Home သတင်း အရေးပါသည့် စခန်းသိမ်းတိုက်ပွဲတွင် KNLA ဗျူဟာမှူး ကျဆုံး

အရေးပါသည့် စခန်းသိမ်းတိုက်ပွဲတွင် KNLA ဗျူဟာမှူး ကျဆုံး

1405
ပုံ-ဗိုလ်မှူးကြီး စောထူးကရှော (Photo_KNLA)

ဧပြီလ ၂၉ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၅) နယ်မြေအတွင်းရှိ စစ်ကောင်စီ၏အရေးပါသည့် သံလွင် မြစ်ကမ်းနံဘေးရှိ ကျောက်ညှပ်ရှေ့တန်းစခန်းတစ်ခုကို တပ်မဟာ(၅) လက်အောက်ခံ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်-KNLA က ဧပြီလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် သိမ်းပိုက်ရရှိခဲ့ပြီး တိုက်ပွဲတွင် KNLA တပ်မဟာ(၅)၏ ဗျူဟာမှူး ကျဆုံးသွားခဲ့ကြောင်း နယ်စပ်သတင်းအရင်းအမြစ်များအရ သိရှိရသည်။

သံလွင်မြစ်ကမ်းနံဘေးရှိ အဆိုပါ ကျောက်ညှပ်စခန်းကို KNLA အပါအဝင် အခြားသော မဟာမိတ်တပ်ဖွဲ့များ နှင့် ပူးပေါင်း၍ တက်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းသိမ်းတိုက်ပွဲအပြီးတွင် စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်းနှင့် တိုက်ပွဲအပြီးတွင် KNU တပ်မဟာ (၅)၏ ဗျူဟာမှူး (စစ်ဆင် ရေးမှူး) ဗိုလ်မှူးကြီးစောထူးကရှော ကျဆုံးခဲ့ကြောင်း ၎င်းတို့နှင့်နီးစပ်သူများကို ကိုးကားကာ ရေးသားဖော် ပြခဲ့ကြသည်။

တပ်မဟာ(၅)နှင့် နီးစပ်သူ KNLA တပ်မှူးတစ်ဦးက “စခန်းကိုတော့ ရသွားတယ်။ ဒါပေမဲ့ ဗျူဟာမှူးတော့ ဆုံးရှုံးလိုက်ရတယ်။ ဘယ်လိုပုံစံ ဆုံးရှုံးလိုက်ရသလဲဆိုတာတော့ အခုအချိန် အားလုံး ပူဆွေးဝမ်းနည်းနေ တော့ မပြောချင်ကြသေးဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း(ခမရ-၄၃၄) တပ်ရင်း အခြေစိုက်ရာ အဆိုပါကျောက်ညှပ်စခန်းကို KNLA အပါအဝင် ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော်(BPLA)နှင့် အခြားသောမဟာမိတ် တပ်ပေါင်းစုများပါဝင်၍ တက်ရောက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ၎င်းစခန်းအနီးရှိ မယ်ညူထာ့ကျေးရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းလည်း BPLA ၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီ စခန်းသိမ်းပိုက်ရရှိမှု နှင့် တိုက်ပွဲအတွင်း KNLA ဗျူဟာမှူး ကျဆုံးမှုနှင့်ပတ်သက်ပြီး KNU ဘက်မှ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်းမရှိသေးသလို သက်ဆိုင်ရာ တာဝန်ရှိသူများကိုလည်း ဆက်သွယ်မေးမြန်းနိုင် ခြင်းမရရှိသေးပေ။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ( တပ်မတော်နေ့)ကလည်း ထိုင်း-မြန်မာနယ်စပ်ရှိ သောလယ်ထာ တစ်ဖက်ကမ်းမှ စစ်ကောင်စီစခန်းအား KNLA တပ်မဟာ(၅)က တက်ရောက်တိုက်ခိုက် သိမ်းယူခဲ့စဉ် တုန်းကလည်း KNLA ဘက်မှ ဗိုလ်ကြီးအဆင့် အပါအဝင် ၃ ဦး ကျဆုံးခဲ့သေးသည်။