Home သတင်း KNU တပ်မဟာ (၅)တွင် လဝက်အတွင်း စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင် ၈၈ ဦးကျဆုံးပြီး ၆၈ ဒဏ်ရာရ

KNU တပ်မဟာ (၅)တွင် လဝက်အတွင်း စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင် ၈၈ ဦးကျဆုံးပြီး ၆၈ ဒဏ်ရာရ

1235
Photo: KNLA

မေလ ၁၇ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင်၊ (တပ်မဟာ ၅) နယ်မြေတွင် ယခုမေလ၊ လဝက်အတွင်း စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ်-BGF ပူးပေါင်းတပ်ဖွဲ့ဝင် စုစုပေါင်း ၈၈ ဦးကျဆုံးပြီး ၆၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ယနေ့ မေလ (၁၇)ရက်နေ့တွင် ကေအဲန်ယူ-မူတြော်ခရိုင်သတင်းစဉ်က သတင်းထုတ်ပြန်ထားသည်။

ယခုလဝက်အတွင်း စစ်ကောင်စီ၊ နယ်ခြားစောင့်တပ်-BGF ပူးပေါင်းတပ်နှင့် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တို့အကြား ထိတွေ့တိုက်ပွဲပေါင်း ၁၈၆ ကြိမ်ဖြစ်ပွားရာတွင် စစ်ကောင်စီပူးပေါင်းတပ်ဘက်မှ (၈၈)ဦးကျဆုံးပြီး (၆၈) ဦးဒဏ်ရာရရှိခဲ့သလို KNLA ဘက်တွင်လည်း နှစ်ဦးကျဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီ၏ စစ်ဆင်ရေးယန္တရားကို တုန့်ပြန်ရာတွင် နယ်မြေခံ KNLA ဘက်မှ စစ်ကောင်စီ ထောက်ပို့ မြင်းလား ၁၃ ကောင် သုတ်သင်နိုင်ပြီး ၃ ကောင်ဒဏ်ရာရရှိအောင် လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ ပို့ဆောင်ရေး ယာဉ်(၃)စီးနှင့် စစ်ကောင်စီ ဆေးခန်းတစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း မူတြော်ခရိုင်သတင်းစဉ်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းတပ်တို့သည် ဒေသခံကျေးရွာနှင့် ဥယာဉ်ခြံများထဲသို့ အမြှောက်လက်နက်ကြီး (၇၂၈) လုံးပစ်ခတ်မှုလုပ်ဆောင်ခဲ့သည့်အတွက် အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးပြီး (၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ပြီးခဲ့သည့်လ ဧပြီလတွင်လည်း ကေအဲန်ယူ တပ်မဟာ(၅) နယ်မြေတွင် တိုက်ပွဲပေါင်း (၃၈၃) ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ (၁၇၃)ဦးကျဆုံးပြီး(၈၇) ဦးဒဏ်ရာရရှိခဲ့ကာ ထိုကျဆုံးမှုအထဲတွင် တပ်ရင်းမှူး (၁)ဦး ဒုတပ်ရင်းမှူး(၁)ဦး တပ်ကြပ်ကြီး (၂)ဦးနှင့် တပ်ကြပ် တစ်ဦးပါဝင်ကြောင်း ကေအဲန်ယူ -မူတြော်ခရိုင်သ သင်းစဉ်က ထုတ်ပြန်ခဲ့သည်။