ဧပြီလ ၂၇ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ယခုရက်ပိုင်းအတွင်း ရာသီဥတုပူပြင်းသည့်အတွက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင် ၊ (တပ်မဟာ -၁ နယ်မြေ)၊ ဘီးလင်းမြို့နယ်တွင် တိုက်ပွဲကြောင့် တိမ်းရှောင်နေကြရသော စစ်ရှောင် သက်ကြီး ရွယ်အိုနှင့် ကျန်းမာရေးမကောင်းသူများမှာ နေရေးထိုင်ရေးနှင့် စားရေးသောက်ရေးအတွက် အခက်အခဲကြုံ တွေ့နေရသည်ဟု သိရသည်။
စစ်ရှောင်အများစုသည် ဘေးလွတ်ရာ တောတောင်ထဲနှင့် အခြားကျေးရွာများတွင် အစုလိုက်အဖွဲ့လိုက်စုဖွဲ့တိမ်း ရှောင်ရသည့်အတွက် ယခုလို ရာသီဥတုပူပြင်းချိန်တွင် ခက်ခက်ခဲခဲဖြင့် နေထိုင်စားသောက်နေကြရသည်ဟု စစ်ရှောင်ဒေသခံတစ်ဦးက ယခုလို ပြောသည်။
“အခု အရမ်းပူတော့ နေထိုင်လို့ အဆင်မပြေဘူး။ အိမ်အောက်မှာ အိမ်ရှင်အပါအဝင် စုပြီးနေကြတယ်။ အသက်ကြီးတဲ့လူနဲ့ နေမကောင်းတဲ့သူတွေလည်းပါတယ်ဆိုတော့ လုံးဝအဆင်မပြေဘူး။ ကိုယ့်အိမ်မဟုတ်တော့ ပိုပြီးတော့တောင် အခက်တွေ့တယ်။ ကိုယ့်အိမ်နဲ့ကိုယ်ဆိုရင် နေပူပေမယ့်လည်း အဆင်ပြေသေးတယ်လို့ ခံစားရတယ်။ တချို့ဆိုရင် ရောဂါတွေပါ တိုးတယ်။ ပြေးရတာနဲ့ပူတာနဲ့ပေါ့”ဟု သူက ကေအိုင်စီသို့ပြောသည်။
ထို့အပြင် အချို့ကျေးရွာများတွင်လည်း ရေရှားပါးသည့်အတွက် စစ်ရှောင်များမှာ ရေရှားပါးမှုပြဿနာ များကြုံ တွေ့ရသည့်အပြင် စားနပ်ရိက္ခာနှင့် အရေးပေါ်ဆေးဝါးကူညီထောက်ပံ့မှုများ လိုအပ်သည်ဟုလည်း ဒေသတွင်း စစ်ရှောင်ကူညီရေးလုပ်ဆောင်နေသူများက ပြောသည်။
စစ်ရှောင်ကူညီရေးလုပ်ဆောင်နေသူတစ်ဦးက “စစ်ရှောင်တွေက အကူအညီတချို့ရတယ်။ အကုန်တော့ မရဘူးပေါ့။ ပြီးတော့ တချို့က နေမကောင်းတဲ့သူတွေလည်းပါတော့ သူတို့အတွက် ကျန်းမာရေးပြဿနာအတွက် ဆေးဝါးအခက်အခဲရှိတာပေါ့။”ဟု ကေအိုင်စီသို့ ပြောသည်။

ကေအဲန်ယူ ဘီးလင်းမြို့နယ်ရှိ လေးကေနှင့် ဝင်တာပန်စစ်စခန်း နှစ်ခုကို ဧပြီလ ၂၃ ရက်နေ့တွင် နောက်ဆုံးထား ဆုတ်ခွာရန် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO တပ်ရင်း ၂ က သတိပေးစာ ထုတ်ပြန်မှုကို စစ်ကောင်စီတပ်ဘက်က နောက်မဆုတ်သည့်အတွက် KNDO ဘက်က သွားရောက် ပစ်ခတ်နှောင့်ယှက်မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
ထိုစခန်းရှိ စစ်ကောင်စီတပ်ဘက်ကလည်း ကျေးရွာမရှောင် လက်နက်ကြီးများနှင့် ပြန်လည်ပစ်ခတ်မှုများလုပ် ဆောင်သည့်အတွက် အရပ်သားနေအိမ်ထိမှန်ပျက်စီးမှုများရှိသလို ထောင်ပေါင်းများစွာသော ဒေသခံပြည် သူများလည်း အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု ဒေသခံများက ပြောသည်။
ကေအဲန်ယူ သထုံခရိုင် ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်က “စစ်တပ်ဘက်က ရွာတွေထဲမှာလက်နက်ကြီကျတာ လူတွေ ထိခိုက်သေဆုံးတာရှိတော့ လက်နက်ကြီးဒဏ်ကြောက်တာလည်း ပါတယ်။ ပြီးတော့ လေယာဉ်နဲ့လာပစ်မှာ ကိုလည်း ကြောက်နေတော့ သူတို့တွေရှောင်နေတာပေါ့။ စစ်ရှောင်ရင်တော့ သိတဲ့အတိုင်းပါ အစားအသောက်၊ ဆေးဝါးတွေလိုတယ်။ ကျနော်တို့ဘက်က တတ်နိုင်သလောက်နည်းလမ်းရှာပေးတယ်၊ ကူညီပေးတယ်ပေါ့။”ဟု ပြောသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်မှုနှင့် လေကြောင်းရန် စိုးရိမ်ကြောက်လန့်မှုများကြောင့် ဘီးလင်းမြို့နယ်ရှိ မြစ်ကျိုး၊ ကျောက်ဖျာ၊ လေးကေ၊ သူးကဘီး၊ ကျောက်တောင်လေး၊ ထီးလေးခေါ့၊ ဝင်းတာပန်၊ တာပေါရွာခီးနှင့် ကားမဲစသည့် ကျေးရွာမှ အရပ်သားပြည်သူ (၇,၀၀၀) ကျော်မှာ ဘေးလွတ်ရာထွက်ပြေးတိမ်း ရှောင်ခဲ့ကြရပြီး လက်ရှိတွင် ကူညီထောက်ပံ့မှုများ လိုအပ်လျက်ရှိသည်ဟု စစ်ရှောင်ကူညီသူများက ပြောသည်။



















