Home သတင်း ဒေါနအရှေ့ခြမ်းတွင် ကော်သူးလေပညာရေးသာ သင်ကြား၊ စစ်ဘေးရှောင်စခန်းများ၌ ကြားကာလပညာရေး စနစ် ထူထောင်

ဒေါနအရှေ့ခြမ်းတွင် ကော်သူးလေပညာရေးသာ သင်ကြား၊ စစ်ဘေးရှောင်စခန်းများ၌ ကြားကာလပညာရေး စနစ် ထူထောင်

803
Photo: Kasaw Wah (KIC)

ဇွန်လ ၃ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

မြ၀တီခရိုင်၊ ဒေါနအရှေ့ခြမ်း လေးကေကော်-ဝေါလေဒေသအတွင်း စစ်ကောင်စီ ပညာရေးဌာန လက်အောက်မှ ကျေး ရွာစာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဖိအားပေးမှုများရှိသော်လည်း စာသင်ကျောင်းအများစုမှာ ကော်သူး လေအစိုးရပညာရေးဌာနနှင့်သာ ချိတ်ဆက်ပညာသင်ကြားနေသလို စစ်ရှောင်စခန်းများတွင်လည်း ကြားကာလ ပညာ ရေးစနစ် ထူထောင်သင်ကြားပေးနေသည်ဟု သိရှိရသည်။

စစ်ကောင်စီ လက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှူးအချို့နှင့် မြ၀တီပညာရေးဌာနတို့ချိတ်ဆက်၍ ကျောင်းများ ပြန် လည်ဖွင့်လှစ်နိုင်ရန် လုပ်ဆောင်နေသော်လည်း ဒေသအတွင်း စစ်ဘေးရှောင်နေရသည့် ကျောင်းနေအရွယ်ကလေး ၂၀၀၀ကျော်မှာ ကော်သူးလေ ပညာရေးနှင့် ယဉ်ကျေးမှုဌာန-KECD စာသင်ကျောင်းများနှင့်သာ ချိတ်ဆက်၍ ပညာသင် ကြားပေးနေသည်ဟု ရပ်မိရပ်ဖများက ပြောသည်။

ထို့အပြင် စစ်ဘေးရှောင် အစုအဖွဲ့များ စစ်ရှောင်ရာ နေရာအသီးသီးတွင်လည်း NUG အမျိုးသားညီညွတ်ရေး အစိုးရ၏ အွန်လိုင်းပညာရေးနှင့် စစ်ရှောင်စခန်းများတွင် ကြားကာလ ပညာရေး အစီအစဉ် ကျောင်းများတွင် တက်ရောက် ပညာ သင်ကြားပေးနေသဖြင့် စစ်ကောင်စီ လက်အောက်ခံကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်း ဖလူးကျေး ရွာ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

သူက “KNU ပညာရေးဌာန ကျောင်းတွေကတော့ ပြန်ဖွင့်နေပြီ။ စစ်ရှောင်စခန်းတွေမှာလည်း ကြားကာလ ပညာရေး အစီအစဉ် ကျောင်းတွေ စာသင်ပေးနေတယ်။ အွန်လိုင်းသုံးတတ်တဲ့ ကျောင်းသားတွေကတော့ NUG ပညာရေးအတန်း တွေ တက်နေကြတာလည်း ရှိတယ်။ အချို့ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကတော့စစ်ကောင်စီ ပညာ ရေးဌာနက ဆက်သွယ်ပြီး ရွာကျောင်းတွေ ပြန်ဖွင့်နိုင်ဖို့ မြို့ကနေလှမ်းပြီး စည်းရုံးနေတာမျိုးတွေ၊ ကျောင်းအုပ်တွေ ကျောင်းအပ်လက်ခံဖို့ လာတာတွေတော့ ရှိနေတယ်။”ဟု ပြောသည်။

မြ၀တီမြို့တောင်ဘက် ဒေသအတွင်း စာသင်ကျောင်းများတွင် ယခင်စစ်အာဏာ မသိမ်းခင်က ကော်သူးလေအစိုးရ ပညာရေးဌာနနှင့် ပြည်နယ်အစိုးရ ပညာရေး ဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ကျောင်းများတွင် မြန်မာအစိုးရခန့် ပညာ ရေးဆရာ/မများနှင့် ကော်သူးလေ ပညာရေးဌာန ဆရာ/မများ ပူးတွဲ သင်ကြားရေးစနစ်ဖြင့် ကျောင်းများ ဖွင့်လှစ်ခဲ့ကြ သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း CDM(အာဏာဖီဆန်ရေးလှုပ်ရှားမှု) ပြုလုပ်ထားကြသည့် အခြေအနေနှင့် စစ်ကောင်စီ တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် -KNLA ပူးပေါင်းတပ်များ စစ်ရေးတင်းမာကာ တိုက်ခိုက်နေဆဲ အခြေအနေကြောင့် ဒေသတွင်း စစ်ကောင်စီ လက်အောက်ခံ ကျောင်းများ ဖွင့်လှစ်ရန် မဖြစ်နိုင်သေးကြောင်း ဒေသခံ ပညာရေး CDM ဆရာမတစ်ဦးက ယခုလို ပြောသည်။

“လေးကေကော်-ဝေါလေဘက်က ကျောင်းတွေက ဆရာ/မ တွေက CDM လုပ်ကြတာများတယ်။ ကျောင်းအုပ်တွေ၊ တချို့ ပင်စင်နီးသူတွေ၊ နယ်ပြောင်း မြို့ပြောင်း လျှောက်ထားကြသူတွေလောက်ပဲ CDM မလုပ်ကြတာဆိုတော့ သူတို့ ကျန်တဲ့သူတွေနဲ့ ကျောင်းပြန်ဖွင့်ဖို့က မလွယ်ပါဘူး။ ပြီးတော့ လမ်းတွေကလည်း တိုက်ပွဲ ခဏခဏ ပစ်ခတ်နေတာဆို တော့ တာ၀န်ကျကျောင်းမှာ လာပြန်နေပြီး ကျောင်းစာလာသင်ဖို့ဆိုတာ ဘယ်သူမှ မနေရဲကြပါဘူး။”ဟု မြဝတီပညာ ရေးဌာနမှ CDM ဆရာမက ပြောသည်။

ဆက်လက်၍ ၎င်း CDM ဆရာမက “ဖိအားပေးတာ စည်းရုံးပြီး ခိုင်းတာမျိုးတွေတော့ လုပ်နေကြတယ် ကြားပါတယ်။ နောက်ပြီး ရွာက ၁၀တန်းအောင်ကလေးတွေ၊ တက္ကသိုလ် ကျောင်းပြီးတဲ့ ကလေးတွေကို ဆွဲခန့်လုပ်အားပေး လစာမျိုး နဲ့လည်း စာသင်ဖို့ ကျောင်းတွေ ပြန်ဖွင့်နိုင်အောင် လုပ်ဖို့ ကျေးရွာပညာရေးအုပ်စုမှူးတွေကို ဖိအားပေးကျောင်းဖွင့်ခိုင်း နေတာတွေလည်း ရှိနေတယ်”ဟု ဖြည့်စွက်ပြောသည်။

မြ၀တီ မြို့နယ်အတွင်း ကျေးနယ်ပညာရေးဌာနမှ CDM ပြုလုပ်ထားကြသည့်၀န်ထမ်း ၃၀၀ခန့်ရှိပြီး ကျေးလက်ကျောင်း များတွင် ကျောင်းအုပ်မှအပ ကျန်သင်ကြားရေး ဆရာ/မ အများစုမှာ CDM ပြုလုပ် သပိတ်မှောက် ဆန့်ကျင်နေကြဆဲ ဖြစ်ပြီး KNU ထိန်းချုပ်နယ်မြေတွင်းရှိ ပညာရေးအစီအစဉ်များတွင် ပူးပေါင်းပါ၀င်နေကြကြောင်း သိရသည်။