ဇူလိုင်လ ၂၆ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီတပ်က ဇူလိုင်လ ၂၅ ရက်နေ့တွင် အင်းစိန်ထောင်၌ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှား သူများဖြစ် သည့် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို သေဒဏ်စီရင်ခဲ့ကြောင်း ကြေညာပြီးနောက် ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အရေးပေါ် အစည်း အဝေးပွဲ တစ်ရပ်ခေါ်ယူပြီး တော်လှန်ရေးအရှိန်အဟုန် မြှင့်တင်သွားရန် အလေးပေးဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။
အွန်လိုင်းဖြင့် ပြုလုပ်ခဲ့သည့် အဆိုပါ အရေးပေါ်အစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ဒုဝန်ကြီးချုပ်များအပြင် အစိုးရမိတ်ဖက်အဖွဲ့များက တက်ရောက်ခဲ့ကြပြီး ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများကို သေဒဏ်စီရင်ခဲ့သည့်အပေါ် ယခုလို ထုတ်ပြန်လာခြင်းဖြစ်သည်။
“ပြည်သူလူထုအား နည်းမျိုးစုံဖြင့် ရက်စက်စွာ နှိပ်စက်သတ်ဖြတ်ရုံသာမကဘဲ ဒီမိုကရေစီအရေး တက်ကြွ လှုပ် ရှားသူ တော်လှန်ရေးခေါင်းဆောင်များကို သွေးအေးစွာသတ်ဖြတ်ပြခြင်းဖြင့် အဆုံးစွန်ဆုံးသော ရက်စက်မှုကို ပြသခဲ့သည့် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတစ်စုတို့အား တရားဥပဒေအရ ထိုက်တန်သည့် ပြစ်ဒဏ်များချမှတ်နိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရနှင့် မိတ်ဖက်မဟာမိတ်အင်အားစု များအားလုံး ပူးပေါင်းကာ နိုင်ငံရေးနည်းလမ်း၊ သံတမန်နည်းလမ်း၊ စစ်ရေးနည်းလမ်းစသည့် နည်းလမ်းပေါင်းစုံ သုံး၍ တော်လှန်ရေးအရှိန်အဟုန်ကို မြှင့်တင်သွားနိုင်ရန် အလေးပေးဆွေးနွေးခဲ့ကြသည်” ဟု ဖော်ပြထားသည်။
ထို့အပြင် ကြေညာချက်များ၊ အစည်းအဝေးများ၏ နောက်တွင် တိကျခိုင်မာသည့် လုပ်ကိုင်ဆောင်ရွက်မှုများ အသေအချာတွဲပါလာမည်ဖြစ်ကြောင်းလည်း အဆိုပါ အရေးပေါ်အစည်းအဝေးတွင် NUG အစိုးရ ပြည်ထောင် စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားထားသည်ဟု ဆိုသည်။
စစ်ကောင်စီ၏ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၄ ဦး ကွပ်မျက်စီရင်မှုနှင့်ပတ်သက်ပြီး ကမ္ဘာ့ကုလသမဂ္ဂ (UN) အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းမှ အပြင်းအထန်ကန့်ကွက်ရှုတ်ချလိုက်ပြီး အလားတူ ပြည်တွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့နှင့်လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသည့် အဖွဲ့အစည်းများလည်း အပြင်းအထန်ကန့်ကွက်ရှုတ်ချခဲ့ကြသည်။



















