ဇူလိုင်လ ၁၉ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကော်သူးလေတပ်မတော်(Kaw Thoo Lei Army) ကို ဖွဲ့စည်းလိုက်ကြောင်း KNU က တာဝန်နှင့် ရာထူး ထုတ်ပယ်ခံ ထားရသည့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ်စောနယ်ဒါးဘိုမြက ဇူလိုင် လ ၁၉ရက်၊ ယနေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။
KNDO အနေဖြင့် ရပ်တည်လုပ်ဆောင်ရန် ခက်ခဲလာသောကြောင့် စစ်အာဏာရှင်ကို အမြစ်ပြတ်ခြေမှုန်း တိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့် ဇူလိုင်လ ၁၇ရက်နေ့ကတည်းက Kaw Thoo Lei Army ကို စတင်ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး ယခုလို ပြောင်းလဲဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ်စောနယ်ဒါးဘိုမြက ကရင်ဘာသာဖြင့် ကေအိုင်စီသို့ ယခုလို ပြောသည်။
၎င်းက “အခု နိုင်ငံရေး အကြပ်အတည်းကို ဖြေရှင်းတဲ့နေရာမှာ ခေါင်းဆောင်တချို့ရဲ့ အခြေအနေအမျိုးမျိုးတွေကြောင့် ရှေ့ဆက်ကျနော်တို့ အလုပ်လုပ်ဖို့က အခက်အခဲဖြစ်စေတာကြောင့် ကျနော်နဲ့အတူ လက်တွဲ လုပ်ဆောင်မယ့်သူအား လုံး ပါဝင်လာနိုင်ဖို့ ကျနော့်အနေနဲ့ ဒါကို ဖွဲ့စည်းလိုက်ရခြင်းဖြစ်တယ်။ မဟုတ်ရင် အခု ကျနော်တို့ရဲ့နိုင်ငံရေး ရှေ့ဆက် သွားဖို့က မလွယ်ဘူး။ တချို့တပ်ရင်း တပ်မဟာတွေက တိုက်တယ်။ အဲ့ဒီအပေါ်မှာ စည်းလုံးမှုမရှိတာကိုတွေ့နေရ တယ်။ ကျနော်တို့က ဒီစစ်ကောင်စီနဲ့ စစ်အာဏာရှင်စနစ် လူမျိုးကြီးဝါဒတွေကို တိုက်ဖျက်သွားဖို့အတွက်ပဲ ဖြစ်တယ်” ဟု ပြောသည်။
ယခုလို အဖွဲ့သစ် ဖွဲ့စည်းလိုက်ခြင်းမှာ အဖွဲ့အစည်းအတွင်း အကွဲအပြဲ ဖြစ်ပေါ်ခြင်းမဟုတ်ကြောင်း၊ မိခင်အစည်းအရုံး နှင့် မိမိလူမျိုးအပေါ် ဆန့်ကျင်ခြင်းမဟုတ်ကြောင်းနှင့် နိုင်ငံရေးပြဿနာကို ဖြေရှင်းနေသည့် ခေါင်းဆောင်များ၏ လုပ် ဆောင်မှုများအပေါ် အယုံအကြည်မရှိတော့သည့်အပေါ် လွတ်လပ်စွာ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်ရန်အတွက် သာဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီးစောနယ်ဒါးဘိုမြက ဆက်ပြောသည်။
ထို့အပြင် တစ်ဖက်တွင် ထိပ်ပိုင်းခေါင်းဆောင်များ၏ နိုင်ငံရေးကစားကွက်အမှားများကြောင့် ဖြစ်ပေါ်လာမည့် အဖွဲ့အစည်းအတွင်း ပြိုကွဲမှုကို ကြိုတင်ကာကွယ် အာမခံချက်ပေးနိုင်ရန်အတွက်လည်း ယခုလို အဖွဲ့အစည်းသစ်ကို ဖွဲ့စည်း ထားခြင်းဖြစ်ပြီး စစ်အာဏာရှင်စနစ်ကို အတူတကွ တိုက်ခိုက်ဖြိုဖျက်ချင်သူများက ၎င်းနှင့်အတူ လက်တွဲလုပ်ဆောင် နိုင်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၆ရက်နေ့က ကျရောက်သည့် ၇၅နှစ်မြောက် KNDO နေ့တွင် KNDO ၏ စစ်ဦးစီးချုပ်မှာ ဗိုလ်မှူးချုပ်စောရှီးလေဖြစ်ကြောင်း KNU-ကရင်အမျိုးသားအစည်းအရုံးက တရားဝင် ထုတ်ဖော်ခဲ့ပြီးနောက် သုံးရက်မြောက် နေ့တွင် ယခုလို အဖွဲ့သစ်ကို ဖွဲ့စည်းတည်ထောင်ကြောင်း ထုတ်ပြန်လာခြင်းလည်းဖြစ်သည်။
ကော်သူးလေတပ်မတော် တည်ထောင်သည့် ဗိုလ်မှူးချုပ်စောနယ်ဒါးဘိုမြသည် ၂၀၂၁ခုနှစ်က ဝေါလေဒေသတွင် လူ ၂၅ဦး သတ်ဖြတ်မှု၌ တာဝန်ရှိကြောင်း စုံစမ်းစစ်ဆေးပြီးနောက် ၎င်းကို ရာထူးနှင့်တာဝန် နှစ်ရပ်စလုံးကို ရပ်နားလိုက် ကြောင်း KNU ကာကွယ်ရေးဌာနက ယခုနှစ်၊ ဇန်နဝါရီလတွင် ထုတ်ပြန်ကြေညာထားခံရသူဖြစ်သည်။

KNU တပ်မဟာ (၆)နယ်မြေ၊ ကော့ကရိတ်မြို့နယ်ရှိ ဖလူး-ဝေါ်လေတွင်ဖြစ်ပွားခဲ့သည့် KNDO တပ်ဖွဲ့ဝင်များမှ အရပ် သားများကိုသတ်ဖြတ်ကြောင်း စစ်ကောင်စီ၏ စွပ်စွဲချက်နှင့်ပတ်သက်ပြီး ယမန်နှစ် ဇူလိုင်လ ၅ရက်နေ့က KNU ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီမှ အရေးပေါ် အစည်းအဝေးခေါ်ယူ၍ KNU ကာကွယ်ရေးဌာန တာဝန်ခံ ပဒိုစောရော ဂျာခင်က လက်မှတ်ထိုးကာ ကနဦးအားဖြင့် ရာထူး၊တာဝန်မှ ယာယီ ရပ်စဲခဲ့သေးသည်။
အဆိုပါကာကွယ်ရေးဌာန၏ ညွန်ကြားချက်ထုတ်ပြန်စာအပေါ် လက်မခံကြောင်းလည်း ယမန်နှစ်၊ ဇူလိုင်လ ၁၁ရက်နေ့ တွင် ဗိုလ်မှူးချုပ်စောနယ်ဒါးမြက တန်ပြန် သဘောထား ထုတ်ပြန်ခဲ့သည်။
ထို့အပြင် ယခုအသစ် ဖွဲ့စည်းလိုက်သည့် (Kaw Thoo Lei Army)၌ အဖွဲ့ဝင် စစ်ကြောင်းအနေဖြင့် ပါဝင်သွားမည်ဖြစ် ကြောင်း KNU တပ်မဟာ (၆)နယ်မြေတွင် စစ်ကောင်စီကို တိုက်ခိုက်နေသည့် VENOM COMMANDO စစ်ကြောင်းက လည်း ယနေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်သည်။
(Kaw Thoo Lei Army) ဖွဲ့စည်းမှုနှင့်ပတ်သက်ပြီး ကေအဲန်ယူ ဗဟိုနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဗဟိုဌာနချုပ်အနေဖြင့် တရားဝင် သိရှိခြင်းမရှိကြောင်းနှင့် ကေအဲန်ယူ၏ လုပ်ထုံးလုပ်နည်းအရ ဖွဲ့စည်းထားခြင်း မျိုးမဟုတ်ကြောင်း KNLA ၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက မှတ်ချက်ပြု ပြောဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၇ရက်၊ ညဦးပိုင်းကလည်း KNU တပ်မဟာ(၄)နယ်မြေအတွင်းရှိ စောနယ်ဒါးဘိုမြ ဖွဲ့စည်းထား သော (Kaw Thoo Lei Army) အထူးတပ်ရင်းနှင့် တပ်မဟာ (၄) လက်အောက်ခံ တပ်ဖွဲ့ဝင်များအကြား ပစ်ခတ်မှု ဖြစ် ပွားခဲ့သေးသည်ဟု ကွယ်ကလူသတင်းဌာန၏ အွန်လိုင်းစာမျက်နှာတွင် ကရင်ဘာသာဖြင့် ဖော်ပြချက်အရ သိရှိရသည်။
“ဖြစ်တာက ည ၇နာရီကျော်လောက်မှာ။ သူတို့လာတာ ကင်း(ဂိတ်)က လှမ်းအော်တော့ ဘာမှပြန်မပြောတော့ ပစ်ခတ် မှုဖြစ်ပွားတာပါ။”ဟု KNU ဘိတ်-ထားဝယ်ခရိုင် တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
ယခုလို တပ်မတော်အသစ် ပေါ်ထွက်လာမှုနှင့်ပတ်သက်၍လည်း နယ်မြေဒေသအသီးသီးမှ ကရင်လူထုများနှင့် တော် လှန်ရေးအင်အားစုများက အဖွဲ့အစည်းအတွင်း အကွဲအပြဲဖြစ်ပေါ်လာမည်ကို စိုးရိမ်မှုများရှိသလို အဖွဲ့သစ်ကို ထောက် ခံသူများနှင့် လက်မခံသူများကလည်း မှတ်ချက်ပေး ပြောဆိုမှုမျိုးစုံ ပေါ်ထွက်လာသော်လည်း ကော်သူးလေတပ်မတော် ဖွဲ့စည်းမှုနှင့်ပတ်သက်၍ KNU ဗဟိုမှ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမျိုး မရှိသေးပေ။


















