Home သတင်း မြဝတီ-ဝေါလေ (၃) ထပ်ကွေ့လမ်းပိုင်းတိုက်ပွဲ စစ်ကောင်စီတပ်များ အကျအဆုံးထိခိုက်ဒဏ်ရာရရှိမှုများကြောင့် တပ်နောက်ပြန်ဆုတ်နေရ

မြဝတီ-ဝေါလေ (၃) ထပ်ကွေ့လမ်းပိုင်းတိုက်ပွဲ စစ်ကောင်စီတပ်များ အကျအဆုံးထိခိုက်ဒဏ်ရာရရှိမှုများကြောင့် တပ်နောက်ပြန်ဆုတ်နေရ

2203

ဇူလိုင်လ ၂၅ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

မြ၀တီ -ဝေါလေလမ်းပိုင်းအား နယ်မြေစိုးမိုးနိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်နေသည့် စစ်ကောင်စီတပ်များအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်မှုကြောင့် ၃ ထပ်ကွေ့နေရာအား မကျော်လွန်နိုင်သည့်အခြေအနေရှိနေဆဲဖြစ်ပြီး ၎င်းတို့တပ်ဖွဲ့ဝင်အကျအဆုံးထိခိုက်ဒဏ်ရ ရရှိမှုများကြောင့် တပ်နောက်ပြန်ဆုတ်ခွာနေရကြောင်း KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ပြောသည်။

KNLA ပူးပေါင်းစစ်ကြောင်းတာဝန်ရှိသူ တစ်ဦးက “စစ်ကူစစ်ကြောင်းတွေက ဖလူးရွာဘက်ကို အင်အားဖြည့် ထပ်ပို့နေပြီးတော့ ၃ ထပ်ကွေ့ဘက်အကုန်တက်ခိုင်းနေတာပါပဲ၊ ၃ ထပ်ကွေ့ကို မကျော်နိုင်သေးပါဘူး။ ပစ်ခတ် သံကြားရင် တိုက်ပွဲဖြစ်နေတယ်ပုံစံ သူတို့လူကြီးတွေဆီ သတင်းပို့ပြီး တပ်ဖျောက်ရှောင်နေကြတာများတယ်။ တက်လာလိုက်၊ ပစ်ချလိုက်၊ ပြန်ဆုတ်သွားလိုက်ဖြစ်နေတာ နေ့တိုင်းလိုလို ဖြစ်နေတာပါပဲ၊ အကျအဆုံး သတင်းတွေ ဖျောက်ထားပြီး နောက်က စစ်ကြောင်းတွေ ထပ်တက်လာဖို့ သူတို့လုပ်နေကြတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ဇူလိုင်လ ၂ ရက်မှစတင်ပြီး မြ၀တီ-ဝေါလေဒေသဘက်သို့ စစ်ကောင်စီတပ်ဘက်မှ တပ်မ ၂၂ ၊ တပ်မ ၄၄ လက်အောက်ခံတပ်ရင်းများမှ စစ်သည်များအား ဖြည့်စွက်စစ်ကြောင်းဖွဲ့စည်းကာ ဖလူး- ကဆောဝါးလေး-ဝေါလေတောင်ပေါ်လမ်းအား နယ်မြေရှင်းလင်းစိုးမိုးနိုင်ရေးအတွက် စစ်ဆင်ရေးမြေပြင် စစ်ကြောင်းများ၊ လက်နက်ကြီးပစ်ကူများဖြင့် တိုက်ခိုက်သော်လည်း ၃ ထပ်ကွေ့နေရာတွင် KNLA ပူးပေါင်းတပ်များဘက်မှ တန်ပြန်တိုက်ခိုက်မှုများကြောင့် အကျအဆုံးများစွာဖြင့် တပ်ပြန်ဆုတ်ခွာမှုများဖြစ်နေသည်မှာ ယခုဇူလိုင်လ ၂၅ ရက်အထိရှိလာနေပြီဖြစ်ကြောင်း ပူးပေါင်းတပ်ဘက်က ပြောသည်။

” အခုက သူတို့ တော်တော်တပ်ပျက်နေပီ ၊ တပ်ပျက်တွေက လူတွေပြန်စုပြီး တပ်ရင်းပြန်ဖွဲ့ ရှေ့တန်းပြန် ထွက်ခိုင်းအဲ့သလိုတွေ ဖြစ်နေပြီ။ အဲ့ဒီစစ်ကြောင်းတွေဘက်က ကျနော်တို့ဘက်ကို CDM ၀င်ပူးပေါင်းခိုလှုံ တာတွေလည်း ရှိနေတယ်၊ နောက်ထပ် CDM ၀င်မယ်ဆို အချိန်မရွေးရောက်တဲ့နေရာနေဆက်သွယ်ပါ ၊ ဘေးကင်းလုံခြုံအောင် ဆောင်ရွက်ပေးနေပါတယ်”ဟု အဆိုပါ KNLA ပူးပေါင်းတပ်ဖွဲ့တာ၀န်ရှိသူက ဆက်ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ ၆ ဒေသတွင် ယခုဇူလိုင်လအတွင်း မြ၀တီ-ဝေါလေလမ်းပိုင်း၊ မြ၀တီ-မဲကနယ်-အာရှလမ်းသစ်၊ ကော့ကရိတ်-ကိုးတိုင်-တောင်ကြာအင်းလမ်းပိုင်း၊ ကြာအင်းဆိပ်ကြီး-ကျိုက်ဒုံ-အဇင်းလမ်းပိုင်းနေရာဒေသအတွင်း စစ်ကောင်စီတပ်များနှင့် KNLA ပူးပေါင်းတပ်များ နှစ်ဖက်ပစ်ခတ် တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်သည်ဟု မြေပြင်သတင်းအရ သိရသည်။