Home တွေ့ဆုံမေးမြန်းခန်း တော်လှန်ရေးအဖွဲ့ ပူးပေါင်းလာသူ ခမရ ၅၈၅ ဒုတပ်ရင်းမှူး ဗိုလ်မှူးတင်လင်းအောင်နှင့် မေးမြန်းချက်

တော်လှန်ရေးအဖွဲ့ ပူးပေါင်းလာသူ ခမရ ၅၈၅ ဒုတပ်ရင်းမှူး ဗိုလ်မှူးတင်လင်းအောင်နှင့် မေးမြန်းချက်

1372
Photo: Cobra Column

“ဘာမှန်းမသိတဲ့ ကျနော်နဲ့အတူ လမ်းပျောက်နေကြသော လက်တွဲဖော်တွေ ကြားထဲမှာလည်း လမ်းပျောက်ပြီးတော့ ဆက်မနေချင်လို့ပေါ့။” ဗိုလ်မှူး တင်လင်းအောင် KNU-ကရင်အမျိုးသားအစည်းအရုံး ဦးဆောင်သည့် တော်လှန်ရေးအဖွဲ့အစည်းများထံ လာရောက်ပူးပေါင်းခဲ့သည့် လေးကေကော်ဒေသကို ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ် ခမရ -၅၈၅ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး တင်အောင်အား ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ တော်လှန်ရေးအဖွဲ့အစည်းနဲ့ လာရောက်ပူးပေါင်းရတဲ့အကြောင်းအရင်းကို အရင်ပြောပြပါအုံး။
ဖြေ။ ။ ဘာကြောင့် လာရောက်ပူးပေါင်းရလဲဆိုတော့ တာဝန်ယူမှု ၊ တာဝန်ခံမှု မရှိတဲ့ ခေါင်းဆောင်အောက်မှာ မနေချင်တော့တာ အဲဒီဟာက ပိုပြီးတော့ ရာခိုင်နှုန်းပိုများတယ်ပေါ့နော်။ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ ခေါင်းဆောင်အောက်မှာ တာဝန်ထမ်းဆောင်ချင်တယ်။ အဲဒီရည်ရွယ်ချင်ပေါ့။ ပြီးရင် ဘာမှန်းမသိတဲ့ ကျနော်နဲ့ အတူ လမ်းပျောက်နေကြသော လက်တွဲဖော်တွေ ကြားထဲမှာလည်း လမ်းပျောက်ပြီးတော့ ဆက်မနေချင်လို့ပေါ့။ လမ်းလေးရှိမယ့် တစ်နေရာလို့ ကျနော်ယူဆတဲ့နေရာကို ကျနော်လာခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျ။

မေး။ ။ တပ်မတော်မှာ ဗိုလ်မှူးရဲ့ စစ်သက်၊ တာဝန်ထမ်းဆောင်ခဲ့တဲ့ အဆင့်ဆင့်သောတာဝန်နဲ့ တာဝန်ကျခဲ့တဲ့ နေရာတွေကို ပြောပြပေးပါ။
ဖြေ။ ။ ကျနော်တပ်ဝင် ရက်စွဲကတော့ ကျနော်စီဒီအမ်လုပ်တဲ့ ရက်စွဲနဲ့အတူတူပဲဗျ။ ၂၅ ရက်၊ ၁လ ၊ ၂၀၀၂ မှာ တပ်မတော် စရောက်တယ်ဗျ။ အဲဒီကနေ ကျနော် ၂၅ ရက်နေ့ ၃ လ၊ ၂၀၂၂ အထိပေါ့ တပ်မှာ ကျနော် တာဝန်ထမ်း ဆောင်ခဲ့တယ်။ နှစ် ၂၀ နဲ့တစ်လပေါ့။ ကျနော် တာဝန်ထမ်းဆောင်ခဲ့တပ်တွေကတော့ ရခိုင်က စကခ ၁၅ အောက်က ခမရ ၅၆၅ ဘူးသီးတောင်ပေါ့။ အဲဒီမှာ ကျနော် ၂၀၀၅ကနေပြီးတော့မှ ၂၀၁၁ အထိတာဝန် ထမ်းဆောင်ခဲ့တယ်ဗျ။ ပြီးရင် ကျနော် တပ်မ ၅၅ ကလောမှာ ၂၀၁၁ ကနေ ၂၀၁၆ အထိ တာဝန်ထမ်း ဆောင်ခဲ့ တယ်ဗျ။ ပြီးတော့ လက်ရှိ ခမရ ၅၈၅မှာ ၂၀၁၆ ကနေ အခု စီဒီအမ်လုပ်လာသည်အထိ တာဝန်ထမ်းဆောင်ခဲ့ တယ်ဟုတ်။

မေး။ ။ တပ်မတော်မှာ အနှစ် ၂၀ ကျော်ကြာ တာဝန်ထမ်းဆောင်ပြီးတော့မှ အခုတပ်မတော်ကို ပြန်ပြီးစွန့်ခွာ ရလောက်တဲ့အထိ ဖြစ်လာတဲ့ စိတ်တွန်းအားတွေက ဘာဖြစ်မလဲ။
အဓိကတော့ ကျနော်တို့က မြေစာပင်ဖြစ်နေတာပေါ့နော်။ အချင်းချင်းရဲ့ ပွတ်တိုက်မှု ကြားထဲမှာ မြေစာပင်ဖြစ် နေတဲ့ အကြောင်းအရာကို ကျနော်က ဆက်လက်မဖြစ်စေချင်ဘူး။ အဓိကကတော့ အပေါ်ပိုင်းခေါင်း ဆောင် တွေက သူတို့ဘာသူတို့ ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေကို ပေးပြီးတော့မှ မဖြေရှင်းဘဲနဲ့ စစ်ရေးကို စစ်ရေးနဲ့ သွားနေမယ်ဆိုလို့ရှိရင်တော့ ကျနော်တို့တွေက ဘယ်လိုမှ ဆက်ပြီးတော့မှ မဖြစ်နိုင်တဲ့အကြောင်း အရာတွေ အများကြီးရှိတာပေါ့။ ဒီစကားပြောတာလည်း ဗိုလ်မှူးမသေရဲလို့ ပြောတာ မဟုတ်ပါဘူး။ သေရဲပါတယ်။ တိုက်ရဲပါတယ်။ ဒါပေမယ့် သေသင့်သလား၊ တိုက်သင့်သလားဆိုတဲ့အကြောင်းအရာကို ကျနော်စဉ်းစားတယ်လေ ။

ပြီးတော့ သူ(ဗိုလ်ချုပ်မင်းအောင်လှိုင်) ဘာလုပ်ချင်တာလဲ။ လိုင်းပေါ်မှာ တစ်ယောက်ဆွေးနွေးသွားတာရှိ တယ်ဗျ။ အဲလူကိုတော့ နာမည်မမှတ်မိတော့ဘူး။ ဦးသန်းဌေး ဘာလုပ်ချင်တာလဲဆိုတာကို သူဝင်ပြီး ခံစားပေးလို့ရတယ်ပေါ့။ ပြီးရင် ဒေါ်အောင်ဆန်းစုကြည်ဘာလုပ်ချင်တာလဲကို ဝင်ပြီး ခံစားပေး လို့ရတယ်။ ဒါပေမယ့် ဦးမင်းအောင်လှိုင် ဘာလုပ်ချင်လဲဆိုတဲ့ဟာကို ဝင်ပြီးခံစားပေး လို့မရဘူးဆိုတဲ့ သူပြောသွားတယ်။ အဲဒီလိုပဲ ကျနော်လည်း သူဘာလုပ်ချင်လဲ ၊ ဘာဖြစ်ချင်နေတာလဲ။ သူဘာလဲ ၊ သူဘယ်လဲဆိုတဲ့ဟာ ကျနော်တို့မသိတဲ့အပြင် သူအာဏာတည်မြဲဖို့ ၊ သူ့ တစ်ကိုယ်ရည်တစ်ကာယအဆင်ပြေဖို့အတွက်ပဲ သွားနေတဲ့ခေါင်းဆောင်အောက်မှာ မနေချင်တော့တဲ့ တွန်းအားအများကြီးပါတယ်ဗျ။

မေး။ ။ အခု ကာချုပ်မင်းအောင်လှိုင် ဦးဆောင်တဲ့ စကစ စစ်အုပ်စုက သူတို့အာဏာတည်မြဲရေးအတွက် တစ်နိုင်ငံလုံးမှာ အကြောက်တရားတွေ လွှမ်းမိုးသွားအောင် အကြမ်းဖက်မှု၊ သတ်ဖြတ်မှု လုပ်ဆောင်ပြနေတယ်လို့ အများက ရှုမြင်ကြတယ်။ ဒီ စကစ လုပ်ရပ်အပေါ်မှာကော ဗိုလ်မှူး ဘယ်လို မြင်ပါသလဲ။
ဖြေ။ ။ ဒီဟာက ကျနော်ဘာပြောချင်လဲဆိုတော့ သူက အကောင်းဆုံးနည်းလမ်းကို အဖြေမရှာဘူး။ အကောင်းဆုံး နည်းလမ်းကို သူမရှာတဲ့အပြင် သူဘာလုပ်ရမလဲဆိုတာ သူ့ကိုယ်သူ မသိတော့တာ၊ ဒီဟာကတော့ သူမကောင်း ဘူးလို့ ကျနော်မြင်တယ်။ ဘာလုပ်ရမလဲဆိုတာ ဒီအချိန်မှာ အဖြေရှာသင့်တဲ့ အချိန်ကိုလည်း ရောက်နေပြီ ပေါ့နော်။ အဖြေရှာသင့်တဲ့အချိန်ကိုတောင်မှ သူက အဖြေမရှာတဲ့ လူတစ်ယောက်ဖြစ်ပြီးတော့မှ အမှန်တိုင်း ပြောရရင် သူက ကျနော်တို့ကို မြေနဲ့သေနတ်ကို အသက်နဲ့လဲခိုင်းနေတယ်ပေါ့။ မြေရဖို့အတွက် အသက်ဘယ် လောက်ပဲ ပေးရ၊ ပေးရ။ ဒီမြေကို အခြားလူဆီ ပါမသွားဖို့အတွက် အသက်ဘယ်လောက်ပေးရ၊ ပေးရ ။ ပြီးရင် သေနတ်တစ်လက်ကို အခြားအဖွဲ့အစည်းထံမပါဖို့အတွက် အသက်ဘယ်လောက်ပေးရ၊ ပေးရဆိုတဲ့စိတ်က ကျနော်တို့ရဲ့ အသက် ကြက်ကလေး၊ ငှက်ကလေးလောက်ကို တန်ဘိုးမထားတဲ့ ခေါင်းဆောင် တစ်ယောက် သူလက်ရှိအချိန်ထိ ဖြစ်နေပြီးပေါ့နော်။ သူကလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာတာလည်း စစ်တက္ကသိုလ်ကျောင်းကြီးဘဝထဲက သူက အခြားသူတွေကို အရေးယူပြီးတော့ပဲ သူ ရာထူးယူလာခဲ့တာ။ အဲလိုပြောရင်တော့ ကျနော်နည်းနည်းရိုင်းလိမ့်မယ်။ ကျနော်အဲလိုပဲ မြင်တယ်။ ငါတစ်ကိုယ်ကောင်းစားရေး အတွက်လုပ်တဲ့ အဲဒီလူနဲ့ ကျနော်ဆက်ပြီးတော့ တာဝန်မထမ်းဆောင်နိုင်တော့လို့ ကျနော်ဒီကို လာခဲ့ခြင်းဖြစ် တယ်။

မေး။ ။ နောက်တစ်ခုက လက်ရှိတပ်တွင်း စည်းလုံးမှု အနေအထားနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုတွေ တွေ့မြင်ရ လဲ ပြောပြပေးပါအုံး။
စည်းလုံးမှုအခြေအနေကတော့ ၇၅ ရာခိုင်နှုန်းလောက်တော့ ပြိုကွဲနေပြီးလို့တော့ ကျနော်ကတော့ ယူဆတယ်ဗျ။ ဘာဖြစ်လို့ ပြောနိုင်လဲဆိုတော့ ကျနော်အနှစ် ၂၀လောက် ကျေလည်ခဲ့တဲ့ ဝန်းကျင်ကိုး။ သူတို့က တစ်နိုင်ငံလုံး ပတ်ရမ်းထားတဲ့အတွက် မဆိုင်တဲ့သူတွေကို ဆွဲထည့်သလို ဖြစ်မှာစိုးလို့ ကျနော် အဲဒီစကားလေးတော့ မပြောရစေနဲ့။ ဒါပေမယ့် ၇၅ ရာခိုင်နှုန်းလောက်တော့ ပြိုကွဲနေပြီးလို့ ကျနော်ကတော့ ယူဆတယ်ဗျ။

မေး။ ။ လူမှုကွန်ရက်စာမျက်နှာအပေါ်မှာ ရေးသားနေတာတွေ့ရတယ်။ ဗိုလ်မှူးက မယုံကြည်ရတဲ့သူလို့ ဖော်ပြကြတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ကော ဘာပြောချင်လဲ။
ဖြေ။ ။ ဘာပြောချင်လဲဆိုတော့ ကျနော်က ဘဝကြီးတစ်ခုလုံးနဲ့လာခဲ့တာလေ။ သူတို့ လိုင်းပေါ်မှာ ရေးထားတဲ့ စာသားလေးတစ်ခုလောက်နဲ့တော့ ကျနော်က သိပ်ရင်မခုန်ဘူးလို့ အဲဒါလေးပဲ ပြောချင်တယ်။

မေး။ ။ အခု စီဒီအမ်လုပ်ပြီးဆိုတော့ ရှေ့ဆက် ဗိုလ်မှူးအနေနဲ့ ဘာတွေ ဆက်လုပ်သွားမလဲ။
ကျနော်သည် ကျနော့်မိသားစုကို အေးအေးဆေးဆေး လုံခြုံတဲ့တစ်နေရာကို ပို့ပြီးသွားလို့ရှိရင် လက်ရှိ ကျနော်ပူး ပေါင်းထားတဲ့ အဖွဲ့ဆီမှာ ကျနော်ဆက်ပြီးတော့ တာဝန်ထမ်းဆောင်ဖို့တော့ လက်ရှိလောလောဆယ် အဲလိုတော့ ဆုံးဖြတ်ချက်ချထားတယ်ဗျ။ သေတာချင်းအတူတူတော့ သိက္ခာရှိရှိနဲ့ပဲ ကျနော်သေသွားချင်တယ်။

မေး။ ။ အခုဗိုလ်မှူးက စီဒီအမ်လုပ်လိုက်ပြီးဆိုတော့ တပ်မတော်ထဲမှာရှိတဲ့ တပ်မတော်သားကို ဘာပြောချင်လဲ။

ဖြေ။ ။ ပြည်သူက နေပြီးတော့မှ လက်ညှိုးထိုးပြီးတော့မှ သိက္ခာမရှိတဲ့ ဘဝနဲ့သေမလား၊ သိက္ခာရှိရှိမလား၊ ကျနော်ကတော့ သိက္ခာရှိရှိသေစေချင်တယ်။ သိက္ခာရှိတဲ့ လုပ်ရပ်ကို လုပ်ပြီးတော့မှပဲ ကျနော်တို့ရဲ့ အနာဂတ်ကို သွားစေချင်တယ်။ သူတို့ကိုလည်း အဲဒီအနာဂတ်ကိုပဲ ဖန်တီးစေချင်တယ်။

မေး။ ။ ဘာများ ဖြည့်စွက်ပြောချင်တာရှိသေးလဲ။
ဖြေ။ ။ သူသည် အာဏာကြီး သုံးရပ် ပိုင်ထားတာဖြစ်တဲ့အတွက် ကျနော်တို့ကလည်း အုပ်ချုပ်ရေးဆိုတဲ့ဟာလည်း အုပ်ချုပ်ရေးနည်းလမ်းနဲ့ ပြန်ပြီးတော်လှန်ရမယ်။ ပြီးရင် မီဒီယာဆိုလည်း မီဒီယာနဲ့ပြန်ပြီးတော်လှန်ရမယ်။ ပြီးရင် စီးပွားရေးဆိုလည်း စီးပွားရေးနဲ့ ပြန်ပြီးတော်လှန်ရမယ်။ အများကြီးပေါ့နော်။ လက်နက်တစ်ခုထဲနဲ့ပြန် တော်လှန်မယ်ဆိုရင်တော့ မအောင်မြင်ဘူးလို့ ကျနော်မဆိုလိုဘူး။ နည်းနည်းလေးကြာမယ်။ အဖက်ဖက်၊ အသီးသီးကနေ စစ်မျက်နှာစာတွေ ဖွင့်ပြီးတော့ အိမ်တစ်အိမ်ကို ဝင်မယ်ဆိုလို့ရှိရင် အပေါက်တစ်ပေါက်ကပဲ ဝင်မယ်ဆိုလို့ရှိရင်တော့ ဝင်ရမှာ ကြာတာပေါ့။ အပေါက်ပေါင်းစုံက ဝင်မယ်ဆိုလို့ရှိရင်တော့ ပိတ်ထားဖို့အတွက် သူ့မှာ အခက်အခဲ အများကြီးကြုံသွားလိမ့်မယ်။

အဲဒီတော့ စစ်မျက်နှာစာတွေ အများကြီးဖွင့်ပြီးတော့မှ ဘောပင်နဲ့တော်လှန်တဲ့သူက ဘောပင်နဲ့တော်လှန်ရမယ်။ စကားနဲ့တော်လှန်တဲ့သူက စကားနဲ့တော်လှန်ရမယ်။ မီဒီယာနဲ့တော်လှန်ရမယ့်သူက မီဒီယာနဲ့တော်လှန်ရမယ်။ စီးပွားရေးဆို စီးပွားရေးအရတော်လှန်ရမယ်။ အဲဒီလို ဘက်ပေါင်းစုံက တော်လှန်မှသာလျှင် အမြန်ဆုံးအောင်နိုင်မယ်လို့တော့ ကျနော်အဲဒီမက်ဆေ့ပေးချင်တယ်ဗျ။