Home သတင်း ဝင်းရော်ဒေသမှ ဒေသခံအရပ်သား ၁၀ ဦးခန့် စစ်ကောင်စီတပ် ဖမ်းဆီးရိုက်နှက်သဖြင့် ပြင်းထန်ဒဏ်ရာရရှိ

ဝင်းရော်ဒေသမှ ဒေသခံအရပ်သား ၁၀ ဦးခန့် စစ်ကောင်စီတပ် ဖမ်းဆီးရိုက်နှက်သဖြင့် ပြင်းထန်ဒဏ်ရာရရှိ

1038

မေလ ၄ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသရှိ စစ်ဘေးရှောင်နေကြသည့် ဌာနေလူထုများကို စစ်ကောင်စီတပ်က ဖမ်းဆီးကြိုးတုပ်ပြီး ရိုက်နှက်ခဲ့သဖြင့် ခလယ်ကျေးရွာအုပ်စုရှိ ဒေသခံ ၁ဝ ဦးခန့် ဦးခေါင်းနှင့် ကိုယ်လက်အင်္ဂါများ ပြင်းထန်ဒဏ်ရာရသွားကြောင်း သိရသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA နှင့် တံခွန်တိုင်ရွာ ရဲစခန်းဝင်းအတွင်း ခြေကုပ်နေရာယူထားသည့် ကြာ အင်းဆိပ်ကြီးမြို့အခြေစိုက် စစ်ကောင်စီတပ် ခလရ -၂၈၃၊ ၃၂ ပူးပေါင်းတပ်ရင်းတို့ကြား ပြီးခဲ့သည့် ဧပြီ ၂၃ ရက်မှ မေလ ၁ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီတပ်မှ ကျေးရွာထဲသို့ လက်နက်ကြီးများပစ်ခတ်သည့်အတွက် လူနေအိမ်နှင့် ရွာသားများ ထိခိုက်သေဆုံးမှုရှိခဲ့ပြီး ဒေသခံအများအပြားလည်း ဖမ်းဆီးရိုက်နှက်ခြင်းခံခဲ့ကြရသည်ဟု ဝင်းရော်ဒေသခံများထံမှ သိရသည်။

“ အဖွားတို့ အိမ်နောက်ကတုတ်ကျင်းမှာ ပုန်းနေရင်း စစ်တပ်က ဆွဲခေါ်ထုတ်ပြီး ခြေထောက်နဲ့ ကန်တယ်။ ယောကျ်ားတွေကိုတော့ ကြိုးနဲ့ ချည်ပြီးရိုက်တယ်။ သေနတ်ဒင်နဲ့ ရိုက်တော့ တစ်ချက်ထဲ မေ့သွားတယ်။ ခေါင်းကွဲတယ်။ နေအိမ်က ပစ္စည်းရွှေအချို့လည်း ယူသွားတယ်။ ရွာသားတော်တော်များများ စစ်တပ်က ဖမ်းပြီးတော့ ဦးခေါင်းကို ရိုက်လို့ ဆေးကုသမှု ခံယူနေရတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ဖမ်းဆီးရိုက်နှက်ခံခဲ့ကြရသည့် ဒေသခံရွာသားအများစုမှာ ဦးခေါင်းပြင်းထန်ဒဏ်ရာရခဲ့သည့်အတွက် နီးစပ်ရာ နေရာများတွင် ဆေးကုသမှု ခံယူနေကြရသည်။ ထို့အပြင် စစ်ကောင်စီတပ်မှ ရွာသားများကို အဓမ္မဖမ်းဆီး၍ လူသားဒိုင် အဖြစ်အသုံးပြုခြင်း၊ ပစ်ခတ်ရိုက်နှက်ခြင်းများအပြင် ကျေးရွာအတွင်း လက်နက်ကြီးများပါ ပစ်ခတ်မှုများ လုပ်ဆောင် သည့်အတွက် ဥယျာဉ်ခြံနှင့် လူနေအိမ်များ ထိခိုက်ပျက်စီးမှုရှိပြီး နေအိမ်အများအပြားလည်း ဖောက်ထွင်းခံခဲ့ကြရသည်ဟု သိရသည်။

တံခွန်တိုင်ရွာ ရဲစခန်းဝင်းအတွင်း ခြေကုပ်နေရာယူထားသည့် စစ်ကောင်စီတပ်က ၎င်းတို့စခန်းရှေ့လမ်းမ ဖြတ်သန်းသွားလာသူများကို သေနတ်ဖြင့်ပစ်ခတ်ခြင်း၊ နေအိမ်အတွင်း စစ်ပုန်းရှောင်သူများကို ရှာဖွေဖမ်းဆီးမှုပြုလုပ်ခြင်း၊ ရွာသားများကို ဖမ်းဆီးခေါ်ဆောင်ပြီး ခဲယမ်းမီးကျောက်နှင့် အထုပ်များ အဓမ္မထမ်းစေခိုင်းခြင်းများ ပြုလုပ်ခဲ့သည်။

စစ်ကောင်စီတပ်က KNU ဝင်းရေးမြို့နယ် ထိန်းချုပ်နယ်မြေကို ထိုးစစ်ဆင်လုပ်ဆောင်သည့်အတွက် ခလယ်၊ တံခွန်တိုင်၊ ပူးလိန်၊ ခလယ်ရွာလေး၊ မြို့ဟောင်း၊ ဘုရားငါးဆူ၊ နောင်းဒေ့၊ ခလယ်မွန်စု၊ ဒိုင်လွတ်၊ ကမော့ဝမ်း၊ နန်းသိုင်းထွန်၊ တံခွန်တိုင်ရွာလေးရှိ ဒေသခံဌာနေလူထု ၃, ဝဝဝ နီးပါး စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု စစ်ရှောင်ကူညီရေးအဖွဲ့များထံမှ သိရသည်။

ယနေ့ မေလ ၄ ရက်နေ့တွင်လည်း ခလယ်-တံခွန်တိုင်ကျေးရွာအနီးဝန်းကျင်တွင် KNLA တပ်နှင့် တံခွန်တိုင်ရွာ ရဲစခန်းဝင်း အတွင်း ခြေကုပ်နေရာယူထားသည့် စစ်ကောင်စီတပ်တို့ နေ့လည် ၁ နာရီမှစ၍ မွန်းလွဲ ၃ နာရီကျော်အထိနှစ်ဖက်တိုက်ပွဲပြင်း ထန်ဖြစ်ပွားနေဆဲဖြစ်သည်။

ထို့အတူ မွန်ပြည်နယ် မုဒုံမြို့နယ် အဘစ်ကျေးရွာအခြေစိုက် စစ်ကောင်စီအမြှောက်တပ်တို့မှလည်း ခလယ်၊ တံခွန်တိုင်ကျေးရွာအုပ်စုရှိ ကျေးရွာများအနီးသို့ လက်နက်ကြီးပစ်ခတ်လာသည့်အတွက်ဒေသခံရွာသားများ ထပ်မံ၍ စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။