွင်းရှိ စစ်ကောင်စီ၏ လက်အောက်ခံရဲစခန်းများကို KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များက အဖွဲ့ခွဲ၍ ဝင်ရောက်တိုက်ခိုက်မှုအပြီး ယနေ့ ဩဂုတ်လ ၁၉ ရက်နေ့အထိ အဆိုပါ ကော့ကရိတ်မြို့အနီး အာရှလမ်းမပေါ်ရှိ စစ်ကောင်စီ တပ်စခန်းများရှိရာ နေရာများတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း ကျားဖြူတပ်ခွဲ(၁)၏ တပ်ခွဲမှူး ဗိုလ်ကျော်သက်က ယခုလို ပြောသည်။

“မနက် (၉)နာရီကျော်မှာစပစ်တယ်။ ကော့ကရိတ်ဘက်က နေ့တိုင်းပဲ တိုက်ပွဲဖြစ်နေတယ်။ အခုထိလည်းပစ်နေတုန်းပဲ ။ နေ့တိုင်းပဲ ပစ်တယ် ဒီနေ့လည်း ပစ်နေတယ်။ အခုအချိန်ထိမပြီးသေးဘူး။ စစ်ကောင်စီရဲ့လှုပ်ရှားမှုက ဘာမှထွေထွေအထူး ထူး မရှိသေးဘူး။ သူတို့ဘက်ကအင်အား သိပ်မရှိတော့ဘူးလေ။ တိုက်ပွဲလှုပ်ရှားမှုက ပြင်းပြင်းထန်ထန်လှုပ်ရှားဖို့ သိပ်မရှိတော့ဘူး။ အဲ့ဒါကြောင့် ဒီဘက်က ဝင်တိုက်တာပေါ့။ အထိအခိုက်အကျအဆုံးကတော့ တိတိကျကျ မသိရသေးဘူး”ဟု သူက ကေအိုင်စီ သို့ပြောသည်။

တိုက်ပွဲများကြောင့် ယမန်နေ့ ဩဂုတ်လ ၁၈ ရက်နေ့က မြဝတီ-ကော့ကရိတ် အာရှလမ်းမကို စစ်ကောင်စီဘက် ပိတ်ခဲ့ပြီး အလားတူ မြဝတီမြို့အနီးရှိ နယ်စပ်ကုန်သွယ်ရေးဇုန်ကိုပါ ပိတ်လိုက်ကာ ဇုန်ထဲရှိ ဝန်ထမ်းများနှင့် ကားများကို မြဝတီမြို့ထဲသို့ အမြန်ပြောင်းရွှေ့ခိုင်းခဲ့ကာ ယနေ့သြဂုတ်လ (၁၉) ရက်၊ နံနက် (၉)နာရီအချိန်တွင်မူ အဆိုပါ ဇုန်ကို စစ်ကောင်စီတပ်က ပြန်လည် ဖွင့်ပေးလိုက်သလို အာရှလမ်းမကိုလည်း ပြန်လည်ဖွင့်လှစ်ပေးလိုက်ကြောင်း သိရသည်။

“မနေ့ကတိုက်ပွဲဖြစ်ထားတယ်လေ။ ဒီနေ့လည်းဖြစ်တော့ အဲ့ဒီစခန်းကို ဝင်တိုက်မှာစိုးလို့ သူတို့မိသားစုတွေကို မနေ့ညနေက မြဝတီမြို့ထဲက ၂၇၅ စစ်တပ်ဝန်းထဲကို ပြန်ပို့တယ်လို့ ပြောကြတယ်။ အခုက စစ်ပွဲက များလာတယ်ဆိုတော့ သူတို့ကို ဝင်တိုက်မှာစိုးလို့ ကြိုတင်ရွှေ့ထားတာ”ဟု ကျားဖြူတပ်ခွဲ (၁) တပ်ခွဲမှူး ဗိုလ်ကျော်သက်က ပြောသည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် အဆိုပါ ဒေသတွင် စစ်ကောင်ဘက်မှ လက်နက်ကြီးဖြင့် ကျေးရွာများထဲသို့ ရမ်းသမ်းပစ် ခတ်မှုများပြုလုပ်ခဲ့ပြီး ဒေသခံ ရွာသားများ ထိခိုက်သေဆုံးမှုတချို့ရှိခဲ့သလို ယနေ့တွင်လည်း စစ်ကောင်စီမှ လေယာဉ် ဖြင့် လာရောက်ပစ်ခတ်ဗုံးကြဲမှုများ ပြုလုပ်ခဲ့သေးကြောင်း သိရသည်။