Home သတင်း ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ သင်္ကြန်ကာလ အိမ်ပြန်ခြင်းကို ရှောင်ရှားရန် အလုပ်သမားအရေးဆောင်ရွက်သူများ တိုက်တွန်း

ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ သင်္ကြန်ကာလ အိမ်ပြန်ခြင်းကို ရှောင်ရှားရန် အလုပ်သမားအရေးဆောင်ရွက်သူများ တိုက်တွန်း

1589

ဧပြီလ ၈ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ထိုင်းအစိုးရမှ လက်ရှိ ကာလအထိ တရားဝင် နယ်စပ်ဖြတ်သန်းခွင့် မပေးထားသေးသည့်အပေါ် ထိုင်း ရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် သင်္ကြန်ကာလနေအိမ်ပြန်ခြင်းကို ရှောင်ရှားကြရန် မြန်မာအလုပ်သမားအရေးဆောင်ရွက်သူများက သတိပေးတိုက်တွန်းပြောဆိုလိုက်သည်။

လက်ရှိတွင် Facebook လူမှုစာမျက်နှာများပေါ်တွင် နေအိမ်ပြန်လိုသည့် မြန်မာအလုပ်သမားများ အထောက်အထားရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ နေအိမ်အရောက်လာကြိုပြီး ထိုင်း-မြန်မာ ချစ်ကြည်ရေးအမှတ် (၂) တံတားနှင့် မြန်မာဖက်ခြမ်းရှိ မြဝတီလိုင်းကားများအထိပါ ချိတ်ဆက်ဆောင် ရွက်ပေးသွားမည်ဟူ၍ ကြော်ငြာ ရေးသားလာခြင်းအပေါ် မြန်မာပြည်သားများအရေး ပူးပေါင်းလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဌ ဦးမိုးကြိုးက ယခုလို ပြောသည်။

“ပွဲစားအမျိုးမျိုးကနေပြီးတော့ ထိုင်းအာဏာပိုင်ဝန်ထမ်းတွေနဲ့ ချိတ်ဆက်ပြီးတော့ လက်ဝါးချင်း ရိုက်ပြီး တော့ ကုန်ကျစရိတ်ကြီးမားတဲ့ ဘတ် ၃၅၀၀ ကနေ ၁၀,၀၀၀ အထိ ပေးရတဲ့အိမ်ပြန်ခြင်းမျိုးမပြန်ပါနဲ့။ တရားဝင် အိမ်ပြန်ခွင့်ရသည်အထိ စောင့်ဆိုင်းကြပါ။ ထိုင်းနိုင်ငံဘက်ခြမ်းမှာလည်း လုံခြုံခွင့်မရှိဘူး။ သင်္ကြန်ကာလမှာ ထိုင်းဥပဒေအရ အမျိုးမျိုးလုပ်ထားတယ်။ နောက်လူလိမ်လူကောက်တွေရဲ့ ငွေကြေး လိမ်လည်မှုတွေလည်း ခံရနိုင်သလို မြန်မာဘက်ခြမ်းမှာလည်း နယ်စပ်တိုက်ပွဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ ရနိုင်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမား ခရီးသည်များကို အဓိက ပို့ဆောင်ပေးနေသည့် ဘန်ကောက်-မြဝတီ ကားသမားများအနေဖြင့် ယခု ဧပြီလ ၈ ရက်မှ ၁၁ ရက်နေ့အထိ အိမ်ပြန်၍ရကြောင်း၊ တရားဝင် ကားများဖြင့် ကြိုပို့ပေးနေကြောင်း Facebook လူမှုကွန်ရက်စာမျက်နှာများအပေါ်တွင် လိုက်လံ ကြော်ငြာထားလျက်ရှိသသည်။

ထို့အပြင် ကားခများကိုလည်း ဘတ်ငွေ ၃၅၀၀ အထိ သတ်မှတ်ထားသည်ကိုလည်း တွေ့ရပြီး တဖက်မြန်မာပြည်ဘက်ခြမ်းရှိ ကားများကိုလည်း ချိတ်ဆက်ပေးကြောင်း ဖော်ပြထားသလို (Q မဝင်လမ်း)ဟူ၍ Quarantine ဝင်စရာမလိုကြောင်းလည်း ဖော်ပြထားသည်ကို တွေ့ရသည်။

အလားတူ လက်ရှိ စစ်ကောင်စီကို တော်လှန်တိုက်ပွဲဝင်နေကြသည့် လူငယ်များအနေဖြင့်လည်း စစ် ကောင်စီကျင်းပမည့် သင်္ကြန်ပွဲတော်များအပါအဝင် အပျော်သင်္ကြန်များကို ငြင်းဆန်၍ တော်လှန် သင်္ကြန်ဖြင့် ပါဝင်ဆင်နွှဲကြရန်လည်း တိုက်တွန်းပြောဆိုထားမှုများရှိသည်။

(JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးကလည်း လက်ရှိ သင်္ကြန်ကာလအတွင်း လူငယ်လူရွယ်များအနေဖြင့် အသက် သွေးချွေးများရင်း၍ စစ်အာဏာရှင် တွန်းလှန်တိုက်ပွဲဝင်နေချိန်တွင် မိမိအိမ်ပြန်ချင်စိတ်များကို ခေတ္တယာယီ သီးခံထား၍ နေအိမ်မပြန်ခြင်းဖြင့် တော်လှန်သင်္ကြန်တွင် ပါဝင်သွားကြရန်လည်း တိုက်တွန်းပြောဆိုခဲ့သည်။

လတ်တလောတွင် ထိုင်း-မြန်မာနယ်စပ်မြို့ မြဝတီ-ကောကရိတ်လမ်းသွား အာရှလမ်းမပေါ်တွင် စစ်ကောင်စီနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲ များဖြစ်ပွားနေပြီး ပြည်သူလူထုနှင့်ခရီးသွားများကို မတ်လ ၂၇ ရက်နေ့မှစ၍ အာရှလမ်းမအသုံးပြု၍ ဖြတ်သန်းသွားလာခြင်း မပြုရန်လည်း KNU ဘက်က မေတ္တာရပ်ခံထားသေးသည်။

ထိုသို့ မေတ္တာရပ်ခံစာထုတ်ပြန်ခဲ့သော်လည်း အာရှလမ်းမကို အသုံးပြုသွားလာမှုများ ပြုလုပ်ခဲ့ခြင်း ကြောင့် ခရီးသွားကားများနှင့် ကုန်စည်ကားများ မီးရှို့ခံခဲ့ရမှုဖြစ်ပေါ်ခဲ့သေးပြီး ခရီးသည်တင် ယာဉ်ငယ် တစ်စီးလည်း ပစ်ခတ်ခံခဲ့ရကာ ခရီးသည်တစ်ဦး သေနတ်ထိမှန်ခဲ့သည့် ဖြစ်စဉ်တစ်ခုလည်း ယခင်လတွင်းက ဖြစ်ပွားခဲ့သည်။

နယ်မြေခံ KNLA တပ်မှူးတစ်ဦးက “ကျနော်တို့ဘက်က စာထုတ်ထားပေမဲ့ နားမထောင်တဲ့ ပြည်သူ တချို့လည်း သွားလာနေကြတာရှိတယ်။ အရပ်သားကားလို့ ပြောပေမဲ့လည်း တချို့က စစ်တပ်နဲ့ ပေါင်းပြီး ကူညီပေးနေတာတွေရှိတယ်။ လမ်းတစ်ဝက် တစ်ပိုင်းအထိ လိုက်တာတွေလည်းရှိတယ်။ အဲ့တော့ သူတို့အတွက်လည်း လုံခြုံရေးအရ စိုးရိမ်ရတယ်။ တိုက်ပွဲတွေကလည်းရှိနေတော့ ကြားညှပ် လာရင် ကျနော်တို့အတွက်လည်း လုပ်ရကိုင်ရတာ ခက်ခဲစေတယ်” ဟု ကေအိုင်စီ သို့ ပြောသည်။

ထိုင်းအစိုးရ အနေဖြင့် ပြီးခဲ့သည့် (၂) နှစ်တာကာလအတွင်း ကိုဗစ်ကပ်ရောဂါ ကူးစက်မှု ထိန်းချုပ် ကာကွယ် တားဆီးရေးအတွက် နယ်မြေကျော် ခရီးသွားလာမှုကို တားမြစ်ထားပြီး လက်ရှိတွင်လည်း နှစ်နိုင်ငံချစ်ကြည်ရေး တံတားကို တရားဝင် ဖွင့်လှစ်ထားခြင်းမရှိသေးကြောင်းနှင့် လက်ရှိသင်္ကြန် ကာလတွင်လည်း အပျော်ရေပက်ကစားခြင်းကိုလည်း ကန့်သတ်ထုတ်ပြန်ထားသည်။