Home သတင်း မြ၀တီ မြို့အနီးနေ့စဉ်တိုက်ပွဲကြောင့် မြို့တွင်းမြို့ပြင် ဘုန်းကြီးကျောင်းအချို့တွင် ခိုလှုံနေရသူ ရာချီရှိနေ

မြ၀တီ မြို့အနီးနေ့စဉ်တိုက်ပွဲကြောင့် မြို့တွင်းမြို့ပြင် ဘုန်းကြီးကျောင်းအချို့တွင် ခိုလှုံနေရသူ ရာချီရှိနေ

1181
Photo: CJ

မေလ ၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် နယ်စပ်မြို့တစ်မြို့ဖြစ်သည့် မြ၀တီမြို့အနီးဝန်းကျင်တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများနေ့စဉ် ဖြစ်ပွားမှုရှိနေသောကြောင့် ရာနှင့်ချီသော ဒေသခံများမှာ မြို့တွင်း၊ မြိုပြင်ဘုန်းကြီးကျောင်းအချို့တွင် ခိုလှုံနေကြရသည်ဟု သိရှိရသည်။

မြ၀တီ မြို့အနီး အမှတ် ၄ အောင်မြေရွှေဘုံ ရပ်ကွက် မချောလေး ဘုရားတောင် ၊ စမတောင် ဘုရားကုန်း၊ ခလရ ၂၇၅ စစ်ကောင်စီ တပ်အရှေ့ဘက်နေရာများတွင် စစ်ကောင်စီတပ် ၊ BGF တပ် အထိုင်ချနေရာများတွင် KNLA ပူးပေါင်းတပ်များနှင့် ဧပြီလ ၁၉ ရက်မှ မေလ ၁ ရက်အထိနေ့စဉ် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားနေသည့်အတွက် ဒေသတွင်းနေထိုင်သူများမှာ မြ၀တီမြို့တွင်း ဘုန်းကြီးကျောင်းအချို့နှင့် မြို့ပြင်မြေနီကုန်းရပ်ရှိဘုန်းကြီးကျောင်း အချို့တွင် ယာယီ ခိုလှုံနေထိုင် တိုက်ပွဲရှောင် နေကြရကြောင်း သိရသည်။

KNU တပ်မဟာ ၆ နယ်မြေ မြ၀တီမြို့ အောင်မြေရွှေဘုံ အမှတ် ၄ ရပ်ကွက် အနောက်တွင် စစ်ကောင်စီ၊ BGF တပ်များနှင့် KNLA ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၃ ရက်ခန့်ရှိလာနေသည့်အချိန် တွင် လူနေရပ်ကွက်များအတွင်းနေထိုင်နေကြရသည့် ဒေသခံ ၅၀၀ ကျော်မှာ တိုက်ပွဲလွတ်ရာ ရွှေ့ပြောင်းရှောင် တိမ်းနေရကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ်အချို့ဘုန်းတော်ကြီး ကျောင်းဆောင်အချို့ ထိခိုက်ပျက်စီးမှုများရှိနေပြီး ယနေ့ မေလ ၂ ရက် နေ့ နံနက်ပိုင်းအထိ နှစ်ဖက် စစ်ရေးတင်းမာနေဆဲ အခြေအနေတွင် ဆက်လက်ရှိနေဆဲဖြစ်ကြောင်းတိုက်ပွဲရှောင်နေသည့် ဒေသခံက ယခုလို ပြောသည်။

” ပြောရမယ်ဆိုရင် အောင်မြေ ရွှေဘုံကနေ ရွှေမြစန္ဒီ ကွက်သစ်တို့ မြ၀တီကုန်သွယ်ရေးဇုန်အထိ လူနေဖို့ စိတ်မချရတော့ဘူး။ ရပ်ကွက်ထဲတစ်ချို့က အိမ်ပိတ်ပြီး အိမ်ထဲနေကြတာတွေလည်း ရှိတယ်၊ အချို့က မြို့ပေါ် တောရကျောင်းတို့၊ ကြခတ်တောကျောင်းတို့ဘက် သွားနေတယ်၊ တချို့ ကျတော့လည်း မြေနီကုန်းဘက်ကို သွားရှောင်ကြတယ်၊ ဘုန်ကြီးကျောင်းတွေမှာ အားလုံးပေါင်းရင် လူကြီးကလေး ၅၀၀ ၀န်းကျင်လောက်ရှိလာပြီ”ဟု အောင်မြေရွှေဘုံ ရပ်ကွက်သားက ပြောသည်။

ကရင်ပြည်နယ် မြ၀တီ၊ ကြာအင်းဆိပ်ကြီး၊ ဖားအံဝါးဘိုးတော လမ်းပိုင်း၊ ဖာပွန်ကမမောင်း-ကတိုင်ထိလမ်းပိုင်းများတွင် KNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသလို လှိုင်းဘွဲ၊ ကော့ကရိတ်၊ ဘုရားသုံးဆူ ဒေသဘက်တွင် နှင့် စစ်ရေး တင်းမာနေဆဲ ဖြစ်ဖြစ်သည်။

ထို့အတူ ထိုင်း-မြန်မာ နယ်စပ် မြ၀တီ -လေးကေကော်- ဝေါလေ-ကနဲလေး ဒေသဘက်တွင် နေ့စဉ် ပျောက်ကျား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။