မေလ ၅ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တောင်ငူခရိုင်၊ တပ်မဟာ(၂) နယ်မြေ(ပဲခူးတိုင်းဒေသကြီး )ထန်း တပင်မြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF စခန်းတစ်ခုကို ယမန်နေ့ မေလ (၄)ရက်နေ့တွင် စစ်ကောင်စီတပ်၏ အင်အားသုံးဝင်ရောက်တိုက်ခိုက်ခံရသည့်အတွက် လက်နက်အချို့ပါသွားသည်ဟု သိရသည်။
ယမန်နေ့ ညနေ (၄) နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်အင်အား (၅၀) ကျော်သည် လက်နက်ကြီး လက်နက် ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်သည့်အတွက် စခန်းရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA တပ်ရင်း(၆)တပ်ဖွဲ့ဝင်နှင့် PDF တပ်ဖွဲ့ဝင်များ စခန်းကိုစွန့်ခွာပေးရပြီး လက်နက်အချို့လည်း စစ်ကောင်စီ တပ်လက် ထဲပါသွားသည်ဟု နယ်မြေခံ PDF နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
ဒေသ PDF နှင့် နီးစပ်သူတစ်ဦးက “သံတောင်မြို့စစ်ကောင်စီတပ်ဖွဲ့တွေက ကေအဲန်ယူ ထိန်းချုပ်နယ်မြေထဲက PDF စခန်းရှိရာ ဘွဲကြီး PDF စခန်းကို ၆၀ မမ၊ ၄၀ မမ လက်နက်ကြီးနဲ့တော်တော်များများပစ်ပြီးဝင်တိုက်တော့ ဒီဘက်ဘက်က နှစ်ဦးထိသွားရတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ထိုစခန်းကို ဝင်ရောက်မတိုက်ခိုက်ခင် နံနက် (၅)နာရီဝန်းကျင်တွင်လည်း နယ်ကျော်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် PDF တပ်ဖွဲ့တို့အကြား ဘယ်ထိကျေးရွာအုပ်စု ထီးခီးအနီးတွင် ထိတွေ့ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သေးသည်ဟုလည်း သိရသည်။
ထို့အပြင် ယနေ့ မေလ ၅ရက်နေ့ နံနက် (၈)နာရီဝန်းကျင်တွင်လည်း ကေအဲန်ယူတပ်မဟာ(၂) ထိန်းချုပ်နယ်မြေ သံတောင်-တောင်ငူလမ်းမပေါ်တွင် သံတောင်မြို့မှ အရပ်ဝတ်ဖြင့် ဆိုင်ကယ်စီးလာသည့် စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို သံတောင် PDF တပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်သည့်အတွက် နှစ်ဦးစလုံးသေဆုံးပြီး လက်နက်ငယ်၊ ကျည်နှင့် အခြားပစ္စည်းအချို့ သိမ်းဆည်းရရှိလိုက်ကြောင်း သံတောင် PDF မှ သတင်းထုတ်ပြန် ထားသည်။
ထိုသေဆုံးသွားသည့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးသည် သံတောင်မြို့ရဲစခန်းမှ တပ်ကြပ်စိုးမင်းထိုက်နှင့် ရဲတပ်သားတစ်ဦးဖြစ်ပြီး တောင်ငူ-သံတောင်လမ်းမပေါ်ရှိ စိုက်ပျိုးရေးတံတားအနီးတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
လက်ရှိအချိန်ရဲတပ်ဖွဲ့ဝင်နှစ်ဦး ပစ်ခတ်ခံရသည့် လမ်းမပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အင်အားအများအပြားရောက်လာပြီး လမ်းပိတ်ဆို့ထားကာ သွားလာသူများကို စစ်ဆေးမေးမြန်းခြင်း၊ အနီးအနားပတ်ဝန်းကျင်ရှိ နေထိုင်သူများကိုလည်း စစ်ဆေးမေးမြန်းခြင်းများ လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။



















