Home သတင်း ပညာရေးဌာန CDM များ စစ်ကောင်စီထံအယူခံလွှာမတင်ဘဲ NUG ကြားကာလ ပညာရေးအစီအစဉ်တွင် ပူးပေါင်းပါ၀င်နေ

ပညာရေးဌာန CDM များ စစ်ကောင်စီထံအယူခံလွှာမတင်ဘဲ NUG ကြားကာလ ပညာရေးအစီအစဉ်တွင် ပူးပေါင်းပါ၀င်နေ

1257

မေလ ၂၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြ၀တီမြို့အတွင်း ပညာရေးဌာန CDM (အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သူ)များ လုပ်ငန်းခွင်အယူခံစာတင်၍ ပြန်လည်၀င်ရောက်ကြရန် စစ်ကောင်စီ ပညာရေးဌာနက ထုတ်ပြန်ထားသော်လည်း ဒေသတွင်းပညာရေး CDM အများစုမှာ အယူခံလွှာ မတင်၊ အယုံအကြည်မရှိကြဘဲ NUG အမျိုးသားညီညွတ်ရေး အစိုးရ၏ ကြားကာလ ပညာရေး အစီအစဉ်များတွင် ပါ၀င်ရန် ပူးပေါင်းဆောင်ရွက်နေပြီဖြစ်ကြောင်း သိရှိရပါ သည်။

ပြည်နယ် စစ်ကောင်စီက ပညာရေး၀န်ထမ်းများဌာန လက်အောက် ပြန်လည်အမှုထမ်းရန် တာ၀န်မှကင်းကွာ နေသော အခြေခံပညာရေး၀န်ထမ်းများအား ပြန်လည်ဖိတ်ခေါ်ခြင်းဟုဆိုကာ မေလ ၃၁ ရက် နောက်ဆုံးထား အယူခံလွှာတင်ကြရန် ထုတ်ပြန်ထားသော်လည်း ယုံကြည်မှုမရှိသည့် CDM ပညာရေး၀န်ထမ်းအများစုမှာ စစ်ကောင်စီပညာရေးဌာနတွင် ပြန်လည်အမှုထမ်းလိုစိတ်မရှိကြတော့ဘဲ NUG အစိုးရ ကြားကာလ ပညာ သင်ကြားရေး အစီအစဉ်တွင် ပါ၀င်ဆောင်ရွက်နေကြပြီဖြစ်ကြောင်း ဒေသတွင်း CDM ပညာရေး၀န်ထမ်း ပြောဆိုချက်အရ သိရသည်။

မြ၀တီမြို့နယ်အတွင်းက အမည်မဖော်လိုသူ CDM ပညာရေး၀န်ထမ်းတစ်ဦးက “ အရင်အာဏာမသိမ်းခင်က ပညာရေး၀န်ထမ်းက ၁,၀၀၀ ၀န်းကျင်ရှိတယ်၊ သူတို့ အရင်ကတောင် ကျေးနယ်ကျောင်းတွေ ဆရာမ မခန့်နိုင်လို့ ဆွဲခန့် ဆရာမခေါ်ခန့်တာတောင် စာသင်ဖို့ ဆရာမ မလုံလောက်နေတာ အခုရွေးကောက်ပွဲပဲ လုပ်လုပ် ၊ ကျောင်း တွေပဲ ပြန်ဖွင့်ဖွင့်ဘယ်လိုမှ မလည်ပတ်နိုင်ပါဘူး ၊ မြို့ပေါ်ကျောင်းတွေ ဟန်ပြဖွင့်တာမျိုးလောက်တော့ ရနိုင်ပါ လိမ့်မယ်။ CDM ပညာရေး ၀န်ထမ်းတွေကတော့ NUG ပညာရေးဌာနရဲ့ကြားကာလ ပညာသင်ကြားရေး အစီအ စဉ်တွေမှာ ပါ၀င်ဖို့ နေရာအသီးသီးမှာ ချိတ်ဆက်ဆောင်ရွက်နေကြပါပြီ”ဟု ပြောသည်။

စစ်ကောင်စီ၏ ပြန်လည်ဖိတ်ခေါ်ခြင်းကို CDM ပညာရေး၀န်ထမ်းများအမျာစုက အယုံအကြည်မရှိ၍ အယူခံ လွှာမတင်ကြသလို မိသားစုများ ခြိမ်းခြောက်ခံရခြင်းတို့ကြောင့် ခံ၀န်တင်ပြီး ပြန်၀င်သည့် ဝန်ထမ်းအချို့သာရှိ သည်ဟု အဆိုပါ CDM ပညာရေးဝန်ထမ်းက ယခုလို ဆက်ပြောသည်။

“ကျမတို့ကတော့ ဌာနပြန်၀င်ဖို့ကို မလုပ်တော့ပါဘူး၊ အခုက သူတို့ ရွေးကောက်ပွဲ ပြန်လုပ်ဖို့ အင်အားမရှိဘူး၊ ကျောင်းပြန်ဖွင့်ဖို့ အင်အားမရှိဘူး၊ ဒါတွေကို ပြန်လည်ပတ်နိုင်ဖို့ ချော့လိုက်၊ ခြောက်လိုက်နဲ့ ပြန်ခေါ်နေတယ်၊ တစ်ဘက်မှာလည်း မဘသတို့၊ စစ်တပ်ထောက်ခံသူတို့က တိုင်တာ၊ တန်းတာဆိုရင်လည်းဖမ်းဆီးတာတွေ လုပ်နေတော့ ဘယ်သူမှ မယုံတော့ဘူး၊ တချို့ ဆရာ၊ ဆရာမတွေတော့ ကျန်ခဲ့တဲ့ မိသားစုတွေ ခြိမ်းခြောက်ခံ ရတာတွေကြောင့် ခံ၀န်တွေ တင်ပြီး ပြန်၀င်တာလည်း ရှိတယ်။” သူက ပြောသည်။

စစ်အာဏာသိမ်းဖြစ်စဉ်ကြောင့် မြ၀တီမြို့နယ်အတွင်း CDM ၀န်ထမ်းသပိတ်တိုက်ပွဲတွင် ပါ၀င်ကြသည့် သစ်တောဌာန၊ ကျန်းမာရေးဌာန၊ ပညာရေးဌာန၊ အုပ်ချုပ်ရေးဌာနနှင့် အခြားဌာနဆိုင်ရာများမှ ၀န်ထမ်းများ အပါအ၀င် CDM ပြုလုပ်ကြသူ ၀န်ထမ်း ၅၀၀ ၀န်းကျင်ရှိခဲ့ပြီး ထိုအထဲတွင် ပညာရေးဌာနမှ ပညာရေးဝန်ထမ်း ၃၀၀ ရာကျော်ရှိသည်ဟု CDM ပညာရေးဝန်ထမ်းထံမှ သိရှိရသည်။

စစ်အာဏာသိမ်းဖြစ်စဉ် ၁ နှစ်အကျော်ကာလ အခြေအနေတွင် NUG အစိုးရမှ ဒေသတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းလွတ်မြောက်နယ်မြေများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထိန်းချုပ်ထားနိုင်သည့် လွတ်မြောက်နယ်မြေများတွင် ကြားကာလ ပညာသင်ကြားရေး အစီအစဉ်အားစတင်နေပြီး KNU-ကရင်အမျိုး သားအစည်းအရုံး ပညာရေးဌာန-KECD စာသင်ကျောင်းများတွင်လည်း လွတ်မြောက်နယ်မြေတွင်း ရောက်ရှိခိုလှုံ နေကြသည့် ကျောင်းသူကျောင်သားများ၊ CDM ပညာရေး၀န်းထမ်းများနှင့် ပူးပေါင်းကာ ပညာသင် ကြားရေး ၊ ဒေသတွင်း စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရေး ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နေကြောင်း CDM ပညာရေး၀န်ထမ်းများထံမှ သိရသည်။

ကရင်ပြည်နယ်အတွင်း စစ်အာသိမ်းဖြစ်စဉ် မတိုင်မီက ပညာရေးဌာန အနေဖြင့် ၀န်ထမ်းပေါင်း ၁၆,၆၀၄ ဦး အမှုထမ်းစာရင်းရှိခဲ့ပြီး စစ်အာဏာသိမ်းဖြစ်စဉ်ကြောင့် CDM ၀န်ထမ်းသပိတ်လှုပ်ရှားမှုတွင် ပါ၀င်ခဲ့ကြသူ ၄,၄၂၈ သည်ဟု CDM ပညာရေး၀န်ထမ်းထောက်ပံ့ပေးရေး လုပ်ဆောင်နေကြသူများထံမှ သိရသည်။

အဆိုပါ CDM လှုပ်ရှားမှုတွင် ပါ၀င်သည့် ပညာရေးဝန်ထမ်းများအား စစ်ကောင်စီ ပညာရေးဌာနမှ အလုပ်ရပ်စဲစာ၊ ချေးငွေပြန်မဆပ်သည့်အတွက် သတိပေးနို့တစ်စာ၊ ဥပဒေပုဒ်မ အမျိုးမျိုးဖြင့် အရေးယူနိုင်ရန်ထုတ်ပြန်ထားသည့် ဖမ်း၀ရမ်းစာများ အသီးသီးထုတ်ပြန်ခံထားရသူ အများစုရှိနေပြီး အချို့မှာ မိသားစုခြိမ်းခြောက်ခံရမှုများကြောင့် အယူခံ လွှာတင်၊ ခံ၀န်လက်မှတ်ထိုး၍ ဌာနပြန်၀င်သူ ၃၀၀ ၀န်းကျင်ခန့်ရှိသည်ဟု ၎င်း CDM ထောက်ပံ့ပေး သူများက ပြောသည်။

ထို့အပြင် ဒေသတွင်း စစ်ကောင်စီ သတင်းပေးများ၏ သတင်းပေးတိုင်ကြား ရှာဖွေဖမ်းဆီးမှုများကြောင့် CDM ပညာရေး ၀န်ထမ်း ၃၀ ကျော် တရားစွဲဆို၊ ထောင်ချ ၊ ဖမ်းဆီးစစ်ဆေးခံနေရကြောင်းလည်း ဒေသတွင်း CDM ပညာရေး၀န်ထမ်း အထောက်အပံ့ပေးရေး လုပ်ဆောင်နေကြသူများပြောသည်။