Home သတင်း ဘီးလင်းဒေသ စစ်ဘေးရှောင်များ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွား

ဘီးလင်းဒေသ စစ်ဘေးရှောင်များ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွား

1472
Photo: CJ

မေလ ၃ ရက် ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင် ၊ တပ်မဟာ (၁) နယ်မြေ၊ ဘီးလင်းမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် နေအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်သက်ကြီးရွယ်အိုနှင့် ကလေးငယ်အချို့မှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေသည်ဟု ဒေသအတွင်း စစ်ရှောင်ကူညီဆောင်ရွက်သူထံမှ သိရသည်။

ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူအများစုသည် တောထဲရှိ ခြံများထဲတွင် တိမ်းရှောင်နေရသူများနှင့် လှိုဏ်ဂူရှိရာ နေရာများတွင် ထွက်ပြေးတိမ်းရှောင်နေရသူများဖြစ်ကြပြီး အဆိုပါ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူများအတွက် ဆေးဝါးအကူအညီလိုအပ်နေသည်ဟု စစ်ရှောင်ကူညီသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ လေးကေရွာက စစ်ရှောင်တွေ ဝမ်းပျက်၊ ဝမ်းလျှောဖြစ်တယ်။ လက်လှမ်းမမှီတဲ့နေရာတွေမှာလည်း ဖြစ်တာရှိတယ်လို့ ပြောကြတယ်။ ပြီးတော့ တချို့ဆိုရင်လည်း အဖျားတက်တာရှိတွေလည်း ရှိတယ်။ ကလေးတွေဆိုရင် ဝမ်းလည်းသွားတယ် အန်လည်းအန်တယ်။ နေကအရမ်းပူတယ်၊ ပြီးတော့သောက်ရေတွေက မသန့်တာလည်းပါတယ်။ နောက်ပြီးလူကလည်းစုနေတာများတော့ ကလေးငယ်တို့၊ သက်ကြီးပိုင်းတို့က သိပ်မခံနိုင်ဘူးလားတော့ မသိဘူး။ ” ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိအချိန်တွင် ဘီးလင်းမြို့နယ်ထဲတွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ ဦးရေအယောက် ၃၀ ကျော်ရှိနေပြီဖြစ်သည့်အပြင် အချို့စစ်ရှောင်နေသည့်နေရာတွင် သောက်သုံးရေခမ်းခြောက်လာသည့်အတွက် ရေညစ်ညမ်းမှုများဖြစ်လာပြီး သောက်ရေသန့်ရရှိရေးနှင့် ချိုးရေများရရှိလည်း အခက်အခဲရှိလာသည်ဟု အဆိုပါ စစ်ရှောင်ကူညီသူ၏ ပြောဆိုချက်အရ သိရသည်။

ထို့အပြင် ကေအဲန်ယူ မူတြော်ခရိုင်၊ တပ်မဟာ(၅)နယ်မြေဘက်တွင် စစ်ကောက်စီတပ်ဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် တပ်မ ဟာ(၁)နယ်မြေသို့ တိမ်းရှောင်လာသည့် ကျေးရွာ ၃ ရွာမှ စစ်ရှောင်အချို့လည်း ငှက်ဖျားရောဂါကူးစက်မှုများရှိသည်ဟု စစ်ရှောင်ကူညီသူများက ပြောသည်။

ပြီးခဲ့သည့် မေလ ၁ ရက်နေ့တွင် ဘီးလင်းမြို့နယ် လေးကေရွာတွင် စစ်ကောင်စီမှ တစ်ရက်အတွင်း လေယာဉ်နှင့် (၂)ကြိမ်တိုင်လာရောက်ပစ်ခတ်ခဲ့မှုကြောင့် လေးကေ၊ ဝင်းတာပန်၊ ကွီးလေး၊ မြစ်ကျိုး ၊ ထီးလေးခေါ့ ၊ ထီးချိဘော၊ ကျောက်တောင်လေး၊ တဂေးလော၊ သူးကဘီး၊ ကျောက်ဖျာ ကားမဲအပါအဝင် ကျေးရွာ ၁၀ ကျော်မှ ဒေသခံများသည် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေကြပြီး လက်ရှိတွင် စစ်ရှောင်ဦးရေ တစ်သောင်းခန့်ရှိနေပြီဟုလည်း ကေအဲန်ယူ သထုံခရိုင် တာဝန်ရှိသူထံမှ သိရသည်။

အဆိုပါ နေအိမ်စွန့်ခွာ တိမ်းရှောင်နေကြရသော စစ်ရှောင်များအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးအပြင် နေရာထိုင်ခင်းအတွက် အမိုးအကာ အရေးများအပေါ် အကူအညီလိုအပ်လျက်ရှိသည်ဟု သိရသည်။