Home တွေ့ဆုံမေးမြန်းခန်း ကျောင်းသားမိဘတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်

ကျောင်းသားမိဘတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်

1158

ကျောင်းသားမိဘတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်

(ဇွန်လ ၁၈ရက်၊ ၂၀၂၂ ခုနှစ်။ )

“ဒီမိုကရေစီရမှပဲကျောင်း ထားမယ်။ ဒီမိုကရေစီ မရမချင်း ကျောင်းမထားဘူးလို့ အဒေါ်အနေကတော့ ဆုံးဖြတ်ထားတယ်။”

စစ်ကောင်စီက ဖွင့်လှစ်သည့် ပညာရေး စနစ်အပေါ် အယုံအကြည်မရှိသောကြောင့် သားသမီး ၄ ဦးစလုံးကို ကျောင်းမထားဘဲ တော်လှန်ရေးတွင် အဆုံးထိပါဝင်သွားမည်ဆိုသည့် ဖားအံမြို့ရှိ ကျောင်းသားမိဘ တစ်ဦးနှင့် ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

မေး- စစ်ကောင်စီက ဖွင့်တဲ့ ၁၀ တန်းအောင်စာရင်းတွေက ထွက်ပြီ။ ကလေး၄ ယောက်စလုံး ကျောင်းလုံးဝမထားတဲ့ အဒေါ်အနေနဲ့ စိတ်ထဲမှာ ဘယ်လို ခံစားရလဲ။ ကလေးတွေကိုကော ဘာလို့ ကျောင်းမ ထားတာလဲ။
အဒေါ်အနေနဲ့က ကိုယ့်သားသမီးတွေကတော့ ကျောင်းမနေရဘူးဆိုတော့ စိတ်တော့မကောင်းဘူးပေါ့။ ဒါပေမဲ့ အဒေါ်က ကလေးတွေ လေးယောက်စလုံး ကျောင်းမထားဘူးဆိုတာက စစ်ကျွန်ပညာရေးကို မယုံကြည် တဲ့ အတွက် ကျောင်းမထားတာ။ နောက်အခုဖြစ်နေတဲ့ စစ်ဘေးရှောင်ကလေးတွေ မီးရှို့ပြာကျသွားတဲ့ အိမ်တွေရဲ့ မိသားစုတွေလည်း ကိုယ်ချင်းစာတဲ့အတွက် အဒေါ်အနေနဲ့ ကိုယ့်ကလေးတွေကို ကျောင်းမထားဘူး။

မေး- အခုအဒေါ့်ပတ်ဝန်းကျင်မှာ တစ်ရပ်ကွက်လုံးနီးပါး ကလေးတွေကို ကျောင်းထားနေကြတယ်လို့ သိရတယ်။ အဲ့တော့ အဒေါ့်အနေနဲ့ကော ကိုယ့်ကလေးတွေကို ကျောင်းထားချင်စိတ်ဖြစ်လား။
အဒေါ်ကတော့ အဒေါ်သားသမီးတွေကို အမေစုပြန်လွတ်မှကျောင်းထားမယ်။ နောက်ပြီးတော့ ဒီမိုကရေစီ မရမချင်း အဒေါ်ကတော့ကလေးတွေကို ကျောင်းမထားဘူး။ အဒေါ်သားသမီးတွေကို မိဘတစ်ယောက်အနေနဲ့ ကတော့ ပညာတတ်ကတော့ဖြစ်စေချင်တာပေါ့။ အဒေါ်အနေနဲ့ကတော့ တိုင်းပြည်မှာ ဒီလို မတည်မငြိမ်ဖြစ်တဲ့ အပေါ်မှာ ကိုယ်လိုချင်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီမရတဲ့အပေါ်မှာ အဒေါ်ကတော့ကျောင်းမထားဘူးလို့ ဆုံးဖြတ်ထား တယ်။

မေး။ စစ်ကောင်စီတပ်က ကျောင်းမထားမနေရ အတင်းအကြပ် ခြိမ်းခြောက်တော့ တစ်ချို့မိဘတွေ တော်တော် များများ ကျောင်းထားနေရတာလည်း ပြောကြတယ်။ အဒေါ်ကိုရော ခြိမ်းခြောက်တာတွေရှိလား။
တစ်ချို့မိဘတွေကျတော့လည်း စစ်ကောင်စီကနေပြီးတော့ သူတို့ကိုကျောင်းမထားရင် ကလေးတွေကို ကျောင်းမထားရင် မိဘတွေကို အရေးယူမယ်လို့တော့ အဲ့လိုတော့ ခြိမ်းခြောက်တယ်ပေါ့နော်။ အဒေါ်အနေနဲ့ ကတော့ သားသမီးတွေကို ကျောင်းထားတာကိုတော့ အဒေါ်ဘာမှပြောချင်ဘူး ။ သူတို့တွေက သားသမီးတွေကို ပညာတတ်ချင်လို့ကျောင်းထားတာလေ။ အဲ့လိုမျိုးဆိုတော့ အဒေါ်ကတော့သူတို့တွေကိုတော့ ဘာမှတော့မပြော ချင်ဘူးပေါ့နော်။ ပတ်ဝန်းကျင်ကထားလို့လည်း ထားကြတာရှိတယ်။ တစ်ချို့တွေကလည်း စစ်ကောင်စီက ခြိမ်းခြောက်လို့ထားတာလည်းရှိတယ်။ တစ်ချို့တွေက ပတ်ဝန်းကျင်ကအကုန်လုံးထားပြီးတော့မှ ကိုယ့်ကလေး ကျောင်းမထားရင် ကိုယ့်ကိုပဲ စစ်ကောင်စီက အရေးလာယူမလားဘာလားကြောက်ပြီးတော့မှ ထားကြတာလို့ အဒေါ်ကတော့ထင်တာပဲ။

မေး- အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကနေ အွန်လိုင်းဖက်ဒရယ်ပညာရေးနဲ့ ကျောင်းတွေ ဖွင့်လှစ်ပေး တာတွေရှိတော့ အဲ့မှာ ကျောင်းထားဖို့အစီအစဉ်ဘယ်လိုရှိလဲ။
NUG ဖွင့်ထားတဲ့ကျောင်းဆိုတာတော့ သူများပြောတာတော့ အဒေါ်ကြားတယ်။ အဒေါ်ကတော့ ထားချင်တယ်။ ကလေးတွေကို ဘယ်လိုဆက်သွယ်မရလဲ ဆိုတာကို အဒေါ်လည်း နားမလည်တော့ လုပ်လို့မတတ်ဘူး ။ NUG ပညာရေးစနစ်ကိုတော့သဘောကျတယ်။ အဒေါ်ထားချင်တယ်။ အဆက်အသွယ်ကိုဘယ်လိုလုပ်ရမလဲဆိုတာ အဒေါ်ကနားမလည်တဲ့အတွက် အဒေါ်မလုပ်ရဘူး။

မေး- တော်လှန်ရေးက ကိုယ်မျှော်မှန်းထားသလို အချိန်တိုအတွင်းမရရင်ကော ကိုယ့်ကလေးတွေရဲ့ ပညာရေး အတွက် ဘယ်လို စိုးရိမ်မှုရှိလဲ။
ဒီတော်လှန်ရေးက ကိုယ်မျှော်လင့်ထားသလိုအချိန်တိုတွင်းမရရင် ကလေးတွေ ပညာရေးအတွက်စိုးရိမ်မှု ရှိလားဆိုရင် စိုးရိမ်တာပေါ့။ ဒါပေမဲ့ပညာဆိုတာအသက်ငယ်တဲ့အချိန်မှာပဲ သင်လို့ကောင်းတယ်။ အသက်ကြီး ရင်လည်း ပညာသင်ယူလိုချင်တဲ့စိတ်ရှိဖို့ပဲ အဓိကလို့ အဒေါ်ထင်တယ်။ ဒါကြောင့်မို့ အဒေါ်ကလေးတွေကို ပညာ သင်ယူစိတ်ရှိအောင် ပြောပြထားတယ်။ စိုးရိမ်လားဆို မစိုးရိမ်ဘူး။ ဘာကြောင့်လဲဆိုတော့ အဒေါ်ကလေးတွေ ပညာသင်ယူချင်တယ်။ အသက်ကြီးတာနဲ့ငယ်တာနဲ့မဆိုင်ဘူး။ အသက်ကြီးသွားလည်းသူတို့စိတ်ထဲမှာ ပညာသင် ယူလိုစိတ်ရှိတဲ့အပေါ်မှာအဒေါ်ကတော့ သင်မယ်။ NUG ပညာရေးမှာကလေးတွေကို ကျောင်းထားဖို့တော့ အဒေါ် ဆုံးဖြတ်ထားတယ်။ ကလေးတွေလည်း နေချင်တယ်။ NUG ပညာရေး နဲ့ အဆက်အသွယ် ရရင်အဒေါ်သေချာပေါက်ထားမယ်။ ဘယ်လိုဆက်သွယ်ရမယ်မသိသေးတော့ အဒေါ်အခုမထားရသေးဘူး။ အဒေါ်ထားချင်တယ်။

မေး။ စစ်ကောင်စီနှင့် Non CDM ဆရာ /မတွေ ဖွင့်တဲ့ပညာရေးကိုရော အန်တီအနေနဲ့ဘယ်လိုမြင်လဲ။
အဒေါ်အနေနဲ့ကတော့ စစ်ကျွန်ပညာရေးကို လုံးဝအယုံအကြည်မရှိဘူး။ သားသမီးတွေက ကျောင်းသာတက် နေတာ စစ်ကျွန်ပညာရေးမှာ ဘာပညာရေးမှ မတတ်တဲ့ဟာကြီးကို သူတို့က နဂိုရိုက်သွင်းထားတဲ့စာတွေကိုပဲ ဖတ်ရတယ်။ သူတို့ကအဲ့လိုမျိူးတွေဆိုတော့ အဒေါ်အနေနဲ့ကတော့ သားသမီးတွေကိုစစ်ကျွန်ပညာရေးမှာ လုံးဝကျောင်းမထားဘူး၊ အဒေါ်အနေနဲ့လုံးဝအယုံအကြည်မရှိဘူး။

မေး-ပတ်ဝန်းကျင်က တစ်ချို့သားသမီးတွေကကျောင်းသွားကျောင်းပြန်သွားနေကြတော့ အဒေါ်သားသမီး ကရော ကျောင်းတက်ဖို့ ပူဆာတာတွေရှိလား။
ကလေးတွေကတော့ပြောတာပေါ့။ သူတို့သူငယ်ချင်းတွေ အဖော်တွေအကုန်လုံးကျောင်းသွားတော့ သူတို့လည်း ကျောင်းတက်ချင်တယ်လို့ပြောတာပေါ့။ အဒေါ်အနေနဲ့ကတော့ဘယ်လိုပြောရမလဲ သူတို့ကို အဒေါ်ကတော့ ပြန်ပြောတာပေါ့၊ ဒီလိုပညာရေးက ကောင်းမှမကောင်းတာ။ ဒီပညာရေးက မကောင်းဘူး။ ဘာမှအသိပညာ တတ်မယ့် ပညာရေးမဟုတ်ဘူး။ အဒေါ်အနေနဲ့လည်း ဒါကို မယုံကြည်ဘူး။ ကလေးတွေကိုလည်း ကျောင်းမ သွားနဲ့သမီး အဲ့လိုမျိူးပဲကိုယ်ကတော့ပြောရတာပေါ့။ အဒေါ်အနေနဲ့ကတော့ဒီမိုကရေစီမရမချင်း အဒေါ်ကလေး တွေကိုကျောင်းမထားဘူး။ အဒေါ် ကလေးတွေနဲ့အတူအဆုံးထိပေါ့နော်။ ဒီမိုကရေစီရမှပဲကျောင်း ထားမယ်။ ဒီမိုကရေစီ မရမချင်း ကျောင်းမထားဘူးလို့ အဒေါ်အနေကတော့ ဆုံးဖြတ်ထားတယ်။

မေး- အဒေါ်အနေနဲ့ ပညာရေးနဲ့ပတ်သက်ပြီး NUG က သက်ဆိုင်ရာတာဝန်ရှိသူတွေကို ဘာတောင်းဆိုချင်တာများရှိလဲ။

အဒေါ်အနေနဲ့ ဘာတောင်းဆိုချင်လည်းဆိုရင် အဒေါ်သားသမီးတွေကို NUGပညာရေးစနစ်မှာ အဒေါ်ကျောင်း ထားချင်တယ်။ ဆက်သွယ်လို့မတက်ဘူး။ အဒေါ်လိုပဲထားချင်တဲ့လူတွေလည်းအများကြီးရှိတယ်။ ဘယ်လို ဆက်သွယ်ရမလဲဆိုတာမသိဘူး။ အဒေါ်အနေနဲ့ကတော့ NUG ပညာရေးမှာ အဒေါ်သားသမီးတွေကို ကျောင်းထား ပေးဖို့ပဲ အဒေါ်တောင်းဆိုချင်တာပေါ့။