ဇွန်လ ၂ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
KNU-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ (၅) ဒေသတွင် စစ်ကောင်စီ၊ နယ်ခြားစောင့်တပ်(BGF) ပူးပေါင်းတပ်ဖွဲ့နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ဖွဲ့များအကြား မေလတစ်လတာအတွင်း တိုက်ပွဲအကြိမ်ပေါင်း ၃၄၀ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် ဘက်မှ တပ်ရင်းမှူးနှစ်ဦး အပါအဝင် ၁၀၀ ကျော် ကျဆုံးခဲ့သည်ဟု KNU တပ်မဟာ(၅)ဘက်က ယနေ့ ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့်မေလတစ်လအတွင်း နှစ်ဖက်တိုက်ပွဲပေါင်း (၃၄၀)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် BGF ဘက်မှ တပ်ရင်းမှူး နှစ်ဦးအပါအဝင် ၁၄၃ ဦးသေဆုံးပြီး ၁၀၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို KNLA ဘက်မှ တစ်ဦးကျဆုံးပြီး ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် စစ်ကောင်စီ၏ ထောက်ပို့ယာဉ် ၄ စီး ဖျက်ဆီးနိုင်ခဲ့ပြီး ထောက်ပို့ မြင်းလား ၂၉ ကောင်ကို သုတ်သင်နိုင်ခဲ့ကာ ထောက်ပို့အတွက် အသုံးပြုသည့် တံတား ၂ စင်းကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း KNU က ဆိုသည်။
ပြီးခဲ့သည့်လများတွင် တပ်မဟာ(၅)ဘက်သို့ စစ်ကောင်စီဘက်မှ လေကြောင်း အသုံးပြုတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော်လည်း ယခုမေလတွင်မူ နှစ်ဖက်တိုက်ပွဲတွင် လေကြောင်းတိုက်ခိုက်မှုမရှိတော့ဘဲ လက်နက်ကြီး ၁၀၆ ကြိမ်ပစ်ခတ်ခဲ့ပြီး ၎င်းပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အလားတူ KNU၊ သထုံခရိုင်၊ တပ်မဟာ(၁)နယ်မြေ၌လည်း မေလ တစ်လတာကာလတွင် စစ်ကောင်စီ၊ နယ်ခြားစောင့်တပ်(BGF)နှင့် KNLA ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲပေါင်း ၄၁ ကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ဖက် တိုက်ပွဲတွင် စစ်ကောင်စီဘက် ၇၁ ဦးသေဆုံးပြီး ၅၃ ဦးထိခိုက် ဒဏ်ရာရရှိ ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။
အဆိုပါ နှစ်ဖက်တိုက်ပွဲပေါင်း ၄၁ ကြိမ်တွင် စစ်ကောင်စီဘက်မှ အသုံးပြုသည့် စစ်ကား ၅ စီး ပျက်စီးသွားကြောင်း နှင့် KNLA ပူးပေါင်း တပ်ဖွဲ့ဘက်တွင်မူ ၂ ဦးကျဆုံးကာ ၁၁ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



















