Home သတင်း မြဝတီမြို့နယ်စုပေါင်းရုံးနှင့်ကိုက် ၅၀ ခန့်အကွာ BGF တပ်နယ်(၄)တပ်နယ်မှူး ဗိုလ်မှူးစောမုတ်သုန်တိုက်အနီး မိုင်းပေါက်

မြဝတီမြို့နယ်စုပေါင်းရုံးနှင့်ကိုက် ၅၀ ခန့်အကွာ BGF တပ်နယ်(၄)တပ်နယ်မှူး ဗိုလ်မှူးစောမုတ်သုန်တိုက်အနီး မိုင်းပေါက်

1817
Photo: CJ

မတ်လ ၂၄ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၃ ရပ်ကွက်ရှိ မြို့နယ်စုပေါင်းရုံးနှင့် ကိုက် ၅၀ ခန့်အကွာ နယ်ခြားစောင့်တပ် -BGF တပ်နယ်(၄) တပ်နယ်မှူး ဗိုလ်မှူူး စောမုတ်သုန်ပိုင် တိုက်အနီးတွင် ယနေ့ ည ၉နာရီ ၂၀ မိနစ်အချိန်ခန့်က မိုင်းတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုင်းပေါက်ကွဲမှုကြောင့် ဗိုလ်မှူးမုတ်သုန်ပိုင်ဆိုင်သည့် လင်းသီရိမုန့်ဆိုင်မှ တံခါးမှန်တစ်ချို့ ကွဲကြေမှု ဖြစ်သွားကြောင်း ယင်းပတ်ဝန်းကျင်အနီး နေထိုင်သူတစ်ဦးက ယခုလို ပြောသည်။

“ပေါက်ကွဲတဲ့ အသံက အတော်လေးကျယ်တယ်။ အနီးအနားမှာပဲ ဖြစ်သွားတာဆိုတော့ အိမ်ပါတုန်သွားတယ်။ နောက်မှသိရတာက မြဝတီ ရပ်ကွက် ၃ ဓိဌာန်အောင်လမ်းနှင့် မီးသတ်လမ်းဆုံနားက ဗိုလ်မုတ်သုန်ပိုင်တဲ့ လင်းသီရိဆိုင်က မှန်တံခါးတွေတောင် ကွဲသွားတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ မိုင်းပေါက်ကွဲမှု ဖြစ်ခဲ့သော နေရာအနီးဝန်းကျင်မှာ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာရုံးများရှိပြီး မည်သည့်ရည်ညွှန်းချက်ဖြင့် ဖောက်ခွဲမှု ပြုလုပ်ခဲ့သည်ကိုမူ မြို့နေပြည်သူများ စိတ်ဝင်စားလျက် ရှိနေသည်။

ထိုသို့ မိုင်းပေါက်ကွဲမှု ဖြစ်သည့်အချိန်နှင့် မရှေးမနှောင်းမှာပင် မြဝတီမြို့ အမှတ် ၄ ရပ်ကွက် ကျောက် လုံးကြီးရပ်ကွက် အနောက်ဘက်ခြမ်းဝန်းကျင်တွင် လက်နက်ကြီးလက်နက်ငယ် ပစ်ခတ်သံများ ကြားရကြောင်း ဒေသခံများ၏ ပြောကြားလာမှုမှ သိရသည်။

Photo: CJ