Home ဆောင်းပါး စစ်ကောင်စီက မြန်မာ့တရားစီရင်ရေးမှာ သေဒဏ်ကို တကယ်အသက်သွင်းတော့မှာလား

စစ်ကောင်စီက မြန်မာ့တရားစီရင်ရေးမှာ သေဒဏ်ကို တကယ်အသက်သွင်းတော့မှာလား

333

စစ်ကောင်စီက မြန်မာ့တရားစီရင်ရေးမှာ သေဒဏ်ကို တကယ်အသက်သွင်းတော့မှာလား

ကိုကျော်ဇေယျ ( ဇွန် ၃ ရက်၊ ၂၀၂၂ ခုနှစ်)

ရှေးယခင်အခါက သေဒဏ်ပေးခြင်းကို လူ့အဖွဲ့အစည်း အားလုံးလိုလိုတွင် ကျင့်သုံးခဲ့ကြသည်။ ယခုလက်ရှိတွင် နိုင်ငံပေါင်း ၅၈ နိုင်ငံသာ ဆက်လက် ကျင့်သုံးလျက် ရှိပြီး နိုင်ငံပေါင်း ၉၇ နိုင်ငံမှ တရားဝင် ပယ်ဖျက်ပြီး ဖြစ်သည်။ ကျန်ရှိသော နိုင်ငံများမှာ ၁၀ နှစ်ကျော်မှ ကျင့်သုံးမှု မရှိခြင်းနှင့် ခြွင်းချက်အနေနှင့် စစ်ပွဲကာလ အတွင်းတွင်သာ ကျင့်သုံးခြင်းမျိုးသာ ရှိသည်။

သေဒဏ်ပေးခြင်း ကိစ္စမှာ နိုင်ငံအတော်များများတွင် အငြင်းပွားစရာ ကိစ္စတစ်ခုဖြစ်ပြီး နိုင်ငံရေး သဘောတရား တူညီသူများ နှင့် ယဉ်ကျေးမှု တူညီသူများတွင်ပင် အယူအဆ အမျိုးမျိုး ကွဲပြားမှုရှိသည်။ ဥရောပ သမဂ္ဂ၏ အဖွဲ့ဝင် နိုင်ငံများတွင် ဥရောပသမဂ္ဂ၏ အခြေခံ အခွင့်အရေး ပြဋ္ဌာန်းချက် အပိုဒ် (၂)မှ သေဒဏ်ပေးခြင်းကို တားမြစ်ထားသည်။

ယခုလက်ရှိတွင် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာအဖွဲ့ အမ်နက်စတီ အင်တာနေရှင်နယ်(Amnesty International) အဖွဲ့အစည်းမှ နိုင်ငံအတော်များများကို သေဒဏ်ပေးမှု ဖျက်သိမ်းခြင်းကို သဘောတူညီသူများအဖြစ် သတ်မှတ်ထားသည်။ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှ ၂၀၀၇၊ ၂၀၀၈ နှင့် ၂၀၁၀ ခုနှစ်များတွင် တကမ္ဘာလုံး အတိုင်းအတာနှင့် သေဒဏ်ပေးမှုကို ဆိုင်းငံ့ပြီး နောက်ဆုံးတွင် ဖျက်သိမ်းကြရန် တိုက်တွန်းသည့် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။

နိုင်ငံအတော်များများတွင် သေဒဏ်ပေးမှုကို ဖျက်သိမ်းပြီး ဖြစ်သော်လည်း ကမ္ဘာ့လူဦးရေ၏ ၆၀ ရာခိုင်နှုန်းသည် သေဒဏ်ပေးခြင်း မဖျက်သိမ်းသေးသော နိုင်ငံများတွင် နေထိုင်နေကြသေးသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံ အစရှိသော ကမ္ဘာပေါ်တွင် လူဦးရေ အများဆုံးသော နိုင်ငံကြီးများက သေဒဏ်ပေးခြင်းကို ဆက်လက်ကျင့်သုံးနေကြသောကြောင့်ပင် ဖြစ်သည်။

ထိုနိုင်ငံ ၄နိုင်ငံစလုံးသည် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်မဲ ပေးခဲ့သည်။ မြန်မာနိုင်ငံသည်လည်း သေဒဏ် ပေးခြင်းကို တရားဝင် ဖျက်သိမ်းထားခြင်း မရှိဘဲ ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ သေဒဏ်ပေးခြင်းဆိုင်ရာ ဆုံးဖြတ်ချက်ကို ကန့်ကွက်မဲပေးသော နိုင်ငံများတွင် တစ်နိုင်ငံ အပါအဝင် ဖြစ်သည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် နှစ်ပေါင်း ၃၀ကျော်အတွင်း ပထမဆုံး သေဒဏ်စီရင်မှုအဖြစ် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနှင့် လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်နှင့် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်သည်ဟု စွပ်စွဲထားသူ နှစ်ဦးကို သေဒဏ်အမိန့် အတည်ပြုလိုက်ပြီဖြစ်ကြောင်း စစ်ကောင်စီဘက်က ဇွန်လ ၃ရက်နေ့မှာ အတည်ပြုလိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ခရိုင်တရားရုံးမှ ချမှတ်သော သေဒဏ်အမိန့်ကို တိုင်းဒေသ/ပြည်နယ်တရား လွှတ်တော်မှ အတည်ပြုရ ပါသည်။ ၎င်းအမိန့်အပေါ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ထပ်မံ အတည်ပြုရပါသည်။ နောက်ဆုံးတွင်မူ နိုင်ငံတော်သမ္မတက အတည်ပြုအမိန့်ချရမှတ်ခြင်းဖြစ်သည်။ သေဒဏ်စီရင်ရာတွင် အစောဆုံး သေဒဏ်ချမှတ်ခံရသူမှ စတင်စီရင်ပြီး သေဒဏ်ချမှတ်သည့် နေ့အလိုက်အစဉ်အတိုင်း စီရင်ရခြင်းဖြစ်သည်။

၂၀၁၄ ခုနှစ်မှာတော့ သမ္မတ ဦးသိန်းစိန်က သေဒဏ်ချမှတ်ခံထားရသူ ၇၇ ဦးကို သေဒဏ်မှ နှစ်ရှည်ထောင်ဒဏ်သို့ ပြစ်ဒဏ်မှ လျှော့ပေါ့ပေးခဲ့ပါသည်။ ၂၀၁၈ခုနှစ်၊ ဧပြီလ မြန်မာနှစ်သစ်ကူးမှာ သမ္မတ ဦးဝင်းမြင့်က သေဒဏ် ၄ ကြိမ် ချမှတ်ထားတဲ့ ABSDF ခေါင်းဆောင်ဟောင်း ရဲဘော်သံချောင်းကို လွတ်ငြိမ်းချမ်းသာပေးသော ဖြစ်စဉ်သည် ထူးခြား သော မှတ်တမ်းဖြစ်ပါသည်။ အမှန်တကယ်တွင် သေဒဏ်ကျခံရသူကို ပြစ်ဒဏ်လျှော့ပေါ့ ပြုခွင့်ရှိပြီး လွတ်ငြိမ်းချမ်းသာ ပေးခွင့်မရှိကြောင်း ဥပဒေရေးရာ ကျွမ်းကျင်သူများက ပြောပါသည်။

မြန်မာနိုင်ငံ၌ သေဒဏ်စီရင်ရာတွင် ကြိုးပေးခြင်း(Hanging) စနစ်ကိုသာ ကျင့်သုံးခဲ့ကျပါသည်။ သေဒဏ်စီရင်ရာနေရာ ကို ကြိုးဆွဲတာဝန်ခံ၊ တရားသူကြီးနှင့် မှတ်တမ်းတင်စာရေးတို့ တက်ရောက်ကြခြင်း ဖြစ်ပါသည်။ သေဒဏ်စီရင်ခံရသူ ကို ကြိုးစင်ပေါ်တင်ပြီး လက်ပြန်ကြိုးတုပ်ပြီးနောက် အဝတ်မဲဖြင့် ခေါင်းကို အုပ်စည်းပြီ မျက်နှာပိတ်လိုက်ပါသည်။

၎င်းနောက် လည်ပင်းကိုကြိုးကွင်းစွပ်၊ မလျော့မတင်း ချည်ပြီးနောက် ထောင်ပိုင်ထံ သတင်းပို့ခြင်းဖြစ်သည်။ ထို့နောက် ထောင်ပိုင်က တရားသူကြီးထံ အဆင့်ဆင့် သတင်းပို့ပြီး တရားသူကြီးမှ ကြိုးဆွဲမောင်းဖြုတ်သူထံ အချက်ပေးအမိန့် ချမှတ်ပါသည်။ တရားသူကြီးထံမှ အချက်ပေးအမိန့် ရရှိချိန်မှာတော့ ကြိုးဆွဲမောင်းဖြုတ်တာဝန်ခံက တရားခံရပ်နေ သော ကြိုးစင်မှ အခင်းပြားကို မောင်းဖြုတ်ချလိုက်ပါသည်။

ကြိုးပေးပြီး တရားခံကို ကြိုးစင်ပေါ်တွင် ၁၅မိနစ်အချိန်ထားပြီးနောက် တရားခံသေဆုံးငြိမ်ကျသွားမှ ကြိုးစင်မှ ဖြုတ်ချ ကာ သေဆုံးကြောင်းကို ထောင်ဆရာဝန်မှ အတည်ပြုခြင်း ဖြစ်သည်။ ၁၅မိနစ်အချိန်အတွင်း တရားခံ မသေဆုံးခဲ့ရင် မသေမချင်းကြိုးကွင်းစွပ်သတ်ဖို့ အမိန့်ချမှတ်ခံရသူမှတပါး လွတ်ငြိမ်းခွင့်ပေးကြောင်း အမည်မဖော်လိုသူ တရားလွှတ် တော် ရှေ့နေတစ်ဦးက ရှင်းပြသည်။

သေဒဏ်ကျခံနိုင်သောပြစ်မှုများ

…………………………………..

– တသက်တကျွန်းပြစ်ဒဏ်ကျခံနေစဉ်အတွင်း ကျူးလွန်းသော လူသတ်မှု (ရာဇသတ်ကြီး ပုဒ်မ ၃၀၂-၁က)

– ကြိုတင်စီမံထားသော လူသတ်မှု၊ (ရာဇသတ်ကြီး ပုဒ်မ ၃၀၂-၁ခ)

– သေဒဏ်ကျခံရစေရန် မမှန်သက်သေထွက်ဆိုမှု၊ (ရာဇသတ်ကြီး ပုဒ်မ ၁၉၄)

– လုယက်ဓားမြတိုက်မှုနှင့်အတူ လူသတ်မှု၊ (ရာဇသတ်ကြီး ပုဒ်မ ၃၉၆)

– မူးယစ်ဆေးဝါး ထုပ်လုပ်ဖြန့်ဖြူး ရောင်းဝယ်ဖောက်ကားမှု (မူးယစ်- ပုဒ်မ-၂၀က)

– မူးယစ်ဆေးဝါးကို ပြည်တွင်းသို့ တင်သွင်းမှု၊ ပြည်ပသို့ တင်ပို့မှု(မူးယစ်- ပုဒ်မ-၂၀ခ)

– မူးယစ်ဆေးဝါးရောင်း၀ယ်ရာတွင် ရာဇဝတ်ဂိုဏ်းဝင် သို့မဟုတ် လက်နက်ကိုင်ဆောင်မှု၊ သို့မဟုတ် ၁၆ နှစ်အောက် ကလေးငယ် (သို့) ပြည်သူ့၀န်ထမ်းကို အသုံးချသူ (မူးယစ်- ပုဒ်မ-၂၂/၂၃)

– နိုင်ငံတော်သစ္စာဖောက်ပုန်ကန်မှု(ရာဇသတ်ကြီး ပုဒ်မ ၁၂၁/၁၂၂)

– နိုင်ငံတော်သစ္စာဖောက်ပုန်ကန်မှုအား အားပေးကူညီမှု (ရာဇသတ်ကြီး ပုဒ်မ ၁၂၃)

– လူသတ်ရန်အားထုတ်မှု (ရာဇသတ်ကြီး ပုဒ်မ ၃၀၇)

– ၄ နှစ်အထက် ထောင်ဒဏ်ကျခံနိုင်သော ရာဇဝတ်ပြစ်မှုနှင့်အတူ လူကုန်ကူးမှု ကျူးလွန်သူ (လူကုန်ကူးမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃(ဃ)/၂၉)

– ထောင်ဒဏ် ၇ နှစ်အထက်ကျခံစေနိုင်သော ရာဇဝတ်မှုများကို အကြိမ်ကြိမ်ကျူးလွန်သူ


သေဒဏ်မှ ကင်းလွတ်ခွင့် သက်သာခွင့်

……………………………………

– ကိုယ်ဝန်ဆောင် မိခင် (ရာဇ၀တ်ကျင့်ထုံး ၃၂၈)

– စိတ်ရောဂါသည် သူရူး၊(ရာဇသတ်ကြီး ပုဒ်မ ၈၄)
– သူရူးကို မည်သည့်ပြစ်မှုပြစ်ဒဏ်မျှ မပေးရ။ (ရာဇ၀တ်ကျင့်ထုံး ၄၆၄)

– ၁၂ နှစ်အောက် ကလေးသူငယ် (ရာဇသတ်ကြီး ပုဒ်မ ၈၄)

မြန်မာနိုင်ငံသည် သေဒဏ်စီရင်မှုကို ဆိုင်းငံ့ထားသည့် နိုင်ငံတခုဖြစ်ပါသည်။ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များက သေဒဏ်ချမှတ်နိုင်သည့် ပြစ်မှုများကိုပါ ဖယ်ရှားပေးရန် မြန်မာနိုင်ငံကို တိုက်တွန်းကြသည်။

အကြမ်းဖက်မှုဥပဒေပုဒ်မများဖြင့် တရားစွဲခံထားရသည့် ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်တို့ကို ဇန်နဝါရီ ၂၁ ရက်‌နေ့ထဲ က စစ်ခုံရုံးက သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် သေဒဏ်စီရင်ချက်ကို ကြိုးမိန့်ပေးခြင်းသည် ၁၉၈၉ခု နှစ်၊ မတ်လတုန်းကနောက်ဆုံးဖြစ်ပြီး ထိုနောက်ပိုင်း သေဒဏ်စီရင်ချက်များကို ကြိုးပေးသတ်ခြင်းမျိုး မရှိတော့ ကြောင်း ဥပဒေရေးရာကျွမ်းကျင်သူများက ထောက်ပြပြောဆိုသည်။

လက်ရှိ‌ သေဒဏ်ပြန်လည်ကျင့်သုံးတဲ့အပေါ် စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်း ထွန်းက “အရင်ကတော့ သေဒဏ်အမိန့်ချမှတ်ခံရသူတွေဟာ ပြင်ဆင်ချက်ကို လျှောက်ရပါတယ်။ ပြင်ဆင်ချက်ကို ပယ်မှ အသနားခံစာ တင်ပါတယ်။ ဘာမှဆုံးဖြတ်ချက်မပေးဘဲ ဆိုင်းငံ့လိုက်တဲ့အခါမှာ လက်တွေ့ အကောင်အထည် မဖော်တော့ဘူးပေါ့။ ခုကတော့ အဲဒီအသနားခံစာကို ပလပ်လိုက်တယ်လို့ ဆုံးဖြတ်လိုက်တဲ့အခါမှာ သေဒဏ်အမိန့်ကို အကောင်အထည်ဖော်မှာဖြစ်ပါတယ်။ တကယ် သေဒဏ်ချမှာပါ။”ဟု ပြောသည်။

မည်သည့်နေ့တွင် ကြိုးမိန့်ပေးမည်ကို အတိအကျမပြောဘဲ အကျဥ်းထောင်လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လုပ်သွားမည်ဟု သူက ဆက်ပြောသည်။

အရပ်ဘက်တရားရုံးက သေဒဏ်ချမှတ်လျှင် ကြိုးမိန့်ပေးသည့်အဆင့်ရောက်ရန် သုံးနှစ်မှ ငါးနှစ်အထိကြာတတ်ပြီး စစ်ခုံရုံးက ချမှတ်ပါက မြန်ဆန်တတ်သည်ဟု အငြိမ်းစားထောင်မှူးကြီးတစ်ဦးက ပြောပါသည်။

စစ်ကောင်စီလက်ထက်ပြန်လည်ကျင့်သုံးလိုက်သည့် သေဒဏ်စီရင်မှုမှာ ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်တို့သာမက ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ နှစ်ဦးလည်း ပါ၀င်သည်ဟု သိရှိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် သေဒဏ်ချမှတ်နှုန်းသည် စိုးရိမ်ဖွယ်မြင့်တက်လာနေ သည်ဟု နိုင်ငံတ ကာလွတ်ငြိမ်းချမ်းသာအဖွဲ့(Amnesty International)က ပြောသည်။

“သေဒဏ်တကယ်ချမှာလား။ အခုတလော သေဒဏ်ကိစ္စအပေါ် ပြည်သူတွေကြားသို့လောသို့လော ဖြစ်နေကြပါတယ်။ သေဒဏ်ကို ၁၉၉၀ ထဲကစ တကယ်ကြိုးမပေးခဲ့တော့ပါ။ ကမ္ဘာ့နိုင်ငံအများစုကလည်း သေဒဏ်တကယ်ပေးသတ်တာ ဆန့်ကျင်ကြပါတယ်။ ဒါဖြင့် အခု စကစကရော ပိုဆိုးတာပေါ့၊ သူကရွေးချယ်ခံသမ္မတလည်းမဟုတ်၊ လူထုထောက်ခံမှု လည်း မရ၊ သံတမန်ကိစ္စတွေမှာလည်း အကြပ်တွေ့နေသူပါ ။ ပြီးတော့ သူကိုယ်တိုင်က နိုင်ငံတော်ပုန်ကန်မှု ကျူးလွန် ထားသူပါ။ ဒါကြောင့် သူ့ဆရာတွေ လမ်းစဉ်ကိုဘဲ လိုက်ပြီးသေဒဏ်ပေးကြိုးပေး ကွပ်မျက်မှုတွေ တကယ်မလုပ်နိုင် ပါ။”ဟု တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က သုံးသပ်ပြသည်။

ထို့အပြင် “PDF တွေနဲ့ ကူညီသူတွေအပေါ် နောင်မလုပ်ရဲအောင် မကူညီရဲအောင် စိတ်ဓါတ်စစ်ဆင်ရေး လုပ်လိုက်တာ ပါ။ သိပ်စိတ်မပူကြပါနဲ့။ တကယ်လို့လုပ်ခဲ့ရင်လည်း စေ့စပ်ရေးတွေမျှော်လင့်ချက်မှန်သမျှ ကုန်ဆုံးပြီး သူတို့စကစတွေ အတွက်လည်း ပြန်လမ်းမရှိနိူင်တော့ပါ။”ဟု ဦးကြီးမြင့်က သုံးသပ်သည်။

လက်ရှိ မြန်မာပြည်တွင် စစ်ခုံရုံးမှတဆင့် သေဒဏ်ချမှတ်ခံထားရသူ ၉၀ နီးပါးအထိရှိနေခြင်းကြောင့် ၎င်းသည် ယခင်နှစ်များကထက် ၈ ဆနီးပါးမြင့်တက်လာသည်ဟု AI အဖွဲ့က ထုတ်ပြန်သော၂၀၂၁ ခုနှစ် ကမ္ဘာတဝန်းသေဒဏ် ပေးမှုကို လေ့လာစောင့်ကြည့်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။