ဧပြီ ၂၉ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသရှိ ကျေးရွာများတွင် ခရီးသွားလာသူများနှင့် ခလယ်ကျေးရွာအုပ်စုရှိ ဒေသခံရွာသားများကို ယနေ့ ဧပြီလ ၂၉ ရက်နေ့တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီး ခေါ်ဆောင်ခြင်းခံရပြီးနောက် နေ့လည် ၁ နာရီအချိန်တွင် ပြန်လည်လွတ်မြောက်လာကြပြီးဟု ဖမ်းဆီးခံရသူ ရွာသားများထံမှ သိရသည်။
တံခွန်တိုင်ရွာရဲစခန်းမှ ခြေကုပ်နေရာယူထားသည့် စစ်ကောင်စီတပ်များသည် ယနေ့ ဧပြီလ ၂၉ ရက် နံနက် ၇ နာရီ ဝန်းကျင်အချိန်တွင် ၎င်းတို့စခန်းမှ ခလယ်ကျေးရွာထဲသို့ ဝင်ရောက်လာပြီး ဒေသခံရွာသားများနှင့် ခရီးသွားလာသူ စုစုပေါင်း လူ ၂ဝ ကျော်ကို ၎င်းတို့၏ လုံခြုံရေးအကာအကွယ်အဖြစ် အဓမ္မဖမ်း ဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ရွာသားများထံမှ သိရသည်။
“ နေအိမ်ရှေ့ရောက်တော့ လူရှိလားမေးတယ်။ ကြောက်လို့ ရှိတယ်ပြောလိုက်တယ်။ ခလယ်ရွာလေးမှာ ခေါ်သွားတယ်။ လမ်းမမှာ အခြားရွာက ခရီးသွားလာကြသူတွေလည်း ဖမ်းခေါ်သွားတယ်။ အားလုံး ၂ဝ ကျော် သူတို့ခေါ်သွားတယ်။ ဘာမှတော့ မလုပ်ဘူး။ ထမင်းတွေချက်ပေးပြီးတော့ အားလုံးပြန်လွှတ်ပေးတယ်” ဟု ဖမ်းဆီးခံရသည့် ဝင်းရော်ရွာသားတစ်ဦးက ကေအိုင်စီ သို့ပြောသည်။
တံခွန်တိုင်ရဲစခန်းဝင်းအတွင်း ခြေကုပ်နေရာယူထားသည့် ထိုစစ်ကောင်စီတပ်တို့သည် ယနေ့နံနက် ၈ နာကျော်အချိန်တွင် စခန်းမှ ခလယ်ကျေးရွာသို့ ဝင်ရောက်လာပြီး ကျေးရွာအထက်တန်းကျောင်းအနီးအရောက် တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA တို့နှင့် မိနစ် ၃၀ ခန့် ပစ်ခတ်မှုဖြစ်ခဲ့သေးသည်။
အဆိုပါ ပစ်ခတ်မှုတွင် မြို့ဟောင်းရွာမှ အမျိုးသမီးတစ်ဦး ခြေထောက်တွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်မှ ခလယ်ရွာနှင့် ခလယ်ရွာလေးကြားရှိ ရွာသားများကို အဓမ္မခေါ်ယူဖမ်းဆီးခဲ့သလို ခရီးသွားလာသူများကိုလည်း ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း ရွာသားများထံမှ သိရသည်။
ပြီးခဲ့သည့် ဧပြီလ၂၅ ရက်နေ့တွင်လည်း ဝင်းရော်ဒေသ အနောက်ဘက် တောင်ညိုတောင်တန်း၏ တောင်ခြေတွင် ဥယျာဉ်ခြံလုပ်ငန်းလုပ်ကိုင်နေသည့် ဒေသခံရွာသားများနှင့် ခရီးသွားလာသူစုစုပေါင်း ၄ဝ နီးပါးကို စစ်ကောင်စီ တပ်က ပေါ်တာအဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး အထုပ်လက်နက်များ ထမ်းစေခိုင်းကာ တံခွန်တိုင်ရဲစခန်းသို့ အရောက်ပို့ဆောင်ခိုင်းစေပြီးမှ ပြန်လည်လွှတ်ပေးခဲ့ကြောင်း ဖမ်းဆီးခံခဲ့ရသည့် ရွာသားများထံမှ သိရသည်။



















