Home သတင်း PDF နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် အရပ်သားတစ်ဦးကို စစ်ကောင်စီ ဖမ်းဆီးခဲ့

PDF နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် အရပ်သားတစ်ဦးကို စစ်ကောင်စီ ဖမ်းဆီးခဲ့

901
-ဒေသတွင်း တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသော ဘိတ်ထားဝယ်ခရိုင်မှ ဒေသခံများ ( ပုံဟောင်း- Photo -CJ)

ဧပြီလ ၂၈ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ဘိတ်-ထားဝယ်ခရိုင်၊ လေညာ-ဘုတ်ပြင်းဒေသတွင် စစ်ကောင်စီ ခြေလျင်တပ်ရင်း(ခလရ-၄၃၂) နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စျေးဝယ်ထွက် လာသည့် ဒေသခံ အရပ်သားတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားခဲံကြောင်း ဒေသတွင်း ကွယ်ကလူ သတင်းဌာနက ဖော်ပြထားသည်။

စစ်ကောင်စီ နှင့် PDF အကြား ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် မွန်းလွဲ ၁၂ နာရီ အချိန်တွင် ပြည်ကြီးမဏ္ဍိုင် ဘက်သို့ စျေးဝယ်ထွက်လာသည့် ရတနာပုံ ကျေးရွာသား အသက် ၂၇ နှစ်အရွယ် မောင်စန်းမွန်ကို အပြန်တွင် စစ်ကောင်စီ၏ (ခလရ-၄၃၂) ရပ်တန့် စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် ထိုတစ်ရက်တည်း ညနေ ၄ နာရီ အချိန်ခန့်တွင် စစ်ကောင်စီ နှင့် PDF အကြား ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့သလို ဖမ်းဆီးခံခဲ့ရသည့် ဒေသခံ မောင်စန်းမွန် ၏နောက်ဆက်တွဲဖြစ်ရပ်များကိုလည်း စုံစမ်းသိရှိနိုင်ခြင်းမရှိသေးပေ။

အလားတူ ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့ကလည်း လေညာ-ဘုတ်ပြင်ဒေသတွင် စစ်ကောင်စီ (ခလရ-၄၃၂)နှင့် ဒေသခံ PDF တပ်ဖွဲ့များအကြား ရတနာပုံ ကျေးရွာတွင် နှစ်နာရီကြာ ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးပြီး စစ်ကောင်စီ ဘက်မှ တပ်မှူးတစ်ဦးသေဆုံးပြီး ရဲမှူးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထိုပစ်ခတ်မှု ဖြစ်စဉ်ပြီးနောက် ဘိတ်(မြိတ်)မြို့ပေါ်တွင် နေထိုင်ကြသည့် ချောင်ကဖီ ကျေးရွာဒေသခံများ မိမိနေရပ်သို့ ကားဖြင့် ပြန်လာစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ခေါ်ယူ ရပ်တန့်စစ်ဆေးရာ မရပ်တန့်သောကြောင့် စစ်ကောင်စီဘက်မှ ပစ်ခတ်ရာ အရပ်သား ၅ဦး သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဘုတ်ပြင်းမြို့တွင် ဆေးကုသမှု သွားရောက် ခံယူခဲ့ရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့တွင်လည်း ရတနာပုံ လမ်းမိုင် တစ်လျှောက်တွင် နှစ်ဖက် တိုက်ပွဲ နှစ် ကြိမ်ဖြစ်ပွားခဲ့သေးပြီး စစ်ကောင်စီဘက်မှ စစ်ရေယာဉ် ၂ စီးဖြင့် လေညာခီး ဘက်သို့ တက်သွားကြောင်း ဒေသတွင်း သတင်းမီဒီယာ ကွယ်ကလူ သတင်းဌာနက ဖော်ပြထားသည်။