Home သတင်း ဝင်းရေးဒေသ ကရင်အထက်တန်းကျောင်းတွင် ကျောင်းသားဦးရေတိုးလာ၍ သင်ထောက်ကူပစ္စည်းများ အခက်အခဲရှိလာ

ဝင်းရေးဒေသ ကရင်အထက်တန်းကျောင်းတွင် ကျောင်းသားဦးရေတိုးလာ၍ သင်ထောက်ကူပစ္စည်းများ အခက်အခဲရှိလာ

1215

ဇူလိုင် ၇ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်(ကြာအင်းဆိပ်ကြီးမြို့နယ်) ပျော်သာယာကျေးရွာတွင် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန-KECD က ဖွင့်လှစ်ထားသည့် အထက်တန်း စာသင်ကျောင်းတွင် ယခုနှစ် ကျောင်းသားဦးရေတိုးလာနေသည့်အတွက် ပုံနှိပ်စာအုပ်နှင့် သင်ထောက်ကူ ပစ္စည်းများ လိုအပ်လျက်ရှိသည်ဟု ကျောင်းတာဝန်ရှိသူများထံမှ သိရသည်။

ယခင်နှစ် ၂ဝ၂၁-၂ဝ၂၂ တွင် အဆိုပါ ကျောင်း၌ ကျောင်းသူကျောင်းသားဦးရေ ၃၄၃ ဦးသာရှိခဲ့ရာမှ ယခုနှစ်တွင် ကျောင်းသူကျောင်းသားဦးရေ ၅ဝဝ နီးပါးအထိ တိုးလာသည့်အတွက် အတန်းလိုက် စာသင်ခန်းများခွဲ သင်ပေးနေ ရလျက်ရှိပြီး ပုံနှိပ်စာအုပ်များ လုံလောက်မှုမရှိသည့်အတွက် စာသင်ကြားမှု အခက်အခဲရှိနေသည်ဟု ကျောင်း၏ အထက်တန်းပြဆရာမ နော်အေးအေးလွင်က ပြောသည်။

၎င်းက “ အခြားကျောင်းကနေ ပြောင်းလာတာများတော့ ဒီနှစ်မှာ ၉ တန်း ၁ဝ တန်းကို နှစ်ခန်းခွဲပြီး သင်ပေးရတယ် ပေါ့နော်။ တစ်ခန်းကို လူ ၅ဝ ကျော်ရှိတယ်။ အခန်းကကျဉ်းတော့ စာသင်ရခက်ခဲတယ်။ ပုံနှိပ်စာအုပ်တစ်အုပ်ကို လူ ၅ ယောက်လောက် စုကြည့်နေရတော့ ကျောင်းသားတွေအတွက် အဆင်မပြေဘူးပေါ့နော်” ဟု ကေအိုင်စီ သို့ပြောသည်။

ထို့အပြင် ယခင်နှစ်က ဒသမတန်းတွင် ကျောင်းသူ၊ ကျောင်းသားဦးရေ ၄၇ ဦးသာရှိခဲ့ရာမှ ယခုနှစ်တွင် ကျောင်းသူကျောင်းသား ဦးရေ ၁ဝဝ ကျော်အထိတိုးလာသည့်အတွက် စာသင်ဆောင်နှင့် သင်ထောက်ကူပစ္စည်းများ လိုအပ်လျက်ရှိသည်ဟု ကျောင်းတာဝန်ရှိသူများထံမှ သိရသည်။

“ ကိုဗစ်ကာလနဲ့ အာဏာသိမ်းတဲ့အခြေအနေကြောင့် ၁ဝ (ဒသမ)တန်း ၂ နှစ်နားခဲ့ရတယ်။ ဒီနှစ်တော့ ကော်သူး လေကျောင်းမှာ ပြောင်းလာလိုက်တယ်။ ကိုယ့်ကရင်စာပါ သင်ခွင့်ရတော့ အဆင်ပြေတယ်။ ဘာသာရပ် တွေကလည်း အရင်ကျောင်းကလို ဒါကျက်၊ ဒါမေး၊ ဒါဖြေမဟုတ်ဘူးပေါ့နော်။ ကိုယ်နားလည်သလို ဖြေဆိုရှင်းပြလို့ ရတယ်။ ပုံနှိပ်စာအုပ်မလုံလောက်တော့ အိမ်စာပေးရင် ညအချိန်သူများအိမ်မှာသွားစုပြီး ကြည့်ရတော့ အခက်အခဲရှိတယ်ပေါ့နော်” ဟု ရန်ကုန်မြို့မှ ပြောင်းရွှေ့လာသူ စောအောင်ကျော်မင်းက ပြောသည်။

ကေအဲန်ယူ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်(ကြာအင်းဆိပ်ကြီးမြို့နယ်)တွင် နိုင်ငံရေးနှင့် စစ်ပွဲ အခြေ အနေများကြောင့် စာသင်ကျောင်းအများစုမှာ ယခုအထိ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးသည့်အတွက် ကေအဲန်ယူ ဖွင့်လှစ်သည့် စာသင်ကျောင်းများကိုသာ ဒေသအသီးသီးမှ ကျောင်းသူ၊ ကျောင်းသားများက လာရောက်ကျောင်းတက်နေကြရသဖြင့် ကျောင်းသင်ထောက်ကူပစ္စည်းများ မလုံလောက်မှုအခက်အခဲနှင့် ကြုံတွေ့လာရခြင်းဖြစ်သည်ဟု ပညာရေးဌာန တာဝန်ရှိသူထံမှ သိရသည်။

စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက် ဖြစ်ပေါ်လာသော နိုင်ငံရေးနှင့် စစ်ပွဲအခြေအနေများကြောင့် နှစ်ဘက် ရောနှောအုပ်ချုပ်နယ်မြေအတွင်းရှိ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးချိန်တွင် ကျောင်းသူကျောင်းသားအများစုမှာ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ပညာရေးဌာနမှ ဖွင့်လှစ်ထားသော ခရိုင်၊ မြို့နယ်အသီးသီးရှိ စာသင်ကျောင်းများတွင် လာရောက်ကျောင်းတက်နေကြရသည်ဟု သိရသည်။

ထို့ကြောင့် ယခုနှစ် ပညာသင်နှစ်တွင် ခရိုင်၊ မြို့နယ် အသီးသီးရှိ စာသင်ကျောင်းများတွင် ကျောင်းသား ဦးရေ ပိုတိုးလာ၍ နေရာထိုင်ခင်း၊ အစားအသောက်အခက်အခဲများအပြင် စာသင်ဆောင်အခက်အခဲနှင့် သင်ထောက်ကူ ပစ္စည်းမလုံလောက်မှု အခက်အခဲများကို ကြုံတွေ့ရသည်ဟု KECD တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရှိရသည်။

ယခင်နှစ် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကေအဲန်ယူ သထုံ၊ တောင်ငူ၊ ညောင်လေးပင်၊ ဘိတ်-ထားဝယ်၊ မူတြော်၊ ဒူးပလာယာနှင့် ဖားအံ စသည့် ခရိုင် ၇ ခုတွင် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာနအောက်ရှိ မူလတန်းမှ အထက်တန်းအထိ စာသင်ကျောင်းပေါင်း ၁,၀၉၆ ကျောင်းမှ ကျောင်းသူ၊ ကျောင်းသား ဦးရေ စုစုပေါင်း ၈၉,၈၇၉ ဦးရှိသည်ဟု KECD စာရင်းအရ သိရသည်။ ယခုနှစ် ကျောင်းသူ၊ ကျောင်းသားဦးရေ စာရင်းကိုမူ ကောက်ခံစုဆောင်းနေဆဲဖြစ်သည်ဟု သိရသည်။