ဧပြီ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
KNU-တပ်မဟာ ၆ ၊ ဒူးပလာယာခရိုင် နယ်မြေ သင်္ဃန်းညီနောင်၊ ကော့ကရိတ် တောင်ပိုင်း နှင့် မြ၀တီ- ကော့ကရိတ် အာရှလမ်းပိုင်းတွင် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်-KNLA ပူးပေါင်း တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ဒေသအတွင်းသတင်းအရင်းအမြစ် ပြောဆိုချက်အရ သိရသည်။
KNU တပ်မဟာ ၆ လေးကေကော်ဒေသ၊ သင်္ဃန်းညီနောင်၊ ကော့ကရိတ် တောင်ပိုင်း နှင့် မြ၀တီ- ကော့ကရိတ် အာရှလမ်းပိုင်းတွင် စစ်ကောင်စီတပ်များနှင့် နေ့ရောညပါ စစ်အင်အားတိုး တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်လာနေပြီး ညဘက် လေ ယာဉ် ဗုံးကြဲခြင်း ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုး တိုက်ခိုက်ခြင်းများ လုပ်ဆောင်လာနေသည့်အတွက် ဒေသနယ်မြေအတွင်း KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများဆက်လက် ဖြစ်ပွားနေကြောင်း စစ်ရေးနယ်မြေ အတွင်းသတင်းအရင်းအမြစ် ပြောဆိုချက်အရ သိရသည်။
“အခု မနက်က ၆ နာရီ ကျော်ကျော်ကတည်းက အာရှလမ်းမှာ ဆိပ်ဖူးကုန်းဘက် နဲ့ တောနော်ချောင်းကွေ့ဘက်မှာ တိုက်ပွဲ ဖြစ်နေတယ်၊ မနေ့မနက်ပိုင်းက သင်္ဃန်းညီ နောင်က ၃၅၅ တပ်ရင်း ကာကင်းစစ်ကတုတ်မှာ တိုက်ပွဲဖြစ်တယ်၊ ညက ထီးမူထာ ရွာဘက်ကို လေယာဉ် လာပစ်တယ်၊ ရွာသား ၃ ယောက်ထိခိုက် ဒဏ်ရာရတယ်၊ ကားကြီးကားသေး ၃ စီးမီးလောင်နေတယ် ဆိုင်ကယ် ၁ စီး မီးလောင်နေတယ်၊ လေးကေကော်ဘက်မှာတော့ KNLA ပူးပေါင်းအဖွဲ့တွေ နယ်မြေ ရှင်းလင်းရေး လုပ်နေတာမှာတော့ စစ်ကောင်စီအဖွဲ့တွေနဲ့ ပစ်ခတ်မှုက ရှိနေတုန်းပါပဲ”ဟု စစ်ရေးနယ်မြေ အတွင်းသတင်းအရင်းအမြစ်တစ်ခုက ပြောသည်။
ထို့အပြင် စစ်ကောင်စီ တပ်မ ၄၄ အဖွဲ့က ယခုရက်ပိုင်းအတွင်း ညဘက် မြေပြင် စစ်ကြောင်းထိုးတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာသည့်အပြိုင်နက် လေးကေကော် အမြှောက်ကုန်း၊ လက်ခတ်တောင်၊ ကျောက်ဂူတောင် ၊ ၃၅၅ လက်နက်ကြီးကုန်း ၊ ဘက်မှ ကျေးရွာများထဲသို့ လက်နက်ကြီးပစ်ထုတ်မှုများ လုပ်ဆောင်လျက်ရှိ သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။
ကရင်ပြည်နယ်အတွင်းကျုံဒိုး၊ ကော့ကရိတ် ၊ မြ၀တီ၊ လေးကေကော်၊ ဝေါလေ ဒေသများတွင် ဧပြီလ ၁ ရက်မှ ယနေ့ ဧပြီလ ၁၃ ရက်နေ့အထိ စစ်ကောင်စီဘက် မှ တပ်မ ၂၂၊ တပ်မ ၄၄၊ ကမ်းရိုးတန်း တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ရင်းများ၊ နယ်ခြားစောင့်တပ်(BGF)တပ်ရင်းများ ပူပေါင်းအင်အား တစ်ထောင်ကျော်ခန့်ဖြင့် စစ်ဆင်ရေးလုပ်ဆောင်တိုက်ခိုက်နေသည့်အတွက် ဒေသအခြေစိုက် KNLA ပူးပေါင်း တပ်များနှင့် တိုက်ပွဲများနေ့စဉ်ဖြစ်ပွားလျက်ရှိသည်။
ထိုသို့ ပစ်ခတ်မှုများဖြစ်ပွားရာတွင် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရသူ KNU တပ်မဟာ ၆ ၊ ဒူးပလာယာခရိုင်အတွင်း စစ်ဘေးရှောင်နေရသော ပြည်သူ ၃၀,၀၀၀ သောင်းကျော်အထိရှိလာနေကြောင်း စစ်ဘေးရှောင် ကူညီရေးလုပ်ဆောင်များ၏ အချက်အလက်များအရ သိရသည်။



















